(င)-မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဖွဲ့စည်းရာတွင် တိုင်းရင်းဆေးပညာဘွဲ့ရပြီးသော ခေတ်ပညာတတ် ပုဂ္ဂိုလ်များနှင့် ခန့်အပ်တာဝန်ပေးနိုင်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၉.၁၁.၂၀၁၂)

မြန်မာနိုင်ငံမှာ တိုင်းရင်းဆေးကောင်စီကို ယခင်က တိုင်းရင်းဆေးဆရာအဖွဲ့ဆိုပြီး         ၁၉၅၂ ခုနှစ်မှ ၁၉၉၈-၉၉နှစ်အထိ တိုင်းရင်းဆေးဆရာကြီးများ ဦးစီးဆောင်ရွက်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လုပ်ကိုင်ခဲ့လို့ အောင်မြင်ကျော်ကြားခဲ့တယ်လို့ ကျွန်တော်တို့လေ့လာသိရှိရပါတယ်။ သို့သော်လည်းပဲ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ တိုင်းရင်းဆေးဥပဒေကို ပြန်လည်ပြုပြင်လိုက်တဲ့ အတွက် တိုင်းရင်းဆေးကောင်စီကို ၁၁ ယောက်ဖွဲ့စည်းတဲ့နေရာမှာ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌကို အနောက်တိုင်းဆရာဝန်များက ဦးစီးဦးဆောင် ဆောင်ရွက်တယ်လို့လည်း သိရှိရပါတယ်။ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ ဆောင်ရွက်တဲ့နေရာမှာလည်းပဲ ဥက္ကဋ္ဌ၏ ဆန္ဒသဘောဖြင့် ဆောင်ရွက် တယ်လို့လည်းပဲ ကျွန်တော်တို့လေ့လာ သိရှိရပါတယ်။ ဒါကြောင့်မို့လို့ တစ်ချိန်က ကျွန်တော်တို့ တိုင်းရင်းဆေးဆရာများ စစ်စစ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံ တိုင်းရင်းဆေးလောကဟာ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံများကဲ့သို့ ကျော်ကြားခဲ့တယ်ဆိုတာရယ်၊ ရှေးမြန်မာမင်းလက်ထက်မှ ယနေ့တိုင် အောင်မြင်မှုများ ရရှိနေတယ်ဆိုတာ အများသိရှိပြီးဖြစ်ပါတယ်။ ယခုအခါမှာ ကျွန်တော်တို့ အနောက်တိုင်းဆေးပညာများကို ကျွန်တော်တို့ တိုင်းရင်းဆေးဆရာများက လည်း မလွှမ်းမိုးနိုင်ပါဘူး။ တိုင်းရင်းဆရာများကိုလည်းပဲ အနောက်တိုင်း ဆရာဝန်များက လွှမ်းမိုး နိုင်ခြင်းမရှိပါဘူး။ ဆိုလိုရင်းကတော့ မိမိတတ်ကျွမ်းနားလည်သည့် ပညာမိမိကျွမ်းကျင်ရာ လိမ္မာရာ ဆိုသလိုပဲ ကျွန်တော်တို့ မိမိဘာသာရပ်အလိုက်သာ တိုင်းရင်းဆေးဆရာများ ဖွဲ့စည်းရာမှာ အောင်မြင် မယ်လို့ ကျွန်တော်ယူဆပါတယ်။ ထို့အတွက်ကြောင့်လည်း မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဖွဲ့စည်း တဲ့အခါမှာ တိုင်းရင်းဆေးဘွဲ့ရများ၊ သိပ္ပံကျောင်းဆင်းများ၊ တိုင်းရင်းဆေးသိပ္ပံကျောင်းဆင်းဘွဲ့ရများ ကို တိုင်းရင်းဆေးကောင်စီဖွဲ့စည်းရာမှာ အဖွဲ့ဝင်များ၊ ဥက္ကဋ္ဌများအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိဆိုတဲ့ မေးခွန်း မေးမြန်းရခြင်းဖြစ်ပါတယ်။ အကယ်၍ တိုင်းရင်းဆေးပညာဘွဲ့ရများ၊ သိပ္ပံတိုင်းရင်းဆေးပညာဘွဲ့ရများ မခန့်အပ်နိုင်ပါက အဘယ့်ကြောင့်နည်း သိလိုကြောင်း မေးမြန်းပါသည်။ 


