(ခ)-ကျေးလက်ဒေသ လျှပ်စစ်မီး ရရှိရေးအတွက် မည်ကဲ့သို့ဆက်သွယ်ဆောင်ရွက်ရမည်နှင့် ခန့်မှန်း ကုန်ကျစရိတ်မည်မျှရှိမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၂၆)ရက်မြောက်နေ့ (၁၂.၃.၂၀၁၅)

ဦးသိန်းထွန်း (ကျောင်းကုန်း)မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားလာမှ သာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျေးလက်ဒေသတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ သောက်သုံးရေ ရရှိရေးများ အပြင် လျှပ်စစ်မီး ရရှိရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်၏ ထောက်ပံ့မှုဖြင့် လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနနှင့်ဆက်စပ်ပြီး လျှပ်စစ်မီးရရှိရေးကို ဆောင် ရွက်ပေးသည်ကိုလည်း တွေ့ရှိရသည့်အတွက် ကျေးလက်ဒေသလျှပ်စစ်မီး တပ်ဆင်လိုပါက မည်ကဲ့သို့ ဆက်သွယ်ဆောင်ရွက်ရမည်။ အကွာအဝေးပေါ်မူတည်၍ တိုင်၊ ကျွန်းနှင့် ဆက်စပ်ပစ္စည်းများ၊ လုပ်အားခများ၊ ထရန်စဖော်မာအားအလိုက် ကုန်ကျမည့် အသေးစိတ်တွက်ချက်မှုများနှင့် နိုင်ငံတော်မှ ထည့်ဝင်သည့် ငွေ၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ချေးငွေစသည့်အတိုးများကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေး
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေးပထမဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ လျှပ်စစ်ဓာတ်အားမရရှိကြသည့် ကျေးရွာများကို ဓာတ်အားဖြန့်ဖြူးပေးရန်အတွက် အောက်ပါနည်းလမ်းများနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ (က) နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရယူသော ကျေးရွာများအတွက် နှစ်စဉ်ဘတ်ဂျက် ခွဲဝေရရှိမှု အပေါ်မူတည်၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကျေးရွာများရွေးချယ်သတ်မှတ် ဆောင်ရွက်ပေးပါကြောင်း၊ (ခ) နိုင်ငံတော်ဓာတ်အားစနစ်ပြင်ပရှိ ကျေးရွာများအတွက် ဒီဇယ်ဓာတ်အားပေးစက်၊ ဆိုလာစသည့် အငယ်စားများ ဓာတ်အား ရရှိရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတ်အားစနစ်မှ ဆက်သွယ်ဓာတ် အားပေးနိုင်မည့် ကျေးရွာများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်မည့် ကျေးရွာ များအား ရွေးချယ်ပြီး ၁၁ KV လိုင်း၊ ယင်းနောက် ထရန်စဖော်မာ တပ်ဆင်ခြင်းအထိ နှစ်အလိုက် လျာထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာကျေးရွာများ အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးရွာအတွင်းရှိ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေ၏ ၅၀ ရာခိုင်နှုန်းအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ တင်ပြလာပါက ကျေးလက်ဖွံ့ဖြိုးရေးဘဏ်မှ သက်သာသော အတိုးနှုန်းဖြင့် ချေးငွေရရှိနိုင်ရေး ဆောင် ရွက်ပေးလျက်ရှိပါကြောင်း။

ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်မှု ကုန်ကျစရိတ်အနေဖြင့် ၁၁ KV ဓာတ်အားလိုင်း ၁ မိုင်အတွက် ကျပ်သိန်း ၁၈၀ ခန့်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁ မိုင်အတွက် ကျပ်သိန်း ၂၅၀ ခန့်နှင့် ၁၁ KV ထရန်စဖော်မာ ၂၀၀ KVA တစ်လုံးအတွက် နေရာပေါ်မူတည်ပြီး သယ်ယူပို့ဆောင်ခနှင့်ကြည့်လျှင် ကျပ်သိန်း ၁၂၀ ပတ်ဝန်းကျင်ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ တပ်ဆင်လိုသည့် ထရန်စဖော်မာ အင်အားအလိုက် အနီးစပ်ဆုံးကုန်ကျမည့် အသေးစိတ်ခန့်မှန်းတွက်ချက်မှုကို  မြို့နယ်/ ခရိုင်/ တိုင်းဒေသကြီးတွင် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများရှိ သက်ဆိုင်ရာတာဝန်ခံများနှင့် ညှိနှိုင်းပြီးဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ကမ္ဘာ့ဘဏ်အဖွဲ့နှင့် ပူးပေါင်းပြီး အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံချက် (National Electrification Plan) ရေးဆွဲပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှစတင်ပြီး ချေးငွေနှင့် ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းလျက်ရှိပါကြောင်း၊ ၎င်းချေးငွေနှင့် ဆောင်ရွက်မည့် အစီအစဉ်များ ၁၁ KV လိုင်းနှင့် ၁၁/ဝ.၄ KV ထရန်စဖော်မာများနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ အားလုံးပါဝင်တည်ဆောက်ရန် ညှိနှိုင်းနေခြင်းဖြစ်ပါကြောင်း။

နှစ်စဉ်နိုင်ငံတော်၏ ရန်ပုံငွေခွဲဝေပေးနိုင်မှုမှာ ပမာဏကန့်သတ်ချက်ရှိသည့် အတွက်ကြောင့် ချေးငွေရယူရန် ညှိနှိုင်းဆောင်ရွက် ဆဲဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေးကို အပြည့်အဝဆောင်ရွက်ပေးနိုင်မှုမရှိမီ ကာလအတွင်းမှာ ကျေးရွာများ အနေနှင့် မိမိအစီအစဉ်ဖြင့် ဓာတ်အားစနစ်မှ မီးလင်းရေးအမြန်ဆောင်ရွက်လိုပါကလည်း သက်ဆိုင်ရာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ရုံးများနှင့်ဆက်သွယ်ပြီး တည်ဆောက်ရမည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ၏ အခြေအနေကို ရှင်းလင်းပြောကြားပြီး ဆောင် ရွက်မည်ဆိုလျှင် အချိန်မီဆောင်ရွက်ပေးရန် အစီအစဉ်ရှိပါကြောင်း၊ လိုအပ်သည့် နည်းပညာများကိုလည်း ပံ့ပိုးကူညီဆောင် ရွက် ပေးသွားပါမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးသိန်းထွန်း(ကျောင်းကုန်း) မှစပ်ဆက်မေးခွန်းမေးမြန်းပါသည်။

ယခင်က မီးဆွဲခွင့်အတွက် ဝန်ခံချက် ၂၄ ချက် ဝန်ခံကတိပြုပြီးမှသာ အသုံးပြုရခြင်း၊ ယခုနောက်ပိုင်းတွင် ကျေးလက်ဒေသများအနေဖြင့် ၃၃ KVဓာတ်အားလိုင်းမှ ၂ မိုင်အတွင်း လျှပ်စစ်မီသွယ်တန်းနိုင်ပြီး ထိုသို့ ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်အနေဖြင့် ကုန်ကျစရိတ်ကို  ပြည်သူ များနှင့် တစ်ဝက်စီ အကုန်အကျခံ ဆောင်ရွက်ပေးနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် အခက်အခဲရှိပါက ကျေးလက်ဒေသ ဦးစီးဌာန၏ ချေးငွေဖြင့် ဆောင်ရွက်ပြီး မီးလင်းမှသာ အဆိုပါ ချေးငွေများကို ပြန်လည်ပေးဆပ်နိုင်သည်ဟု မိမိတို့အနေဖြင့်  သိရှိထားပါကြောင်း၊ သို့ရာတွင် လက်တွေ့ဆောင်ရွက်ရာ၌ နိုင်ငံတော်အထောက်အပံ့ မရသည့်အပြင် ကျေးလက် ဒေသဦးစီးဌာန၏ ချေးငွေများကို မရရှိခြင်းများ ဖြစ်ပေါ်နေသည့်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၏ လျှပ်စစ်မီးလင်းရေးဆောင်ရွက်ရာတွင် နိုင်ငံတော်က တစ်ဝက်ထောက် ပံ့ပေးရန်နှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၏ ချေးငွေများကို မှန်ကန်လွယ်ကူစွာ ချေးယူနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။  

