ရခိုင်ပြည်နယ်ဟာ ရေလမ်းခရီးကို အဓိကထားပြီး သွားလာရတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်တဲ့ စစ်တွေမှ ရသေ့တောင်၊ ရသေ့တောင်မှ ဘူးသီးတောင်ကို ခရီးသွားလာရာတွင်လည်း ရေကြောင်းခရီးဖြစ်လို့ သင်္ဘောများကို အသုံးပြုသွားလာ ရပါတယ်ရှင်။ ယခင်အစိုးရလက်ထက်မှာ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ခရီးစဉ်အသွားအပြန် ဓညဝတီသင်္ဘော ၃ စီးရှိခဲ့ပါတယ်။ ၎င်းသင်္ဘောခရီးစဉ်များဟာ လူလတ်တန်းစားနဲ့ အောက်ခြေ လူတန်းစား ဆင်းရဲသားပြည်သူတို့ အားထားအသုံးပြုနေသော ခရီးစဉ်သင်္ဘောများဖြစ်ကြပါတယ်။ အောက်ခြေလူတန်းစားများဖြစ်တဲ့ ဆင်းရဲသားပြည်သူများဟာ ယင်းသင်္ဘောများကို အမှီပြုပြီး ခရီးသွားလာခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းများကို ပင်ကိုဆောင်ရွက်လျက်လည်းရှိကြပါတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ပြည်တွင်းရေကြောင်းဌာနမှ ပြေးဆွဲနေသော ခရီးစဉ်ပေါင်း ၅၀ ကျော်ရဲ့လက်မှတ်ခနှုန်းထားများကို သြဂုတ်လ ၁ ရက်မှစတင်၍ နှစ်ဆတိုးလိုက်တယ်လို့လည်း သိရှိရပါတယ်ရှင်။ ပြင်ပမှကုမ္ပဏီများကိုလည်း ဝင်ရောက်လုပ်ကိုင်ခွင့် ပေးလိုက်တာကိုလည်း သိရှိရပါတယ်ရှင်။ ယခင်အစိုးရလက်ထက်မှာ သင်္ဘောခရီးစရိတ်နှုန်းထား များဟာ လူတစ်ဦးလျှင် စစ်တွေ-ဘူးသီးတောင် ၄၀၀ ကျပ်နဲ့ ကုန်ချိန်ပိဿာ ၁၀၀ လျှင် ၁၀၀ ကျပ် ဖြစ်ပါတယ်။ ယခုအခါမှာတော့ ၎င်းအစိုးရပိုင်သင်္ဘောများကို ပြင်ပကုမ္ပဏီတစ်ခုက ငှားရမ်းလိုက်ပြီး ၁၃-၇-၂၀၁၁ ရက်နေ့မှ စတင်ပြေးဆွဲခဲ့ရာမှာ လူတစ်ဦးလျှင် စစ်တွေ-ဘူးသီးတောင် ၃၀၀၀ ကျပ် ဖြစ်သွားခဲ့ပါတယ်။ ယခင်ကဈေးနှုန်းထက် ၇ ဆခွဲ မြင့်တက်သွားတာကို တွေ့ရှိရပါတယ်ရှင်။ ကုန်စည် များကိုလည်း သတ်မှတ်ချက်မရှိဘဲ ကြုံသလိုကောက်ခံနေလျက်ရှိနေပါ၍ ကုန်စည်ဈေးနှုန်းများ မြင့်တက်မှုဒဏ်ကိုလည်း ဆင်းရဲသောပြည်သူများကခံစားကြရပါတယ်။ ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှု နည်းပါးနေသော ဒေသတစ်ခုလည်းဖြစ်ပါတယ်ရှင်။ တိုးမြှင့်လိုက်တဲ့သင်္ဘောခဈေးနှုန်းမှာ အောက်ြခေ လူတန်းစား၊ ဆင်းရဲသားပြည်သူများအတွက် ယင်းပမာဏမှာ ကြီးမားလွန်းလှပါတယ်။ သို့ဖြစ်ပါ၍ ကျွန်မ၏မဲဆန္ဒရှင် ပြည်သူလူထုများသက်သာချောင်ချိစေရေး အတွက် ပြင်ပကုမ္ပဏီများမှ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်ခရီးစဉ်တွင် ယခင်ဈေးနှုန်းထက် ခုနစ်ဆခွဲအထိ တိုးမြှင့်ကောက်ခံနေ သည်ကို နိုင်ငံတော်မှစေတနာမေတ္တာထားပြီး အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ရေးနှင့် ကုန်စည်ဝန်ဆောင်ခများ၊ လူစီးသင်္ဘောခများ၊ အိပ်ခန်းခများကို ခရီးစဉ်အလိုက် တရားဝင်လျှော့ပေါ့ သတ်မှတ်ပေးနိုင်ရေးကို ပြည်သူများမှဆန္ဒရှိနေကြပါ၍ ပြည်သူများကိုယ်စား