ကျွန်တော်မေးမြန်းလိုတာကတော့ နှစ်စဉ်စိုက်စရိတ်ချေးရာမှာ စိုက်ဘဏ်က ငွေကျပ်တစ်သိန်းလျှင် ၆၀၀၀ ဖြတ်ယူကောက်ခံပြီး တောင်သူလယ်သမားများရဲ့ စုဆောင်းငွေ အဖြစ်ထားရှိကြောင်း ကိုလည်းသိရှိခဲ့ရပါတယ်။ လယ် ၁၀ ဧကအထက်လုပ်ကိုင်သူများကိုလည်း ၁၀ ဧကအတွက်သာ ချေးငှားကြောင်း သိရှိရပါတယ်။ လယ် ၁၀ ဧကအထက်လုပ်ကိုင်နေသော တောင်သူလယ်သမားများကို စိုက်ဧကပြည့်ငွေချေးငှားပေးရန် အစီအစဉ်ရှိပါသလား။ လယ်သမားတို့ ၏ အမတော်ကြေးမှ စုဆောင်းငွေများမှာ ဆယ်စုနှစ်၊ နှစ်ခုစာမျှရှိနေပြီဖြစ်ရာစုငွေများကို ပုံမှန် စိုက်စရိတ်အဖြစ်ချေးငှားရာတွင် အသုံးမပြုဘဲ သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးသွားသည့် သီးနှံစိုက်ခင်းများ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် အရေးပေါ်ရန်ပုံငွေအဖြစ် သီးသန့်ထားရှိရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
ပထမ မေးခွန်းဖြစ်တဲ့ လယ် ၁၀ ဧက အထက်လုပ်ကိုင်သူများကို စိုက်ဧကပြည့်ငွေချေးငှားရန် အစီအစဉ် ရှိပါသလားဆိုတဲ့ မေးခွန်းနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် ယခင်နှစ်က စပါးသီးနှံ တစ်ဧကကို ကျပ် ၂၀၀၀၀ နှုန်းဖြင့် ထုတ်ချေးခဲ့ရာမှ ယခုနှစ် ၂၀၁၁ ခုနှစ်၊ မိုးစပါးရာသီမှစတင်ပြီး စပါးသီးနှံတစ်ဧကကို ကျပ် ၄၀၀၀၀ နှုန်းအထိနှစ်ဆနှုန်း တိုးမြှင့်ထုတ်ချေးလျက်ရှိပါတယ်။ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးစရိတ်ငွေ အရင်းအနှီးမတည်ရန် အခက်အခဲရှိနိုင်သော လုပ်ကွက်ငယ် ၁၀ ဧကအောက် တောင်သူလယ်သမားများအား ဦးစားပေးပြီး စိုက်စရိတ်ငွေအဖြစ် ထုတ်ချေးပေးခြင်း ဖြစ်ပါတယ်။ ငွေကြေးတတ်နိုင်တဲ့ ၁၀ ဧက အထက် လယ်သူကြွယ်များကိုမူ နိုင်ငံတော်အနေဖြင့် စိုက်စရိတ်ငွေထုတ်ချေးပေးရန် အစီအစဉ်မရှိပါကြောင်း ြဖေကြားအပ်ပါတယ်။ ဒုတိယမေးခွန်း ဖြစ်သော လယ်သမားတို့၏ အမတော်ကြေးမှ စုဆောင်းငွေများမှာ ဆယ်စုနှစ် နှစ်စုစာမျှ ရှိနေပြီဖြစ်ရာ အဆိုပါစုဆောင်းငွေများကို သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော သီးနှံစိုက်ခင်းများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် အရေးပေါ်ရန်ပုံငွေအဖြစ် သီးသန့်ထားရှိရန် အစီအစဉ်ရှိပါ သလားဆိုတဲ့မေးခွန်းနှင့် ပတ်သက်၍ ြဖေကြားပါမယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို နိုင်ငံတော်စိုက်ပျိုးရေးဘဏ်အဖြစ် ၁၉၅၃ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ ဖွဲ့စည်းတည်ထောင် ခဲ့ခြင်း ဖြစ်ပါတယ်။ လုပ်ငန်းစတင်သည့် ၁၉၅၃-၅၄ ခုနှစ်စ၍ တောင်သူ ၄၅၀၄ ဦးကို စပါးသီးနှံတစ်ဧက နှစ်ဆယ်ကျပ်ဖြင့် ချေးငွေစုစုပေါင်း ၁.