ပြည်ထောင်စုမြန်မာနိုင်ငံတော်မီးသတ် တပ်ဖွဲ့ဟာ ပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးမှာ အရေးပါတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ မီးလောင်ကျွမ်းလျှင်လည်းမီးငြိမ်းသတ်ရာမှာ အားကြိုးမာန်တက်အသက်စွန့်ပြီးတော့ မီးသတ်တပ်ဖွဲ့ များဟာ ငြိမ်းသတ်တာကိုတွေ့ရသလို သဘာဝဘေးအန္တရာယ်များဖြစ်ကြတဲ့ ရေကြီး၊ တစ်ခါ လေမုန်တိုင်းတိုက်၊ ငလျင်လှုပ်ရင်လည်းမီးသတ်တပ်ဖွဲ့များ အစဉ်အမြဲဝင်ရောက်ကူညီနေတာကိုလည်း တွေ့ရှိ ရပါတယ်။ ဒါကြောင့် လူသားတို့ရဲ့ဘေးအန္တရာယ်ကြုံတိုင်း မီးသတ်တပ်ဖွဲ့ဟာ မရှိမဖြစ် လိုအပ်သော အဖွဲ့အစည်းဖြစ်တယ်ဆိုတာ အလေးအနက်ပြောကြားလိုပါတယ်။ တစ်နည်းအားဖြင့် ပြည်သူများ အားကိုးအားထားပြုကြတဲ့ အဖွဲ့အစည်းဆိုရင်လည်းမမှားပါဘူး။ ထိုကဲ့သို့သော အန္တရာယ် များမှာ မီးလောင်မှုအန္တရာယ်ဟာ အများဆုံးသောအန္တရာယ်ကြီးဖြစ်ကြောင်းတွေ့ရှိရပါတယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါ မြန်မာနိုင်ငံမြို့ကြီးများဖြစ်တဲ့ ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှာ အထပ်မြင့်အဆောက်အအုံများဟာ အလွန်များပြားလာတာကိုတွေ့ရပါတယ်။ ၁၉၉၀ ခုနှစ် မတိုင်ခင် တုန်းက လေးထပ်အဆောက်အဦဟာအမြင့်ဆုံးဖြစ်ပေမယ်လို့ ယခုအချိန်မှာ လေး ထပ်အဆောက်အဦ ဟာ အနိမ့်ဆုံးအဆောက်အဦအဖြစ်ရောက်ရှိသွားပါပြီ။ လွန်ခဲ့သောတစ်နှစ်ကျော်က မန္တလေးမြို့တွင် မီးလောင်သောဈေးကြီးမှာ အထပ်မြင့်သောဈေးကြီးဖြစ်ပါတယ်။ ထို့အတူ ယမန်နှစ်က ရန်ကုန်မြို့တွင် လောင်ကျွမ်းသော မီးလောင်မှုမှာလည်း အထပ်မြင့်သော၊ အလွန်ကြီးသောဈေးကြီးဖြစ်ပါ၍ ဆုံးရှုံးမှု တန်ဖိုးအလွန်များပြားခဲ့ပါတယ်။ လူနေအထပ်မြင့်အဆောက်အဦများကို မီးလောင်မည်ဆိုရင်တော့ ထွက်ပေါက်များထွက်ရန်ခက်ခဲပြီး အသက်ဆုံးရှုံးသည်အထိဖြစ်ရပ်များ ရှိခဲ့သည်ကိုလည်းတွေ့ရှိရ ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ထိုကဲ့သို့ မီးလောင်မှုများဖြစ်၍ မီးငြိမ်းသတ်ရာတွင် အချက် ၃ ချက်သည် အရေးကြီးတယ်ဟု ကျွန်တော့်အနေနဲ့ယူဆပါတယ်။ တစ်အချက်ကတော့ ခေတ်မီ သောမီးသတ်ယာဉ်များရှိရပါမယ်။ နောက်တစ်ချက်ကတော့ ကျွမ်းကျင်သောမီးသတ်ရဲဘော်များ ရှိရပါမယ်။ နောက်အရေးကြီးဆုံးအချက်ကတော့ ရေအလုံအလောက်ရှိဖို့ပဲဖြစ်ပါတယ်။ မီးသတ်ကား နဲ့ မီးသတ်ရဲဘော်များရှိနေသော်လည်း ရေအလုံအလောက်မရှိပါက မီးငြိမ်းသတ်ရန်အခက်အခဲ များစွာဖြစ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ အောက်ပါမေးခွန်းများကို မေးမြန်းမှာဖြစ်ပါ တယ်။ အထပ်မြင့်တိုက်ခန်းများကို မီးငြိမ်းသတ်နိုင်သော ခေတ်မီသောအထူးမီးသတ်ယာဉ်ကြီးများ အလုံအလောက် ရှိ၊ မရှိ သိလိုပါတယ်ခင်ဗျား။ မီးသတ်သင်တန်းကျောင်းမှ ကျွမ်းကျင်သော မီးသတ်သမားများ နှစ်စဉ်အလုံအလောက် မွေးထုတ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုပါတယ်ခင်ဗျား။ မီးလောင်မှုဖြစ်နေလျှင် အမြန်ဆုံးရေသယ်ယူနိုင်ရန်အတွက် ရန်ကုန်မြို့ရဲ့လမ်းမကြီးများဖြစ်တဲ့ ကမ်းနားလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးများတစ်လျှောက် ယခင်ကရှိခဲ့ဖူးသော အလွယ်တကူရေစုပ်ယူနိုင်သော မီးသတ်ပိုက်ခေါင်း များ ပြန်လည်တပ်ဆင်ရန်အစီအစဉ် ရှိ၊ မရှိ နဲ့ မီးသတ်ယာဉ်များ အလွယ်တကူရေစုပ်ယူနိုင်ရန် အတွက် အင်းလျားကန်၊ ကန်တော်ကြီးစသော ရေကန်ကြီးများ၏ ကန်ပတ်လမ်းများတွင် မီးသတ်ကား များ အလွယ်တကူရေစုပ်နိုင်ရန် သီးခြားလုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိနဲ့ ရပ်ကွက်များတွင် ဂါလန် ၅၀၀၀ မှ ဂါလန် ၁၀၀၀၀ အထိ ရေထည့်နိုင်သော အုတ်ရေကန်များ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းပါသည်။
ပထမမေးခွန်းဖြစ်တဲ့ မီးသတ်ဦးစီးဌာနတွင် ခေတ်မီမီးသတ်ယာဉ်များနှင့် အထပ်မြင့်တိုက်ခန်းများကိုမီးငြှိမ်းသတ်နိုင်သော အထူးမီးသတ်ယာဉ်များအလုံအလောက် ရှိ၊ မရှိနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးချုပ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ မီးသတ်စခန်း ၄၄ ခုရှိပါတယ်။ အဲဒီမှာ မီးသတ်ယာဉ် ၁၀၇ စီးရှိပါတယ်။ ရေသယ်ယာဉ် ၁၄ စီးနှင့် အထောက်အကူပြုယာဉ် ၅၀ စီး စုစုပေါင်း ၁၇၁ စီးဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်နဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်းတင်ပြလိုပါတယ်။ အဆိုပါ ယာဉ်များအနက် မီးငြှိမ်းသတ်ရေးယာဉ်ဖြစ်တဲ့ အမြှုပ်ဆေးတင်ယာဉ် ၄ စီး၊ အသက်ကယ်ယာဉ် ၂ စီး၊ မီးဆလိုက်တင်ယာဉ် ၁ စီး၊ အသက်ရှူကိရိယာတင်ယာဉ် ၁ စီး၊ ရေမှုန်ထုတ်မီးသတ်ယာဉ် ၁ စီး၊ လှေကားတင်မီးသတ်ယာဉ် ၇ စီး၊ အမြင့်တင်မီးသတ်ယာဉ် ၁ စီး၊ ရေမျှော်စင်မီးသတ်ယာဉ် ၂ စီး၊ စုစုပေါင်း ၁၉ စီးနဲ့ ရေရရှိရေးအထူးယာဉ်များအဖြစ်နဲ့ ရေဂါလန် ၈၀၀၀ ဆံ့မီးသတ်ယာဉ် ၁ စီး၊ ရေဂါလန် ၃၅၀၀ ဆံ့မီးသတ်ယာဉ် ၂ စီးတို့ကို