ဤမေးခွန်းကို မေးမြန်း ရခြင်းဖြစ်ပါတယ်ရှင့်။ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်သွား အစိုးရနှစ်ထပ်သင်္ဘောပြေးဆွဲခွင့်ကို ပုဂ္ဂလိကလက်သို့ လွှဲပြောင်းပေးပြီးနောက်ပိုင်း လူစီးခနှုန်းနဲ့ကုန်စည် ပို့ဆောင်ခနှုန်းထားများမှာ ယခင်ကထက်ပိုမိုပြီး အောက်ပါအတိုင်း ကောက်ခံနေသည်ကိုသိပါသလား။ လူတစ်ဦးလျှင် စစ်တွေမှ ရသေ့တောင်ကို ယခင် ၂၀၀ ကျပ် ယခု ၁၅၀၀ ကျပ်ဖြစ်ပါတယ်။ ရသေ့တောင်မှ ဘူးသီးတောင်ကို ယခင် ၂၀၀ ကျပ် ယခု ၁၅၀၀ ကျပ်ဖြစ်ပါတယ်ရှင်။ စစ်တွေမှဘူးသီးတောင်ကို ယခင် ၄၀၀ ကျပ် ယခု ၃၀၀၀ ကျပ်ဖြစ်ပါတယ်ရှင်။ ကျန်ကုန်ပစ္စည်း ပိဿာ ၁၀၀ ကို ယခင် ၁၀၀ ကျပ်၊ ယခုကြုံသလို ကောက်ခံနေပါတယ်ရှင်။ စစ်တွေမှဘူးသီးတောင်ကို အိပ်ခန်းတစ်ခန်းမှာ အိပ်ကုတင်တစ်လုံးပါတာ အရင်တုန်းက ၃၂၀၀ ကျပ်၊ အခုတော့ ၁၂၀၀၀ ကျပ်ဖြစ်နေပါတယ်ရှင်။ သိရှိပါတယ်ဆိုလို့ရှိရင် ယင်းနှုန်းထားများဟာ အစိုးရနဲ့ပုဂ္ဂလိကချုပ်ဆိုထားသော စာချုပ်ပါနှုန်းထား ဟုတ်မဟုတ်ကို ဖြေကြား နိုင်ပါမည်လားရှင်။ မဟုတ်ပါလျှင် ဤခရီးစဉ်အပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးအတွက် ပြည်သူများ သက်သာချောင်ချိစွာ သုံးစွဲနိုင်မည့်နှုန်းထားများကို ခရီးစဉ်အလိုက် သတ်မှတ်ပေးနိုင်မည်ကို မေးမြန်းပါသည်။
အဓိကကတော့ရခိုင် ပြည်နယ်မှာ ယခင်ကကျွန်တော်တို့ဝန်ကြီးဌာနကနေ ပြည်တွင်းပို့ဆောင်ရေးက ဆောင်ရွက်တဲ့ လုပ်ငန်းတော်တော်များများကို ဈေးကွက်စီးပွားရေးစနစ်အရ ပုဂ္ဂလိကလုပ်ငန်းရှင် များကို ကျွန်တော်တို့ လွှဲပြောင်းပေးလိုက်ပါတယ်။ လွှဲပြောင်းမှုနဲ့ပတ်သက်ပြီး လက်တွေ့မှာကျတော့ စောစောပိုင်းကသူတို့နဲ့ချုပ်တဲ့ စာချုပ်ထဲမှာ ဈေးနှုန်းတွေမပါပါဘူး။ လက်တွေ့ကျတဲ့အခါကျတော့ အောက်ခြေမှာ ခုနက ဒေါ်ခင်စောဝေ မေးတဲ့မေးခွန်းအရဆိုရင် ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့လည်း ကျွန်တော်တို့ ထင်တာကတော့ ထိုက်သင့်တဲ့ အမြတ်အစွန်း ပဲယူမယ်။ တိုင်းသူပြည်သားများရဲ့ အကျိုးစီးပွားလည်းသယ်ပိုးမယ်။ ဒီလိုရည်ရွယ်ပြီး လုပ်ကိုင်တာ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ ပုဂ္ဂလိကလုပ်ငန်းရှင်အများစုဟာ ဒါမြန်မာတစ်ပြည်လုံး အတိုင်းအတာနဲ့ ဖြစ်ပါတယ်။ သူတို့လက်ထဲကို အာဏာအပ်လိုက် ရင် အများပြည်သူရဲ့အကျိုးထက် မိမိအကျိုးစီးပွားကို ကြည့်တာများပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ပြန်ပြီးသုံးသပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလွှဲပြောင်းပေးခဲ့တဲ့ ကုမ္ပဏီများကတော့ ဓညထွန်း ပို့ဆောင်ရေးကို ၂၉-၆-၂၀၁၁ ကရေယာဉ်တစ်စီး၊ သီဟရာဇာကုန်ပို့လုပ်ငန်းကို ၂၉-၆-၂၀၁၁ က ရေယာဉ်သုံးစီး၊ ဦးကျောက် တောင်ကုန်ပို့လုပ်ငန်းကို ရေယာဉ်သုံးစီး ကျွန်တော်တို့ စုစုပေါင်း