(င)-သဲကုန်းမြို့တွင် ရေထိန်းဆည် တစ်ခု တည်ေဆောက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂.၇.၂၀၁၃)

သဲကုန်းမြို့နယ်အတွင်းမှာရှိတဲ့ တောင်သူလယ်သမားများအတွက် ယခုနှစ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကနေပြီးတော့ ကြိုးကြိုးစားစားဖြည့်ဆည်းပေးတဲ့အတွက် တောင်သူလယ် သမားများအားလုံးကလည်းပဲ ဝမ်းမြောက်ဝမ်းသာ ရှိလျက်ဖြစ်ပါတယ်။ ယခု ကျွန်တော် တင်ပြမယ့် ဆည်ကလည်းပဲ ကျွန်တော်တို့ သဲကုန်းမြို့နယ်အတွင်းမှာရှိတဲ့ တောင်နဝင်း၊ မြောက်နဝင်း ရေမသောက်ရတဲ့ သဘာဝမိုးရေကိုသာ မှီခိုနေရတဲ့ မိုးကောင်းရေသောက် လယ်ယာမြေများ အတွက်ဖြစ်ပါတယ်။ ဒီကျွန်တော်တင်ပြတဲ့ ဆည်ဟာ ဝန်လူးချောင်းပေါ်မှာတည်ရှိပြီးတော့ ပါလီမန်ဒီမို ကရေစီခေတ်မှာ တည်ဆောက်ပြီးတော့ တစ်ကြိမ် ပျက်စီးသွားပါတယ်။ အဲ့ဒီနောက်မှာ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ ခေတ်မှာလည်း နောက်ထပ် ရေထိန်းဆည်အသစ်တစ်ခု ထပ်ပြီးတည်ဆောက် ပေးပါတယ်။ ၎င်းဆည်ကလည်းပဲ ပျက်စီးသွားပါတယ်။ ဒါ့ကြောင့်မို့လို့ ၎င်းဒေသမှာရှိတဲ့ တောင်သူ လယ်သမားများက ဆည်သစ်တစ်ခု ထပ်မံတည်ဆောက်ပေးဖို့ တင်ပြလာခြင်းဖြစ်ပါတယ်။ ဒီဆည်ကို တည်ဆောက်ပေးမယ်ဆိုလို့ရှိရင် ရွှေပဲတောကျေးရွာမှာရှိတဲ့ လယ်မြေ ဧက ၂၀၊ ရေစုပ်ပင်ကျေးရွာ မှာရှိတဲ့ လယ်မြေ ၂၅ ဧကနှင့် အိုင်းကုန်းကျေးရွာမှာရှိတဲ့ လယ်ဧက ၅၀ အပါအဝင် ကွင်းကြီး ကျေးရွာမှာရှိတဲ့ လယ်ဧက ၃၀၀ စုစုပေါင်း စိုက်ပျိုးမြေဧက ၅၀၀ ကျော်ဟာ မိုးကောင်းရေသောက် ရေသွင်းစိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ ဒီဆည်ကို ကျွန်တော့်အနေနဲ့ ကွင်းဆင်းကြည့်ရှုတဲ့အခါမှာလည်း တောင်သူလယ်သမားများအတွက် အမှန်တကယ်အကျိုးပြုနိုင်တဲ့ ဆည်တစ်ခုဖြစ်ကြောင်းတွေ့ရှိရပါ တယ်။ ဒါ့ကြောင့်မို့လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဝန်လူးချောင်းဆည်ကို တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဗြဟ္မာအင်းကျေးရွာ အုပ်စု၊ ရွှေပန်းတောကျေးရွာအနီး ဝန်လူးချောင်းပေါ်တွင် တည်ဆောက်ထားပြီး ကျေးရွာမှထိန်းသိမ်း ထားသော ရေလွှဲဆည်ဖြစ်ပါတယ်။ ဝန်လူးချောင်းသည် တောင်ကျချောင်းဖြစ်သည့်အပြင် သဲဖြူ ချောင်း၊ ကတွတ်ချောင်းနှင့် စမ်းချောင်းတို့ ပေါင်းဆုံစီးဆင်းနေတဲ့ ချောင်းဖြစ်သည်‌့အတွက် မိုးရာသီချောင်းရေကျချိန်မှာ ရေစီးကြမ်းသဖြင့် တည်ဆောက်ထားသည့် ရေလွှဲဆည်ပျက်စီးခဲ့ရခြင်း ဖြစ်ပါတယ်။ ရေထိန်းဆည်တည်ဆောက်မည့်နေရာဟာ အောက်ခံမြေသားသဲမြေဖြစ်ခြင်းကြောင့် ဆည်ခိုင်ခန့်မှုအားနည်းခြင်း၊ ဝန်လူးချောင်းသည် မိုးရာသီတွင်သာ ရေဝင်အားကောင်းပြီး ရေစီးသန် သော်လည်း နွေရာသီတွင် ရေထိန်းထားနိုင်မှုမရှိခြင်းနှင့် ဆည်တည်ဆောက်ပါက ကုန်ကျစရိတ်နှင့် ရရှိလာမည့်အကျိုးအမြတ် အချိုးတွက်ခြေကိုက်မှုမရှိခြင်းစသည့် အချက်များကြောင့် ရေထိန်းဆည် တည်ဆောက်ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် ဗြဟ္မာအင်းကျေးရွာအုပ်စု၊ ရွှေပန်းတောကျေးရွာရှိ လယ်မြေများအားစိုက်ပျိုးရေ ရရှိနိုင်ရန် ဝန်လူးချောင်းပေါ်မှာ ကျည်ရွာတမံနှင့် ရေကြီးနစ်မြုပ်မှု ကာကွယ်နိုင်ရန် ဝန်လူးချောင်း သဲနုန်းတူးဖော်ခြင်းတို့ကို တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်နဲ့ ဆည်မြောင်းဦးစီးဌာနမှ နည်းပညာရယူကာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း ဖြေကြားပါသည်။