(ဂ)-F.D.A အဖွဲ့ငယ်များ ဖွဲ့စည်းရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၄၀) ရက်မြောက်နေ့ (၂၄-၁၀-၂၀၁၁)

ဒေါက်တာစိုင်းကျော်အုန်း(နမ့်ခမ်းမဲဆန္ဒနယ်)

ယခုအချိန်အခါမှာ မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ စားသုံးသူပြည်သူများအတွက် အန္တရာယ် ရှိနိုင်တဲ့ အစားအစာနဲ့ဆေးဝါးများ အများအပြားရောင်းချနေတာကို တွေ့မြင်နေရပါတယ်။ စက်တင်ဘာလ        ၂၅ ရက်နေ့ထုတ် Weekly Eleven စာစောင်ထဲမှာလည်း သက်တမ်းကုန်ဆုံးဖို့ တစ်နှစ်နီးပါးကျန် ရှိနေသေးတဲ့ Cevit နဲ့ Adevit ဆေးပြားများရဲ့ အရည်အသွေးဟာသက်တမ်းလွန် Expire ဖြစ်နေတဲ့ ဆေးပြားများဖြစ်နေတဲ့အကြောင်းကိုသော်လည်းကောင်း၊ တရုတ်နိုင်ငံမှ အစားအစာထုတ်လုပ်တဲ့ စက်ရုံတစ်ခုဟာ ၎င်းထုတ်လုပ်တဲ့ပစ္စည်းများကို အသစ်လို့ယူဆရအောင် ပစ္စည်းထုတ်လုပ်တဲ့ရက်စွဲ Manufacturing Date ကို ပြင်ဆင်တပ်ထားတဲ့အကြောင်းကိုလည်း ရေးသားဖော်ပြခဲ့တာကို ဖတ်ရှုတွေ့ရှိခဲ့ရပါတယ်။ ၎င်းတရုတ်နိုင်ငံမှ ထုတ်လုပ်တဲ့စားသောက်ကုန်ပစ္စည်းများဟာ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းကို တရားဝင်နဲ့တရားမဝင်တဲ့နည်းလမ်းနဲ့ လမ်းကြောင်း ကနေအများအပြား ရောက်ရှိနေပြီးတော့ ပြည်သူများဟာလည်း စွဲစွဲလမ်းလမ်းနဲ့ ဝယ်ယူစားသုံးနေတာ ကိုတွေ့ရှိနေရပါတယ်။ ၎င်းသက်တမ်းလွန် တရုတ်နိုင်ငံထုတ်အစားအစာများ စားသုံးမိသည့် ကျောင်းသားကလေးငယ်များ ဗိုက်နာ၊ ဗိုက်အောင့်၊ အထက်လန်အောက်လျှော၊ ဝမ်းလျှောရောဂါ ဖြစ်ပြီးတော့ တချို့ကျောင်းသားကလေးငယ်များ ဆေးရုံတက်ရောက်ကုသရတဲ့အထိ နမ့်ခမ်းမြို့နယ် မှာကြုံတွေ့ခဲ့ရပါတယ်။ အထူးသဖြင့် သက်တမ်းလွန် အစားအသောက်များကိုသုံးစွဲမိရင်အသည်း ကင်ဆာဖြစ်ပေါ်နိုင်မှု ရာခိုင်နှုန်းပိုမိုများပြားစေနိုင်တဲ့အတွက်ကြောင့် အထူးကြပ်မတ်စစ်ဆေးရန် လိုအပ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအစားအစာနှင့် ဆေးဝါးကွပ်ကဲကြီးကြပ်ရေးဌာန FDA မှ လည်း မြို့နယ်တိုင်းကို ပုံမှန်ကွင်းဆင်းပြီးတော့ စစ်ဆေးသွားရန် အခက်အခဲရှိမယ်လို့ ထင်မြင်ယူဆ ပါတယ်။ အဲဒါကြောင့် ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူများကိုယ်စား မေးခွန်းနှစ်ခုမေးမြန်းလိုပါတယ်။ မေးခွန်း (၁)  မြို့နယ်တိုင်းတွင် ပညာရှင်များ၊ မြို့မိ၊ မြို့ဖများ ပါဝင်ဖွဲ့စည်းထားတဲ့ FDA အဖွဲ့ငယ်မျိုး ဖွဲ့စည်းသွားနိုင်ရန် အစီအစဉ် ရှိပါသလား။ မေးခွန်း (၂)  မရှိ‌သေးပါက မည်သို့စီမံချက်များ ရေးဆွဲ ချမှတ်ပြီး မည်သည့်အချိန်ကာလတွင် ဆောင်ရွက်သွားမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံဈေးကွက်များအတွင်းမှာ ရောင်းချလျက်ရှိတဲ့ အစားအသောက်နဲ့ ဆေးဝါးများဟာ မြို့ကြီးများမှတစ်ဆင့်  နယ်မြို့များသို့  သယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိတဲ့ အမျိုးသားဆေးဝါးဥပဒေအရ ဆေးဝါးမှတ်ပုံတင်ခြင်းပြုလုပ် ပြီးတော့ တရားဝင်တင်သွင်းတဲ့ ဆေးဝါးများရဲ့ အမှတ်တံဆိပ်ပေါ်မှာ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် အမှတ်ပါရမှာဖြစ်ပါတယ်။ နိုင်ငံပိုင်စက်ရုံများမှထုတ်လုပ်တဲ့ ဆေးဝါးများ၊ ပြည်ပနိုင်ငံများက ထုတ်လုပ်ပြီး တရားဝင်လမ်းကြောင်းကတင်သွင်းသော ဆေးဝါးများကလည်း ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနက စစ်ဆေးပြီးတော့  မြန်မာနိုင်ငံမှာမှတ်ပုံတင်ထားတဲ့ ဆေးဝါးများဖြစ်တဲ့အတွက် အရည်အသွေး အာနိသင်အာမခံချက်ရှိတဲ့ ဆေးဝါးများဖြစ်ပါတယ်။ ထို့အတူ မြန်မာနိုင်ငံရှိစက်ရုံများမှ ထုတ်လုပ်တဲ့ အစားအသောက်နဲ့ ပြည်ပနိုင်ငံများမှ တရားဝင် လမ်းကြောင်းက တင်သွင်းတဲ့ အစားအသောက်များဟာလည်း အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေး ဌာနက စစ်ဆေးပြီးတဲ့ အစားအသောက်များဖြစ်ပါတယ်။ ကျန်းမာ‌ရေးဝန်ကြီးဌာနအနေနဲ့လည်း ဈေးကွက်အတွင်းရှိ အစားအသောက်နဲ့ဆေးဝါးများကို နမူနာကောက်ယူပြီ‌းတော့ ‌နေပြည်တော်၊ ရန်ကုန်နဲ့မန္တလေးမြို့မှာရှိတဲ့ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနမှ ဓာတ်ခွဲခန်းများမှာ ပုံမှန် စစ်ဆေးပြီးတော့ အ‌ရေးယူဆောင်ရွက်လျက်ရှိသလို အခါအားလျော်စွာ သတင်းအရ ရှောင်တခင် စစ်ဆေးတာမျိုးတွေကိုလည်း ပြုလုပ်‌ဆောင်ရွက်လျက်ရှိပါတယ်။ ဒီအစားအသောက်နဲ့ဆေးဝါး ကွပ်ကဲရေးဌာနက စစ်ဆေးတွေ့ရှိတဲ့ စားသုံးသူများအတွက် အန္တရာယ်ရှိနိုင်တဲ့ အစားအသောက်နဲ့ ဆေးဝါးများကိုလည်း အများပြည်သူများသိရှိနိုင်ရန် သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်မြင်သံကြား အစရှိတဲ့ သတင်းမီဒီယာများမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ အသိပေးကြေညာခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်များသို့ အစားအသောက်များနှင့်ဆေးဝါးများ စစ်ဆေးအ‌ရေးယူဆောင်ရွက် ခြင်း၊ အကြောင်းကြားခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီနည်းတူ အ‌ရေးယူဆောင်ရွက်နိုင် ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ဟာ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ(ဌ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီးတော့ အမိန့်‌ကြော်ငြာစာအမှတ် (၁/၂၀၀၂) ဖြင့် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အဆင့်ဆင့်ကို (က)ဗဟို၊ (ခ) တိုင်းဒေသကြီး/ပြည်နယ်၊ (ဂ)ခရိုင်၊ (ဃ)မြို့နယ်အဆင့်တို့မှာ အဆင့်ဆင့် ဖွဲ့စည်းပြီး‌တော့ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးထားပြီး ဖြစ်ပါတယ်။ ဥပမာ- မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီမှာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးက ဥက္ကဋ္ဌ အဖြစ်‌ဆောင်ရွက်ပြီ‌းတော့ မြို့နယ်မှာရှိတဲ့ဆေးဝါးကျွမ်းကျင်သူ သို့မဟုတ် လက်‌ထောက်ကျန်းမာရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ အဖွဲ့ဝင်အဖြစ်ပါ‌ဝင်ပြီး‌တော့ ဥက္ကဋ္ဌကတာဝန်ပေးတဲ့ ကျန်းမာ‌ရေးအရာရှိ ဒါမှမဟုတ်ရင် လက်ထောက်ကျန်းမာရေးမှူးတစ်ဦးက အတွင်းရေးမှူးအဖြစ် ပါဝင်ဆောင်ရွက်ရပါတယ်။ ဒီကော်မတီရဲ့တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ -

          (က)    ဆေးဝါးရောင်းချခွင့် လိုင်စင်လျှောက်ထားတဲ့ကိစ္စရပ်ကို စိစစ်၍ လိုင်စင်ထုတ်ပေးခြင်း၊                   ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊

(ခ)     အစားအသောက်နှင့် ဆေးဝါးစစ်ဆေးခြင်းဆိုင်ရာကိစ္စအဝဝကို ကြီးကြပ်ခြင်း၊ လိုအပ် ပါက ကိုယ်တိုင်ဆောင်ရွက်ခြင်းနှင့် စည်းကမ်းဖောက်ဖျက်မှုများအားအရေးယူခြင်း၊

(ဂ)     လိုင်စင်ပါစည်းကမ်းချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာန သို့မဟုတ် မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားတဲ့အစားအသောက်နှင့် ဆေးဝါးဆိုင်ရာစည်းကမ်းများကို လိုက်နာရေးကိစ္စရပ်များနှင့်ပတ်သက်၍ ကြီးကြပ်ခြင်း၊ စည်းကမ်းဖောက်ဖျက်မှုများကို အရေးယူခြင်း၊

(ဃ)    အထက်အဆင့်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးကော်မတီများရဲ့ ညွှန်ကြား ချက်များကို      လိုက်နာဆောင်ရွက်ခြင်းတို့ဖြစ်ပြီးတော့     မြို့နယ်တိုင်းမှာ      လုပ်ငန်း

ဆောင်ရွက်လျက်ရှိပါတယ်။

ကျွန်‌တော်တို့မှာ အဖွဲ့လည်းဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ အ‌ရေးကြီးတာကတော့ သက်ဆိုင်ရာ အဖွဲ့ဝင်များကိုကော၊ မြို့နယ်မှာရှိတဲ့တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင် ပြီးတော့ လက်ရှိလုပ်ကိုင်နေတာကို ပိုမိုပြီးထိရောက်မှုရှိအောင် Enforcement ကလည်း အားကောင်းအောင်လုပ်ဖို့ပဲရှိပါတယ်။ အဖွဲ့က‌တော့ မြို့နယ်အဆင့်အထိ ဖွဲ့စည်းထားပြီးသား ဖြစ်ပါကြောင်း ဖြေကြားပါသည်။