ရေယာဉ် ခုနစ်စီးကို သူတို့ကို လွှဲပြောင်းပေးပြီးတော့ ငှားရမ်းပြေးဆွဲပေးတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ခုနက ဒေါ်ခင်စောဝေ မေးထားတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ နံပါတ်တစ်အချက် ယခုကဲ့သို့ဈေးနှုန်းများ ဒီလို တင်နေတယ်ဆိုတာ ကျွန်တော်တို့ သေသေချာချာမသိပါဘူး။ ဒါပေမယ့် ဒီရက်ပိုင်းမှာ ကျွန်တော်တို့ စုံစမ်းရသလောက် ကတော့ ဒီဈေးနှုန်းတွေသိလာပါတယ်။ ဒုတိယအချက်ကတော့ ပုဂ္ဂလိကနဲ့ ကျွန်တော်တို့ချုပ်ဆိုတဲ့ စာချုပ်ထဲမှာ ဈေးနှုန်းမပါပါဘူး။ တတိယအချက်ကတော့ ကျွန်တော်တို့ နှုန်းထားသတ်မှတ်ပေးဖို့ ဆိုတာ ကျွန်တော်တို့ စာချုပ်စချုပ်ကတည်းက သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ နောက်တစ်ခါ ဒေသဆိုင်ရာအာဏာပိုင်တို့နဲ ညှိနှိုင်းပြီးတော့မှ ဒီမြို့၊ ဒီဒေသမှာ ကျွန်တော်တို့ ဘယ်သူ့ကုမ္ပဏီကို ပေးရင်ကောင်းမလဲဆိုပြီး သေချာဆွေးနွေးပြီးတော့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒေါ်ခင်စောဝေ တင်ပြတဲ့အတိုင်းပဲ အများပြည်သူရဲ့ ဆန္ဒအရ တကယ်လို့များ ခုနက ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်များအားလုံးသည် ကျွန်တော်တို့ ဒီကိစ္စမှာ ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ ရှိရင် သူတို့ထိုက်သင့်တဲ့ဈေးနဲ့ တိုင်းသူပြည်သားတွေ ခရီးသွားတာအဆင်ပြေမယ်။ ကျွန်တော်တို့ လည်း အရှုံးမပေါ်ပဲဖြစ်ပါမယ်။ ဒါခုနက ဒေါ်ခင်စောဝေနဲ့ တိုင်ပင်ထားပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့လုပ်တဲ့လုပ်ငန်းအားလုံး ဒေသခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး လွှတ်တော်က ဆောင်ရွက်ပါ။ အကုန်လုံးဆောင်ရွက်ခြင်း အားဖြင့် ထင်သာမြင်သာရှိပြီးတော့ အဆင်ပြေမယ်လို့ ကျွန်တော် အကြမ်းဖျင်း ညှိနှိုင်းထားပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ ဒီပို့ဆောင်ရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ် လေကြောင်းပို့ဆောင်ရေးနဲ့ပတ်သက်ပြီးတော့ လေယာဉ်ကွင်းတည်ဆောက်ဖို့တွေ၊ လေယာဉ်ပျံ ပျံသန်းဖို့တွေ၊ နောက်တစ်ခုက ရေကြောင်းပို့ဆောင်ရေးနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ ဆိပ်ကမ်းတွေပြင်ဆင် သင်္ဘောတွေပြေးဆွဲဖို့ကိစ္စမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလည်း အဓိက ကျပါတယ်။ နောက်တစ်ခုက မြန်မာပြည်ရဲ့အနောက်ဘက်ခြမ်းဟာ ရခိုင်ပြည်နယ်ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့လုံခြုံရေးနဲ့ National Strength အဓိကကျပါတယ်။ ဒီပြည်နယ်ကို ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ အစွမ်းကုန်ကူညီပံ့ပိုးပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖြေကြားပါသည်။