မီးသတ်ဦးစီးဌာနရုံးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး မှာရှိတဲ့ မီးသတ်စခန်းတွေမှာ အသီးသီးဖြန့်ကျက်တာဝန်ချထားပြီးတော့ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိတဲ့အတွက် လက်ရှိအနေအထားမှာ ခေတ်မီမီးသတ် ယာဉ်များနဲ့ အထပ်မြင့်တိုက်ခန်းများကိုမီးငြှိမ်းသတ်နိုင်တဲ့ အထူးမီးသတ်ယာဉ်များ လုံလောက်စွာ ရှိကြောင်းတင်ပြလိုပါတယ်။
အဆောက်အဦများကို မီးဘေးလုံခြုံရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေ ပုဒ်မ ၁၈ (က)မှာ ၃ ထပ်နှင့်အထက်ရှိသော အဆောက်အဦများ၊ စုပေါင်းအိမ်ရာများဆောက်လုပ်ရာတွင် သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းသည် မီးဘေးကြိုတင်ကာကွယ်တားဆီးရေးအလို့ငှာ မီးသတ် ဦးစီးဌာန၏သဘောတူညီချက်ရယူရန်ကိုလည်းကောင်း၊ ပုဒ်မ ၂၆ အရ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန သို့မဟုတ် မီးဘေးအန္တရာယ်စိုးရိမ်ရသော စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲသူသည် မီးသတ်ဦးစီးဌာန၏ညွှန်ကြားချက်နှင့်အညီ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများကိုထားရှိရန်ပျက်ကွက်ခြင်းမရှိစေရဟူ၍လည်းကောင်း၊ ပုဒ်မ ၃၃ တွင် ပြဋ္ဌာန်း ချက်တစ်ခုခုကိုဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် (၃)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရန်ဟူ၍လည်းကောင်းပြဋ္ဌာန်း ထားရှိပါတယ်။ အမြင့်တင်ယာဉ်များဟာ အဆောက်အဦ ရှစ် ထပ်အမြင့်ထိသာ မီးငြိမ်းသတ်နိုင်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ပါတယ်။ သို့ပါ၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်တပ်ဖွဲ့ဥပဒေပါပြဋ္ဌာန်းချက် များနှင့်အညီ နိုင်ငံတကာနည်းတူ အထပ်မြင့်အဆောက်အဦတိုင်းတွင် အဆောက်အဦအမျိုးအစား အလိုက် လွတ်မြောက်ပေါက်များ စံချိန်စံညွှန်းနှင့်အညီထားရှိရေး၊ မီးအချက်ပေးစနစ်များထားရှိရေး၊ အသင့်တပ်ဆင်ထားသော မီးငြှိမ်းသတ်ရေးစနစ်များ စံချိန်စံညွှန်းနှင့်အညီ ထားရှိရေးတို့ကို အဆောက်အဦမဆောက်လုပ်မီ အဆောက်အဦပုံစံအားစစ်ဆေးအကြံပြုခြင်း၊ အဆောက်အဦ ဆောက်လုပ်ပြီးစီးပါက အကြံပြုချက်အတိုင်းလိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ စစ်ဆေးခြင်းများကို မီးသတ်တပ်ဖွဲ့ဥပဒေအရ ဆောင်ရွက်ပိုင်ခွင့်ရှိပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ မီးဘေးလုံခြုံရေး အစီအမံများကို