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မေးခွန်းကို ကျွန်တော် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ ပြန်လည်ဖြေကြားရမယ်ဆိုရင် ယခင်က တိုင်းရင်းဆေးဆရာများအဖွဲ့ရှိခဲ့တယ်ဆိုတာ မှန်ပါတယ်။ အဖွဲ့ကိုလည်း ဥက္ကဋ္ဌအဖြစ်နဲ့ တိုင်းရင်းဆေး ဆရာများ ဦးဆောင်ခဲ့တာမှန်ပါတယ်။ ဒီအချိန်မှာတော့ တိုင်းရင်းဆေးဆရာများအဖွဲ့ဆိုတာ  ရှိပါတယ်။ တိုင်းရင်းဆေးကောင်စီဆိုတာလည်းရှိပါတယ်။ ဒါမြန်မာနိုင်ငံဆရာဝန်အသင်းနှင့် မြန်မာနိုင်ငံဆေး ကောင်စီရှိသလိုပါပဲ ပညာရပ်ဆိုင်ရာတိုးတက်မှုတွေလုပ်ဖို့ အဖွဲ့မှာ အဓိကတာဝန် ရှိပြီးတော့ တိုင်းရင်းဆေးကောင်စီဆိုတာက Governing Body or Regulatory Body ဖြစ်ပါတယ်။ စည်းကမ်း ထိန်းသိမ်းရေး (တဆ)စသဖြင့် ကိုင်တွယ်ရတဲ့ Body ဖြစ်ပါတယ်။ တိုင်းရင်းဆေးကောင်စီ ဥပဒေကို ၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီဥပဒေ အမှတ် (၂/၂၀၀၀)နှင့် ပြဋ္ဌာန်းခဲ့ပါတယ်။ တိုင်းရင်းဆေးကောင်စီ ဥပဒေအခန်း (၃) ပုဒ်မ ၄ အရ တိုင်းရင်းဆေးကောင်စီဖွဲ့စည်းရာမှာ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌဖြစ်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ပေးအပ်တဲ့ တိုင်းရင်းဆေးဆရာ ၄ ဦးနဲ့ တိုင်းရင်းဆေးဆရာများက မိမိတို့အနက်မှ ရွေးချယ်ထားတဲ့ တင်မြှောက်သူ ၅ ဦးတို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ပေးအပ်တဲ့ အရာရှိက အတွင်းရေးမှူးအဖြစ် ဖွဲ့စည်းရမည်လို့ ပြဋ္ဌာန်းထားတာရှိပါတယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းဆေး ကောင်စီ၊ ဒီ Governing Body or Regulatory Body မှာ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီးတော့ တိုင်းရင်းဆေးဆရာများထဲကပဲ ၄ ယောက်ကိုတော့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန် ပေးမယ်။ ကျန်တဲ့ ၅ ယောက်ကို တိုင်းရင်းဆေးဆရာများအနက်မှ မိမိတို့နှစ်သက်ရာ ရွေးချယ် တင်မြှောက်ပြီးတော့ ဝန်ကြီးဌာနက တာဝန်ပေးတဲ့သူတစ်ယောက်က အတွင်းရေးမှူးအနေနဲ့ ဥပဒေ အရ ဖွဲ့စည်းတာဝန်ပေးထားခြင်းဖြစ်ပါတယ်။ တိုင်းရင်းဆေးကောင်စီ ဥပဒေပြဋ္ဌာန်းရာမှာ ကောင်စီရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေရန်အတွက် ဆေးကောင်စီ ဥက္ကဋ္ဌအဖြစ်နဲ့ လက်ရှိမှာ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အား တာဝန်ပေးအပ်ထားခြင်းဖြစ်ပါ တယ်။ တိုင်းရင်းဆေး ကောင်စီဥက္ကဋ္ဌခန့်အပ်တာဝန်ပေးရာမှာ ပြဋ္ဌာန်းထားတဲ့ လက်ရှိ တိုင်းရင်းဆေး ကောင်စီ ဥပဒေနဲ့အညီသာ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ဖြေကြားပါသည်။