၃ သန်း ထုတ်ချေးခဲ့ပါတယ်။ ထိုစဉ်က ခရိုင်ဘဏ်(၆)ခုသာ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျေးရွာအုပ်စုဘဏ်ကော်မတီ ၅ ဦးဖြင့်ဖွဲ့စည်း၍ ချေးငွေများကို ကျေးရွာ ဘဏ်များမှတစ်ဆင့် ထုတ်ချေးပေးခဲ့ရာ ကျေးရွာဘဏ်ပေါင်း ၇၈ ဘဏ်ဖြစ်ပါတယ်။ ချေးငွေ အတိုးနှုန်းကို တစ်နှစ်လျှင် ၁၂ ရာခိုင်နှုန်းသတ်မှတ်ပြီး ဘဏ်မှ ၆ ရာခိုင်နှုန်းနှင့် ကျေးရွာ ဘဏ်အမြတ်သို့ ၆ ရာခိုင်နှုန်း ထည့်ဝင်စေခဲ့ပါတယ်။ တောင်သူများမှချေးငွေအပေါ် ချွေတာစုဆောင်း ငွေဖြင့် ၁ ရာခိုင်နှုန်းစုခဲ့ရပါတယ်။ ၎င်းကျေးရွာဘဏ် အမြတ်ငွေထဲမှာ ကျေးရွာဘဏ်ကော်မတီများ၏ ခရီးစရိတ်၊ စီမံခန့်ခွဲမှုစရိတ်နှင့် ဘဏ်ကသတ်မှတ်ထားသော လုပ်အားခချီးမြှင့်ငွေများအတွက် သုံးစွဲခြင်း ဖြစ်ပါတယ်။ တောင်သူများ၏ ချွေတာစုဆောင်းငွေများအပေါ် ဘဏ်မှအတိုးပေးခြင်းမရှိဘဲ ထိန်းသိမ်းစုဆောင်းပေးခြင်းသာ ဆောင်ရွက်ခဲ့ပါတယ်။ ဘဏ်မှအိမ်တိုင်ရာရောက် ထုတ်ချေးခြင်းဖြစ် ပါတယ်။ ၁-၁၀-၁၉၉၃ နေ့မှစ၍ ကျေးလက်ငွေ စုဆောင်းခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ ၎င်းအချိန်အတွင်း တောင်သူ ၅၁၇၉၀၄ ဦး၊ ၁ ရာခိုင်နှုန်း ချွေတာစုဆောင်းငွေ ကျပ် ၇၆.၉၃ သန်းကို တောင်သူတစ်ဦးချင်းအား ငွေစုစာရင်းများဖွင့်လှစ်ပြီး ကနဦး စုဆောင်းငွေအဖြစ် စာရင်းပြောင်းနည်း ဖြင့် စတင်စာရင်းဖွင့်စုဆောင်းစေခဲ့ပါတယ်။ ဘဏ်တွင် ချွေတာစုဆောင်းငွေ သီးခြားမရှိတော့ဘဲ ယခု တောင်သူလယ်သမားတစ်ဦးချင်း ကနဦးစုဆောင်းငွေအဖြစ် အပ်ငွေစာရင်းတွင် ပါဝင်သွားပြီဖြစ်ပါ တယ်။ ၂၁-၉-၂၀၁၁ အထိ တစ်ဦးချင်း၏ ငွေစုစာအုပ်များကို တစ်နိုင်ငံလုံးအနေဖြင့် စုစည်းလျက် ကျေးလက်စုဆောင်းအပ်ငွေမှာ စုစုပေါင်းကျပ် ၅၇၆၀၃.၇၇ သန်း ဖြစ်ပါတယ်။ တစ်ဦးချင်းချေးငွေများ ပြန်လည်ပေးဆပ်ရာတွင် ငွေအရင်းနှင့် ကျသင့်သည့်အတိုးကို ပေးဆပ်ရသည့်အပြင် နှစ်စဉ် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တစ်ဦးချင်းစုဆောင်းငွေအဖြစ် ငွေစု စာအုပ်၌ ထည့်သွင်းရပါတယ်။ ၎င်းတစ်ဦးချင်း စုဆောင်းငွေအပေါ် ဘဏ်မှသတ်မှတ်ထားသည့် အတိုးနှုန်းအတိုင်း ပေးရပါတယ်။ ၁၉၉၇-၉၈ ခုနှစ်တွင် ကျေးရွာအုပ်စု ဘဏ်ကော်မတီနှင့် ကျေးရွာဘဏ်များ ရပ်ဆိုင်းခဲ့ပြီး ငွေချေး စနစ်ကို တောင်သူများဘဏ်သို့ ကိုယ်တိုင်လာရောက်ထုတ်ချေးခြင်း၊ ပေးဆပ်ခြင်း ဆောင်ရွက်ခဲ့ပါ တယ်။ ကျေးရွာဘဏ်များရပ်ဆိုင်းစဉ် ကျေးရွာဘဏ်အသီးသီး အမြတ်လက်ကျန် ရန်ပုံငွေတစ်နိုင်ငံလုံး စုစုပေါင်း မှာ ကျပ် ၈၃၅.