ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ မုံညှင်း၊ ဆီထွက်ပဲပုပ်နှင့် ပဲစင်းငုံ၊ ပဲတီစိမ်း၊ မတ်ပဲစသည့် ပဲမျိုးစုံစိုက်သော တောင်သူများအတွက် စိုက်ပျိုးစရိတ် တစ်ဧက ၇၀၀၀၀ အထိ တိုးမြှင့်၍ ချေးပေးနိုင်ခြင်း ရှိ။မရှိနှင့် ဆီထွက်သီးနှံနဲ့ ပဲမျိုးစုံစိုက်သော တောင်သူများ၏ အခက်အခဲကို ညှာတာထောက်ထား သောအားဖြင့် ယမန်နှစ်က ချေးထားသော စိုက်ပျိုးစရိတ်ငွေမကျေခဲ့သော တောင်သူများအား နှောင်နှစ်သီးနှံပေါ် ချိန်မှ ချေးငွေပေးဆပ်ခြင်းကို လက်ခံနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မိုးစပါး သီးနှံတစ်ဧက ကျပ် ၅၀၀၀၀ နှုန်း၊ နွေစပါးသီးနှံ တစ်ဧက ကျပ် ၈၀၀၀၀ နှုန်းနှင့် ယာသီးနှံ တစ်ဧက ကျပ် ၁၀၀၀၀ နှုန်းဖြင့် စုစုပေါင်းချေးငွေ ကျပ် ၅၅၇.၈၅ ဘီလီယံ ထုတ်ချေးပေးခဲ့ပြီး ဖြစ်ပါတယ်။ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစပြီး မိုးစပါးနှင့် နွေစပါးသီးနှံတစ်ဧကလျှင် ကျပ် ၁၀၀၀၀၀ နှုန်းနှင့် ယာသီးနှံတစ်ဧကလျှင် ကျပ် ၂၀၀၀၀ နှုန်းသို့ တိုးမြှင့်ထုတ်ချေးပေးရန် ဆောင်ရွက်ပြီးဖြစ်ပါတယ်။ စုစုပေါင်းချေးငွေ ကျပ် ၁၄၆၁ ဘီလီယံ ထုတ်ချေးရမည်ဖြစ်ရာ ယမန်နှစ်ကထက် စုစုပေါင်းချေးငွေရန်ပုံငွေ ၃ ဆခန့် တိုးတက်လာမည်ဖြစ်ရာ ဘဏ္ဍာငွေကန့်သတ်ချက်များ ရှိလာပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမား များသို့ ထုတ်ချေးငွေများဟာ မြန်မာ့စီးပွားရေး ဘဏ်ရှိ အများပြည်သူများ စုဆောင်းငွေမှ ထုတ်ချေး ပေးနေခြင်း ဖြစ်ပါတယ်။ ယခုနှစ် ယာသီးနှံကို ယခင် ကျပ် ၁၀၀၀၀ မှ ယခု ကျပ် ၂၀၀၀၀ နှုန်းသို့ တိုးမြှင့်ထားပြီးဖြစ်၍ တစ်ဧကလျှင် ကျပ် ၇၀၀၀၀ နှုန်းသို့ တိုးမြှင့်ထုတ်ချေးပေးနိုင်ခြင်း လောလော ဆယ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုး၊ ဆောင်း၊ မိုးကြိုရာသီအလိုက် ထုတ်ချေးငွေများမှာ နှစ်ချင်းဆပ်နှစ်တို ချေးငွေများ ဖြစ်ပါတယ်။ ဒေသအလိုက် စိုက်ပျိုးချိန်မတူညီမှု၊ သီးနှံပေါ်ချိန်များ လည်း မတူညီမှုများရှိပါတယ်။ တောင်သူများရဲ့ ပေးဆပ်နိုင်မှုအရ ပြန်လည်ပေးဆပ်ရန်ကာလကို အနည်းဆုံး ၇ လမှ ၁၀ လ၊ တစ်နှစ်အထိ စောင့်ဆိုင်းကောက်ခံပေးလျက်ရှိပါတယ်။ ငွေကြေးလည်ပတ် မှု ရှိစေရေးအတွက် ကြွေးသစ်ထုတ်ချေးရန်မှာ ကြွေးဟောင်းများ ပြေကျေရန်အထူးလိုအပ်ပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် နည်းဥပဒေ အခန်း(၆) ပုဒ်မ ၂၉ အရ ဘဏ်ကထုတ်ပေးခဲ့သော မည်သည့်ချေးငွေကိုမဆို ချေးယူသူက အချိန်မှန်မှန်ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျှင် ဘဏ်သည် ယင်းပျက်ကွက်သူအား ချေးငွေသစ်များ ထုတ်ပေးခြင်းကို ရပ်ဆိုင်းထားရမည်ဟု ပြဋ္ဌာန်းထား ရှိပါတယ်။ သို့ပါ၍ ယခင်နှစ်များက စိုက်ပျိုး စရိတ်မကျေခဲ့သော တောင်သူများအတွက် နောင်နှစ်ပေါ် လာမယ့် သီးနှံရာသီရောက်မှ ချေးငွေပေးဆပ်ခြင်းကို လက်ခံ၍မရနိုင်ပါကြောင်း ဖြေကြားပါသည်။
