ချင်းပြည်နယ်တွင် ကျန်းမာရေးသည် အရေးကြီးပါတယ်။ ကျန်းမာရေးကောင်းမွန်မှသာ အမျိုးသားအရင်းအမြစ်တို့၏ စွမ်းဆောင်ရည် မြင့်မားမှုကိုဖြစ်ပေါ်မှာဖြစ်ပါတယ်။ ယခုအခါ ချင်းပြည်နယ်တွင် ပြည်နယ်အစိုးရရှိနေသော်လည်း ပြည်နယ်တစ်ခုအဆင့်အတန်းမပြည့်စုံပါ။ ချင်းပြည်နယ်မြို့တော်တွင် မျက်စိအထူးကုပါရဂူ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုပါရဂူ၊ ကလေးအထူးကုပါရဂူ၊ အခြား အထူးကုပါရဂူများ လုံလောက် စွာမရှိပါ။ ပြည်နယ်အစိုးရဝန်ကြီးများကိုယ်တိုင် ကျန်းမာရေးစစ်ဆေးချင်တဲ့အခါမှာလည်း အခက် အခဲများ ကြုံတွေ့နေရပါတယ်။ အလားတူပင် ချင်းပြည်နယ်၊ တီးတိန်၊ ဖလမ်း၊ မင်းတပ်၊ တွန်းဇံ၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝစသည့်မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင်လည်း ဆရာဝန်များ ခန့်ပေးရန်လိုအပ်ပါတယ်။ ကျွန်မတို့ ထန်တလန်ဆေးရုံတွင် ယခင်မရရှိခဲ့သော ဆရာဝန်ကောင်းများ ကိုနိုင်ငံတော်အစိုးရသစ်မှ ချပေးထားတဲ့အတွက် ထန်တလန်ပြည်သူများ ဝမ်းမြောက်ဝမ်းသာရှိကြ ပါတယ်ရှင်။ သို့သော်လည်း ဆေးရုံတွင် ဆေးရုံသုံးကိရိယာများဖြစ်သည့် ပေါင်းအိုး၊ ချွဲစုပ်စက်၊ ECG စက်၊ အောက်ဆီဂျင်ဆလင်ဒါ၊ လူနာတင်ကား၊ ဆိုင်ကယ်၊ ရေ၊ မီး ၂၄ နာရီရရှိရန်နှင့် ဝန်ထမ်း အိမ်ရာတို့လည်း လိုအပ်နေပါတယ်။ ထန်တလန်မြို့နယ်ရှိ ၂၅ ခုတင်ဆံ့ ဆေးရုံကိုလည်း ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် တိုးချဲ့လိုပါတယ်ရှင်။ များသောအားဖြင့် ချင်းပြည်နယ်တွင် ဆရာဝန်များခန့်အပ် ပေးသော်လည်း အမည်စာရင်းသာရှိပြီး လူကိုယ်တိုင်မလာတာများပါတယ်။ ဤကဲ့သို့ ချင်းပြည်နယ် တွင်ဆရာဝန်များအချိန်ပြည့် တာဝန်မထမ်းဆောင်နိုင်ခြင်းမှာ ချင်းပြည်နယ်အတွက် ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဤပြဿနာများကို ဖြေရှင်းနိုင်ရန် ပြည်ထောင်စုအစိုးရမှ ကျွန်မတို့ ချင်းပြည်နယ်ကဲ့သို့ ဝေးလံသောနေရာများကို သွားရောက်တာဝန်ထမ်းဆောင်သော ဆရာဝန်များ၊ ဝန်ထမ်းများအား အထူးဂုဏ်ပြုမှုကို ချီးမြှင့်ပေးခြင်းဖြင့် ဖြေရှင်းပေးနိုင်မယ်လို့ ယူဆမိပါတယ်။ ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းနှင့်ဆရာဝန်များအား သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးဌာနမှ ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်းများကို ပြုလုပ်ခွင့်ရနိုင်ရန်လည်း လိုအပ်ပါတယ်။ အထက်ပါ ဖော်ပြချက် များ၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ပြည်ထောင်စုအစိုးရမှ ဖြည့်ဆည်းပေးနိုင်မလားကို မေးမြန်း ပါသည်။
ချင်းပြည်နယ်မှာ အားနည်းချက်လေးတွေ အနည်းငယ်ရှိပါတယ်။ ခုတော့ တတ်နိုင်သလောက် ပြန်လည်ဖြည့်ဆည်းပြီး ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တင်ပြရမယ်ဆိုရင် ချင်းပြည်နယ်မြို့တော်၊ ဟားခါးပြည်သူ့ဆေးရုံကြီးမှာ ယခုအခါမှာ ဆေးရုံအုပ်ကြီးတစ်ဦး၊ အထူးကုဆရာဝန်ကြီး (သားဖွားမီးယပ်) တစ်ဦး၊ အထူးကုဆရာဝန်(သားဖွားမီးယပ်)တစ်ဦး၊ လက်ထောက်ဆရာဝန်(ခွဲစိတ်)တစ်ဦး၊ လက်ထောက် ဆရာဝန်(မေ့ဆေး)တစ်ဦး၊ လက်ထောက်ဆရာဝန်(အရိုး)တစ်ဦး၊ လက်ထောက်ဆရာဝန်(မျက်စိ)တစ်ဦး၊ လက်ထောက်ဆရာဝန် (နား၊နှာခေါင်းနှင့်လည်ချောင်း)တစ်ဦးနှင့် အခြားလက်ထောက်ဆရာဝန် ကိုးဦးတို့ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိပြီးတော့ အခုနောက်ဆုံးမှာ လက်ထောက်ဆရာဝန်ဆေးပညာတစ်ဦး နှင့် လက်ထောက်ဆရာဝန် ကလေးကျန်းမာရေးတစ်ဦးတို့ကိုလည်း ပြောင်းရွှေ့တာဝန်ချထားပြီး ဖြစ်ပါတယ်။ တိုက်နယ်ဆေးရုံတွေမှာ ပထမတိုက်နယ်ဆရာဝန်တွေ နည်းပါးနေတယ်ဆိုတာ ယခု အချိန်မှာတော့ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆူခွားတိုက်နယ်ဆေးရုံမှာ တိုက်နယ်ဆရာဝန်တစ်ဦး၊ ဖလမ်းမြို့နယ်လုံပန်းတိုက်နယ်ဆေးရုံမှာ တာဝန်ခံဆရာဝန်တစ်ဦး၊ တီးတိန်မြို့နယ် ထုတ်လိုင်တိုက်နယ် ဆေးရုံမှာ တိုက်နယ်ဆရာဝန်တစ်ဦး၊ မင်းတပ်မြို့နယ် ဝမ်းသူးတိုက်နယ်ဆေးရုံမှာ တိုက်နယ်ဆရာဝန် တစ်ဦးနဲ့ ကန်ပက်လက်မြို့နယ် ဂျင်သွေးတိုက်နယ်ဆေးရုံသို့ ဆရာဝန်တစ်ဦး ပြောင်းရွှေ့တာဝန် ချထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်ရှိ ဆေးရုံကြီးများနှင့် တိုက်နယ်ဆေးရုံများမှာ လုပ်ငန်း လိုအပ်ချက်အရ အထူးကုဆရာဝန်များနှင့် တိုက်နယ်ဆရာဝန်တို့ကို ဦးစားပေးခန့်ထားပေးသွားမှာ ဖြစ်ပါတယ်။ ဒီလောလောဆယ်မှာတော့ ထန်တလန်ဆေးရုံကို ခုတင် ၅၀ အဖြစ်တိုးချဲ့ဖို့အဆိုပြု တင်ပြထားခြင်းတော့ မရှိသေးပါဘူး။ လုပ်ငန်းလိုအပ်ချက်နဲ့အညီတော့ ဆက်လက်ဆောင်ရွက် သွားမှာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ချင်းပြည်နယ်သို့ တာဝန်ထမ်းဆောင်ကြတဲ့ဝန်ထမ်းများကို နိုင်ငံတော်အနေနဲ့ ပြည်ထောင်စုဝန်ကြီးဌာနအနေနဲ့ ချီးမြှောက်မှုဆိုတာနဲ့ပတ်သက်လို့ ဖြေကြားရမယ် ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ကတော့ ချင်းပြည်နယ်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြတဲ့ ဆရာဝန်များကို တချို့တွေဆိုလို့ရှိရင် ဒီနေရာမှာပဲ တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်ထား၍ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခြင်းလည်းလုပ်ပေးပါတယ်။ ချင်းပြည်နယ်မှာ တခြားပြည်နယ်များလို မဟုတ်ဘဲနဲ့ တစ်နှစ်တာဝန်ထမ်းဆောင်ပြီးရင် သက်ဆိုင်ရာဆရာဝန် ပြောင်းရွှေ့လိုတဲ့ဌာနသို့ ဦးစားပေးပြောင်းရွှေ့ခြင်းကိုလည်း အထူးကိစ္စတစ်ရပ်အနေနဲ့ ပြုလုပ်ဆောင်ရွက်ပေးတယ်။ Incentive ပေးပြီးတော့လုပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလို ဝန်ကြီးဌာနအနေနဲ့ကတော့ ချင်းပြည်နယ်မှာ တာဝန်ထမ်းဆောင်တဲ့ဆရာဝန်ကို တစ်နှစ်ပြည့်တဲ့အခါမှာ သူပြောင်းလိုတဲ့နေရာကို ပြောင်းရွှေ့ပေးဖို့ဆိုတာကတော့ ဒါဆရာဝန်များအားလုံး သိထားပြီးသားဖြစ်ပါတယ်။ အသိလည်း အသိပေးထားပြီးသားဖြစ်ပါတယ်။ အဲဒီတော့ ဒီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တင်ပြသွားတဲ့ အတိုင်း ကျွန်တော်တို့ဘက်က သူ့ကိုဂုဏ်ပြုဆောင်ရွက်ပေးသလို ဒေသခံပြည်သူများအနေနှင့်လည်း စားဝတ်နေရေး၊ နေရေးထိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေလည်းဖြစ်တော့ အထူးသဖြင့် တစ်ခါတလေကျတော့လည်း ဒီစကားတိုးမပေါက်တဲ့ကိစ္စတွေရှိတော့ ဒီလိုကိစ္စတွေမှာ လွှတ်တော်ကိုယ်စားလှယ်ကြီးအနေနဲ့ ဒေသခံပြည်သူများထံ ရောက်လာတဲ့ဆရာဝန်ပညာရှင်များကို အတတ်နိုင်ဆုံးစောင့်ရှောက်ဖို့ တိုက်တွန်းပေးနိုင်မယ်။ စောင့်ရှောက်ပေးနိုင်မယ်ဆိုရင်တော့ ဒီထက်ပိုပြီး အထူးကောင်းမွန်ပြီးတော့ ဆရာဝန်များလည်း ပျော်ပျော်ရွှင်ရွှင်သွားကြလိမ့်မယ်လို့ ယူဆပါကြောင်း ဖြေကြားပါသည်။