၈၉ သန်း ကျန်ရှိပါတယ်။ ၎င်းငွေအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံးချုပ်မှ လက်ရှိဘဏ်၏လှည့်ပတ်ငွေထဲသို့ ထည့်သွင်းထားရှိပြီး တောင်သူလယ်သမားများ စိုက်စရိတ်ချေးငွေ လိုအပ်ချက်တွင် ထည့်သွင်းသုံးစွဲနေကြောင်း သိရှိရပါတယ်။ လယ်သမားများ၏ တစ်ဦးချင်းစုဆောင်းငွေနှင့်ပတ်သက်၍ ၁၂-၉-၂၀၁၁ ရက်နေ့အထိ ငွေစုစာရင်းဖွင့်သည့် တောင်သူ လယ်သမားဦးရေ စုစုပေါင်း ၃၂၄၀၀၀ ရှိပြီး စုဆောင်းအပ်နှံငွေပေါင်း ကျပ်သန်းပေါင်း ၆၃၅၈၅.၆၃ ရှိပါတယ်။ တောင်သူတစ်ဦးချင်း ပျှမ်းမျှစုဆောင်းနိုင်မှုမှာ ပျှမ်းမျှ ၂၁၀၂၇ ကျပ် မျှသာရှိပါတယ်။ ၎င်းငွေများသည် တောင်သူတစ်ဦးချင်း၏ ကိုယ်ပိုင်စုဆောင်းငွေများဖြစ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က သတ်မှတ်ထားသည့်အတိုးနှုန်းထားဖြင့် အတိုးငွေများပေးနေရသကဲ့သို့ တောင်သူများ တစ်ဦးချင်း၏ အပ်နှံငွေပြန်လည်ထုတ်ယူလိုကြပါကလည်း ဘဏ်စနစ်အတိုင်း အပြည့်အဝချက်ချင်း ပြန်လည်ထုတ်ပေးရသည့် စုဆောင်းငွေများဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း မိုးနှောင်း၊ မိုးကြို ချေးငွေများအတွက် ငွေကျပ်သန်း ၃၇၇၇၉၁.၆၄ ထုတ်ချေးရန် လျာထား ဆောင်ရွက်လျက်ရှိရာ တောင်သူစုဆောင်းငွေများအပေါ် ပြန်လည်၍အတိုးတွက်ပေးနိုင်ရေး အဆင်ပြေနိုင်စေနိုင်ရန်အတွက် ၎င်းစုဆောင်းငွေများကိုပါ နှစ်ချင်းဆပ်ချေးငွေတွင် ထည့်သွင်း လည်ပတ်ထုတ်ချေးပေးလျက်ရှိပါတယ်။ တောင်သူတစ်ဦးချင်း၏ စုဆောင်းငွေများဖြစ်သည့်အတွက် ဆုံးရှုံးမှုမရှိစေဘဲ အပ်ငွေအပေါ်အတိုးပေးခြင်း ထိန်းသိမ်းရသည့် ဥပဒေငွေကြေးဖြစ်၍ ဘဏ်လုပ်ငန်း၏ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်စွာဖြင့် ပုံမှန်လယ်ယာစိုက်ပျိုးရေးစရိတ်အဖြစ် နှစ်ချင်းဆပ်ငွေများတွင်သာ လှည့်ပတ်သုံးစွဲလျက်ရှိပါတယ်။ သို့ဖြစ်သည့်အတွက် လယ်သမားတို့၏ စုဆောင်းငွေများကို သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးသွားပြီး သီးနှံစိုက်ခင်းများ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက်အရေးပေါ်ရန်ပုံငွေအဖြစ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့်အရေးပေါ် ရန်ပုံငွေ သီးသန့်ထားရှိ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
