(ခ)-ရပ်ဆိုင်းထားသော တပ်ကြီးရေအားလျှပ်စစ်စက်ရုံကိုပြုပြင်ထုတ်လုပ်နိုင်မည့် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၃.၁၀.၂၀၁၂)

ရပ်စောက်မြို့နှင့် ဗထူးတပ်မြို့တို့သည် ၁၉၈၇ ခုနှစ်မှစ၍ ဇော်ဂျီမြစ်ချောင်းပေါ်တွင်တည်ဆောက်ခဲ့သော တပ်ကြီးရေအားလျှပ်စစ်စက်ရုံမှစတင်၍ ၁.၂ မဂ္ဂါဝပ် ရယူသုံးစွဲခဲ့ပါတယ်။ ရပ်စောက်မြို့နှင့် ဗထူးတပ်မြို့ရှိ လျှပ်စစ်မီးသုံးစွဲသူများတိုးတက် များပြားလာခြင်း ကြောင့် ၁၉၉၄ ခုနှစ်တွင် ရပ်စောက်မြို့သို့ ဓာတ်အားပေးထားသော တပ်ကြီးစက်ရုံ ဓာတ်အားအပြင် ဇော်ဂျီ(၁)ရေအားလျှပ်စစ်စက်ရုံမှ ၁၁ ကေဗွီလိုင်း ၁၂ မိုင် ထပ်မံသွယ်တန်း၍ ဓာတ်အားထပ်မံ ဖြည်‌့တင်းပြီး ပိုမိုဖြန့်ဖြူးပေးခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှစတင်၍ ဓာတ်အားပေးခဲ့သော တပ်ကြီးရေအား လျှပ်စစ်စက်ရုံသည် စက်တပ်ဆင်သုံးစွဲသည်‌့နှစ်များ ကြာမြင့်လာသည်နှင့်အမျှ စက်၏အစိတ်အပိုင်း များ ပျက်စီးလာပြီး စက်အပိုပစ္စည်းများအခက်အခဲကြောင့် ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် ဓာတ်အား ထုတ်လုပ်နိုင်ခြင်းမရှိတော့ဘဲ ရပ်ဆိုင်းခဲ့ရပြီး တီကျစ်စက်ရုံမှ ၁၁ ကေဗွီလိုင်းတစ်ခုတည်းဖြင့်သာ ရပ်စောက်မြို့နှင့် ဗထူးတပ်မြို့သို့ ဓာတ်အားပေးနိုင်ခဲ့ပါတယ်။ အကယ်၍ တပ်ကြီးရေအားလျှပ်စစ် စက်ရုံကို သက်ဆိုင်ရာဝန်ကြီးဌာနမှပြုပြင်၍ လျှပ်စစ်ဓာတ်အားပြန်လည်ထုတ်လုပ် နိုင်မည်ဆိုပါက နီးစပ်ရာကျေးရွာအုပ်စုရှိ ကျေးရွာများမီးလင်းရေးနှင့် အခြားလိုအပ်သည့် ပြည်သူ့အကျိုးပြုလုပ်ငန်း များကို အကျိုးရှိစွာအသုံးချနိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ တပ်ကြီးရေအားလျှပ်စစ် စက်ရုံနှင့် ပတ်သက်၍ ကျွန်တော်မေးမြန်းလိုသည်မှာ (၁) ရပ်ဆိုင်းထားသော တပ်ကြီးရေအားလျှပ်စစ်စက်ရုံကို နိုင်ငံတော်အစိုးရ သက်ဆိုင်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြုပြင်ထုတ်လုပ်နိုင်မည့် အစီအစဉ်ရှိ၊ မရှိ။ (၂) ပုဂ္ဂလိကလုပ်ငန်းရှင်များကိုဖိတ်ခေါ်၍ ငှားရမ်းရောင်းချဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိ၊ မရှိနှင့် ဝန်ကြီးဌာနမှ မည်သို့ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

တပ်ကြီးရေအားလျှပ်စစ်စက်ရုံသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၏ မြောက်ဘက် ၇ မိုင်ခန့်အကွာမှာတည်ရှိပါတယ်။ စက်ရုံကို ၁-၇-၁၉၈၇ ရက်နေ့မှစတင်၍ ဖင်လန်နိုင်ငံလုပ် ၁၂၀၀ ကီလိုဝပ် စက် ၂ လုံးဖြင့်လည်ပတ်ပြီး ၁၁ ကေဗွီဓာတ်အားလိုင်းဖြင့် ရပ်စောက်မြို့ကို ဓာတ်အား ဖြန့်ဖြူးပေးပါတယ်။ ၉-၁၀-၂၀၀၆ ရက်နေ့မှာတော့ တပ်ကြီးဓာတ်အားပေးစက်ရုံဟာ ရေမြုပ်သွားတဲ့ အတွက် စက်အမှတ် (၁)နှင့် (၂) စက်နှစ်လုံးစလုံးမှာ ချို့ယွင်းသွားခဲ့ပါတယ်။ ကောင်းမွန်တဲ့ပစ္စည်းများ ကိုစုစည်း၍ စက်အမှတ်(၁) ကိုရပ်တန့်ပြီး စက်အမှတ် (၂) ကို ၁၀-၁-၂၀၀၇ ရက်နေ့မှစပြီး ပြုပြင် ဓာတ်အားပေးခဲ့ပါတယ်။ သို့သော် စက်အမှတ် (၂) မှာ စက်မောင်းနေစဉ် ကာလအတွင်း မကြာခဏ ချို့ယွင်းမှုများဖြစ်ပေါ်လေ့ရှိပြီး ၁၇-၆-၂၀၁၀ ရက်နေ့မှစ၍ အမှတ်(၂) စက်၏ Generator Main Shaft ပွန်းစားသွားခြင်း၊ Rubber Bearing များချို့ယွင်းသွားခြင်း၊ Stator Coil လောင်ကျွမ်း သွားခြင်း၊  Governor နှင့် Runner များချို့ယွင်းသွားခြင်း၊ Turbine Shaft များနိမ့်ကျသွားခြင်း တို့ကြောင့် စက်ကိုရပ်တန့်ထားခဲ့ပြီး စက်များကိုပြန်လည်ပြုပြင်မည်ဆိုပါက စက်တစ်ခုလုံးကို အကြီးစားပြုပြင်ရမည်ဖြစ်ပြီးတော့ ကုန်ကျစရိတ်များလည်းများပြား၍ ရရှိမည့် အကျိုးအမြတ်နည်းပါး မှာ ဖြစ်ပါတယ်။ ယခုအခါမှာ ရပ်စောက်မြို့တွင် ဓာတ်အားစနစ်မှ ဓာတ်အား လုံလောက်စွာရရှိ ဖြန့်ဖြူးပေးနေပြီဖြစ်၍ ရပ်ဆိုင်းထားသော တပ်ကြီးရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံကို လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြုပြင်ထုတ်လုပ်နိုင်မည့် အစီအစဉ်မရှိပါကြောင်းနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များမှ ငှားရမ်းဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။