ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ ကျွန်တော်တို့ ကော်မတီရဲ့ဥက္ကဋ္ဌ သူရဦးအောင်ကိုမှ တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်စေရန် အတွက် ဝိုင်းဝန်းကူညီထောက်မပေးရေးအဆိုတစ်ရပ်ကို တင်သွင်းခဲ့ပါတယ်။ ယင်းအဆိုကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အများစုမှ ထောက်ခံအတည်ပြုခဲ့ကြပြီး ဖြစ်ပါတယ်။ တင်သွင်းခဲ့တဲ့အဆိုမှာ ပထမ ဥပဒေပြုရေးမဏ္ဍိုင်၊ ဒုတိယ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တတိယ တရားစီရင်ရေးမဏ္ဍိုင်၊ စတုတ္ထ သတင်းမီဒီယာမဏ္ဍိုင်၊ ပဉ္စမ ပြည်သူ့ကိုယ်စားလှယ်များ အကျုံးဝင်ပါရှိတဲ့ ပြည်သူလူထုမဏ္ဍိုင် ဖြစ်ပါတယ်။ တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ကြီးကို ကျန်တဲ့ မဏ္ဍိုင် ၄ ရပ်က ဝိုင်းဝန်းထောက်မထိန်းညှိပေးရန် ဖြစ်ပါတယ်။ ယင်းအဆိုနှင့်သက်ဆိုင်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရေးဆွဲထုတ်ပြန်လျှင် လက်ထောက် တရားလွှတ်တော် တရားရုံးအဆင့်ဆင့်သို့ ကြပ်မတ်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဖော်ပြပါ ပြည်သူ့လွှတ်တော်မှအတည်ပြုပေးခဲ့သော တရားစီရင်ရေးမဏ္ဍိုင်ဖြောင့်မတ်ကြံ့ခိုင်စေရန် ဝိုင်းဝန်း ကူညီထောက်မပေးရေးအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီမံဆောင်ရွက် ထားမှု အခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
[ဦးမြင့်ထွန်း၊ ကော့သောင်းမဲဆန္ဒနယ်ကိုယ်စား ဦးစိုးအောင်၊ သဲကုန်းမဲဆန္ဒနယ်က မေးမြန်း ပါသည်။]
ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးက တရားစီရင်ရေးမဏ္ဍိုင်ဖြောင့်မတ်ကြံ့ခိုင်စေရန်အတွက် ဝိုင်းဝန်းကူညီ ထောက်မပေးရေးအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများစုက ထောက်ခံအတည်ပြုခဲ့ပါ တယ်။ ယင်းအဆိုမှာ တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားစီရင်ရေးကဏ္ဍကို ကျန်ရှိတဲ့ မဏ္ဍိုင် ၄ ရပ်က ဝိုင်းဝန်းထောက်မထိန်းညှိပေးရန်ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ နားလည်သဘောပေါက်တာကတော့ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည့်အဆိုဟာ တရားစီရင်ရေးကဏ္ဍကို ကျန်ရှိတဲ့ မဏ္ဍိုင် ၄ ရပ်က ဝိုင်းဝန်းထောက်မ ထိန်းညှိပေးရန်ဖြစ်တဲ့အတွက် ယင်းမဏ္ဍိုင် ၄ ရပ်က ထောက်မထိန်းညှိတဲ့အနေနဲ့ တရားစီရင်ရေး မဏ္ဍိုင် တည့်မတ်စေရန်အတွက် ပြုပြင်ရန်ရှိသည်များကို ပြုပြင်ရန်၊ ဆောင်ရွက်ဖွယ်ရာရှိသည်များကို ဆောင်ရွက်သွားရန်၊ ရှောင်ကြဉ်ရန်သင့်သည်များကို ရှောင်ကြဉ်ရန် လိုအပ်တဲ့အကြံပြုချက်များ၊ လမ်းညွှန်မှုများ၊ နည်းပေးလမ်းပြမှုများနှင့် ဝိုင်းဝန်းကူညီသွားမယ်လို့ နားလည်သဘောပေါက်ပါတယ်။ မဏ္ဍိုင် ၄ ရပ်က အဲဒီလို ဝိုင်းဝန်းကူညီဆောင်ရွက်လာပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လိုအပ်သလို လိုက်နာဆောင်ရွက်သွားဖို့အတွက် အသင့်ပြင်ဆင်ထားပြီးဖြစ်ပါကြောင်း တင်ပြလိုပါ တယ်။ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တဲ့အဆိုနှင့် ပတ်သက်လို့ကတော့ ပြည်ထောင်စု တရား လွှတ်တော်ချုပ်က ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေ ရေးဆွဲထုတ်ပြသွားရန် လိုအပ်မယ် မဟုတ်ပါကြောင်း ဖြေကြားပါသည်။
