(ဇ)-အောင်လံမြို့ရှောင်ကွင်းလမ်း ဖောက်လုပ်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၃) ရက်မြောက်နေ့ (၆-၁၀-၂၀၁၁)

မကွေးတိုင်း ဒေသကြီး၊ အောင်လံမြို့သည် အလျားအားဖြင့် ၄ မိုင်ခွဲခန့် ရှည်လျားပြီး လူဦးရေထူထပ်သည့်မြို့ တစ်မြို့ဖြစ်ပါတယ်။ မြို့တွင်းမှာဖြတ်သန်းဖောက်လုပ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင်  

စက်ဘီး၊ ဆိုက်ကား၊ ဆိုင်ကယ်၊ ထော်လာဂျီစသည့် အနှေးယာဉ်များဖြင့်လည်းကောင်း၊ မြို့တွင်းသွား ယာဉ်ကြီးယာဉ်ငယ်များဖြင့်လည်းကောင်း၊ အဝေးပြေးကုန်တင်ယာဉ်ကြီးများဖြင့် အဝေးပြေးခရီးသည် တင်ယာဉ်ကြီးများဖြင့်လည်းကောင်းများစွာရှုပ်ထွေးပြီး မကြာခဏယာဉ်အန္တရာယ်ကြီးငယ်များဖြစ်ပေါ် လျက်ရှိကြပါတယ်။ ယခုအခါ အောင်လံမြို့၏တောင်ဘက်ရှိ ပြည်မြို့တွင်လည်းကောင်း၊ မြောက်ဘက်ရှိ မကွေးမြို့တို့တွင်လည်းကောင်း မြို့ရှောင်ကွင်းလမ်းများ ဖောက်လုပ်ပေးထားသည့်အတွက် အဝေးပြေး ကုန်တင်ယာဉ်ကြီးများအပါအဝင် အဝေးပြေးခရီးသွားယာဉ်မျိုးစုံတို့သည် မြို့ရှောင်ကွင်းလမ်းမှ မောင်းနှင်ကြရသည့်အတွက် မြို့တွင်းမှာလမ်းရှင်းလာခြင်း၊ ယာဉ်အန္တရာယ်နည်းပါးလာခြင်း၊ မြို့တွင်း လမ်းများပျက်စီးမှု သက်သာလာခြင်း၊ မြို့အင်္ဂါရပ်နှင့်ပိုမို ညီညွတ်လာကြောင်း တွေ့ရှိရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား ။        ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းကတော့ အောင်လံမြို့သည်လည်း မြို့ပြ ကျယ်ပြန့်ပြီး မြို့နယ်လူဦးရေထူထပ်သည့် မြို့ဖြစ်သည့်အတွက် မြို့ရှောင်ကွင်းလမ်းဖောက်လုပ် ပေးရန်အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်‌မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မကွေးတိုင်းဒေသကြီး အတွင်းမှာ ရှိတဲ့ အောင်လံ မြို့နယ်ကို အဓိကဖြတ်သန်းသွားတဲ့ ပြည်ထောင်စုလမ်းမကြီးဟာ ရန်ကုန်-ပြည်-မကွေး လမ်းမကြီး ဖြစ်ပါတယ်။ ရန်ကုန်-ပြည်-မကွေးလမ်းတွင် အောင်လံမြို့နယ်အပိုင်းမှာမိုင်တိုင် ၁၉၃မိုင် ၇ဖာလုံ ကနေ ၂၃၁မိုင် ၇ဖာလုံထိ ၃၈ မိုင်ပါဝင်မှာဖြစ်ပါတယ်။ အဆိုပါ လမ်းမကြီးကို မက်စ်မြန်မာ      ဆောက်လုပ်ရေးကုမ္ပဏီလီမီတက်က  ၂၈-၆-၂၀၁၁ မှာ စပြီးတော့ အဆင့်မြှင့်တင်ဆောင် ရွက်နေတာ ဖြစ်ပါတယ်။ BOT စနစ်ကိုရယူပြီး လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားသော ကုမ္ပဏီဖြစ်ပါတယ်။     မိုင်တိုင် ၂၂၀ ကနေပြီးတော့ မိုင်တိုင်၂၂၆ မိုင်အထိ ၆ မိုင်ဟာ အောင်လံမြို့တွင်းလမ်းဖြစ်ပါတယ်။  ၃၁-၅-၂၀၁၁ နေ့လမ်းအခြေအနေတင်ပြရရင်တော့ ၁၆ ပေအကျယ် ကတ္တရာလမ်း ၃ မိုင် ရှိပါတယ်။ ၃၂ ပေအကျယ်ကတ္တရာ လမ်း ၃ မိုင်ရှိပါတယ်။ ရန်ကုန်-ပြည်-မကွေးလမ်းရဲ့ အောင်လံမြို့ အတွင်းလမ်းအပိုင်းဖြစ်တဲ့ ၂၂၁ မိုင် ၄ ဖာလုံကနေပြီးတော့ ၂၂၄ မိုင် ၄ဖာလုံထိ ၃ မိုင် အရှည်ရှိတဲ့  ၃၂ ပေအကျယ်လမ်းအပိုင်းကို လမ်းအလယ်ဗဟိုမှာ မီးတိုင်များနဲ့ပိုင်းခြားထားပါတယ်။ BOT စနစ်နဲ့ ဆောင်ရွက်လျက်ရှိတဲ့ မက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီဟာလည်း ၂၀၁၁-၂၀၁၂ဘဏ္ဍာရေးနှစ် ပွင့်လင်းရာသီမှစပြီးတော့ အောင်လံမြို့တွင်းလမ်းပိုင်းဖြစ်တဲ့ ၁၆ ပေကျယ်ကတ္တရာလမ်း ၃ မိုင်ကို ယန္တရားကြီးများ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် ၃၂ ပေ အကျယ်ကတ္တရားလမ်းအဆင့်ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လမ်းတိုးချဲ့ခြင်းဆောင်ရွက်ရာတွင်လည်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံတင်ပြပြီးတော့ စက်ဘီးလမ်း၊ ဆိုင်ကယ်လမ်းများ သီးခြားလမ်း နယ်များခွဲခြားပြီးဆောင်ရွက်မှာ ဖြစ်ပါတယ်။ တစ်နေ့လျှင် ပျမ်းမျှဖြတ်သန်းသွားတဲ့ယာဉ်စီးရေတိုးတက်လာတာနဲ့အမျှ ယာဉ်စီးရေနဲ့ လိုက်လျောညီထွေဖြစ်သော အောင်လံမြို့၊ မြို့ရှောင်လမ်းကိုလည်း ဖောက်လုပ်နိုင်ရေးအတွက် တိုင်းတာဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ပြည်-အောင်လံ-မကွေးလမ်းအား စနစ်တကျစံချိန်စံညွှန်းနဲ့အညီ တည်ဆောက်သွား မှာဖြစ်ပြီး အောင်လံမြို့အတွက် မြို့ရှောင်လမ်းဖောက်လုပ်ပေးရန် အစီအစဉ်လောလောဆယ် မရှိသေးပါကြောင်း ဖြေကြားပါသည်။