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေး

ယခင်က အဆိုပါ  ဝန်ခံချက် ၂၁ ချက်ရှိ သော်လည်း နောက်ပိုင်းတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာကိစ္စမှအပ ကျန်သည့်ကိစ္စများကို ဖြေလျော့ပြီး သက်ဆိုင်ရာ ကျေးရွာမီးလင်းရေးကော်မတီများ၊  အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ နိုင်ငံတော်က ကုန်ကျစရိတ် တစ်ဝက်ကျခံခြင်း၊ ပြည်သူက တစ်ဝက်ကျခံခြင်းများသည် မိမိတို့ သတ်မှတ်ထားသည့် မူလည်းမဟုတ်ပါကြောင်း၊  နိုင်ငံတော်ဘတ်ဂျက်ရရှိမှု အပေါ်မူတည်၍ ဓာတ်အားလိုင်းနှင့် ၂ မိုင်၊ ၃ မိုင်၊ ၅ မိုင်စသည့် အကွာအဝေးများရှိ ဒေသများတွင် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအသီးသီးက တာဝန်ရှိသူအသီးသီးနှင့် ကျေးရွာများ ညှိနှိုင်း တင်ပြချက်များအပေါ် အခြေခံပြီး မည်သည့်KVလိုင်းများကိုမဆို ရွာနှင့် မလှမ်းမကမ်းသို့ရောက်ရှိပြီဆိုပါက ရွာထဲသို့ ဆက်သွယ်ပေးပို့ ပေးသည့် အဆင့်ကို နိုင်ငံတော်က ကျခံဆောင်ရွက်ပေးနေပါကြောင်း။ သို့သော် ရွာများ၏ အကျယ်အဝန်း၊ အိမ်ခြေများကွဲပြားခြင်းကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာန၏ ထိုက်သင့်သော အကူအညီများ၊ အတိုးနှုန်း နည်းသော ချေးငွေများဖြင့် ဆောင်ရွက်ပေးရန်အတွက်သာ ဖြေရှင်းနေရသည့် အခြေအနေ ရှိပါကြောင်း။

၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၉၈ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်ကို ရေးဆွဲပြီး ယခုအချိန်တွင် အမေရိကန်ဒေါ်လာ (US ဒေါ်လာ) ၄၀၀ သန်း ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊  ယင်းကိစ္စကိုလည်း ပြည်သူ့ လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး ကမ္ဘာ့ဘဏ်၏အတိုးနှုန်းအနည်းဆုံးချေးငွေဖြင့် စတင် အကောင်အထည်ဖော်နိုင်ရန် တင်ပြသွားမည်ဖြစ်ပါကြောင်း၊ စီမံချက်၏ အဓိက အချက်သည် ၁၁ ကေဗွီ၊ ၃၃ ကေဗွီ ၆၆ ကေဗွီများ၏ ၂ မိုင်အတွင်းရှိပါက Plan ကချက်ချင်း အကောင်အထည်ဖော် ဆောင် ရွက်မည် ဖြစ်ပါကြောင်း၊ ထို့နောက် ဒုတိယအဆင့် ၅ မိုင်၊ တတိယအဆင့်တွင် ပိုမိုဝေးကွာသည့် နေရာများသို့ ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ၂ နှစ်မှ ၅ အတွင်း မီးရရှိခြင်းမရှိပါက သီးခြားအစီအစဉ်ဖြင့်  ဆောင်ရွက်ပေးရန်လည်း  ကမ္ဘာ့ဘဏ်ပညာရှင်များနှင့် အားလုံးညှိနှိုင်း ဆောင်ရွက်ထား ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့်  ယခုဆောင်ရွက်နေရသော ကိုယ်ထူကိုယ်ထလုပ်ငန်းများသည် အခိုက်အတန့် သာလျှင်ဖြစ်ပါကြောင်းနှင့် မကြာခင် အချိန်အတွင်းတွင် မိမိတို့မှ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။