ပိုမိုကောင်းမွန်စွာထားရှိရေး၊ စစ်ဆေးရေးတို့အတွက်လည်းပဲ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်နယ်/တိုင်းဒေသအစိုးရအဖွဲ့များနဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြန်ကြားအပ်ပါတယ်။ ဒုတိယမေးခွန်းဖြစ်တဲ့ မီးသတ် သင်တန်းကျောင်းမှကျွမ်းကျင်သောမီးသတ်သမားများ နှစ်စဉ်လုံလောက်စွာမွေးထုတ်ပေးနိုင်ခြင်း ရှိ၊ မရှိ ဆိုတဲ့ ကိစ္စနဲ့စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များလေ့ကျင့်ရေးနှင့်ပတ်သက်ပြီးတော့ မီးသတ်ဦးစီးဌာန(ရုံးချုပ်) လေ့ကျင့်ရေးဌာနစုနဲ့ ဗဟို မီးသတ်သင်တန်းကျောင်းတို့မှာ အရန်မီးသတ်တပ်ဖွဲ့ဝင်များမွမ်းမံသင်တန်း၊ အခြေခံမီးသတ် ပညာသင်တန်း၊ တန်းမြင့်မီးသတ်ပညာသင်တန်း(အခြားအဆင့်)၊ အဆင့်မြင့်မီးသတ်ပညာသင်တန်း (အခြားအဆင့်)၊ မီးသတ်နည်းပြသင်တန်း(အခြားအဆင့်)၊ မီးသတ်တပ်စုမှူးလောင်းသင်တန်း၊ စခန်း အဆင့်အုပ်ချုပ်မှုမွမ်းမံသင်တန်း၊ မြို့နယ်အဆင့်အုပ်ချုပ်မှုမွမ်းမံသင်တန်း၊ အဆင့်မြင့်မီးသတ်အရာရှိ သင်တန်း၊ မီးသတ်ပညာနည်းပြသင်တန်း(အရာရှိအဆင့်)စသည့် သင်တန်းအမျိုးအစားပေါင်း ၂၃ ခု ကို ပုံမှန်ဖွင့်လှစ်လျက်ရှိရာ နှစ်စဉ်တပ်ဖွဲ့ဝင် ၂၄၄၀ ဦးတို့ကိုလေ့ကျင့်ပေးနိုင်ပါတယ်။
အလားတူပဲ အရန်မီးသတ်တပ်ဖွဲ့ဝင်များကိုလည်းပဲ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအား မြို့နယ် အလိုက် အကြိုအခြေခံမီးသတ်သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ အရန်မီးသတ်တပ်ဖွဲ့ဝင် များ လေ့ကျင့်ရေးသင်တန်းများကို ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလကနေပြီးတော့ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လအထိ နိုင်ငံတော်တစ်ဝန်းလုံးမှာ မြို့နယ်အသီးသီးမှာ သင်တန်းပေါင်း ၁၃၀၇ ကြိမ် ဖွင့်လှစ်ခဲ့ ပြီးတော့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၂၈၈၀၄ ဦးတို့ကိုလေ့ကျင့်ပေးခဲ့ပါတယ်။ ဒီ့အပြင် နိုင်ငံတော် အစီအစဉ်နဲ့ ၁၉၈၈ ခုနှစ်မှစပြီးတော့ ယနေ့အထိနိုင်ငံပေါင်း ၁၅ နိုင်ငံသို့ မီးသတ်တပ်ဖွဲ့ဝင် ၁၈၀ ဦး ကိုစေလွှတ်ပြီးတော့မှ သင်တန်းများတက်ရောက်စေခဲ့ပြီး နိုင်ငံတကာမီးသတ်နည်းပညာသင်တန်းများ ကိုလည်းပဲ ဆင့်ပွားပြန်လည်ပို့ချပေးလျက်ရှိနေပါတယ်။ ဒါကြောင့်မီးသတ်တပ်ဖွဲ့လုပ်ငန်းများအတွက် ကျွမ်းကျင်သောမီးသတ်သမားများ နှစ်စဉ်အလုံအလောက် မွေးထုတ်ပေးနိုင်ပါကြောင်းပြန်ကြား အပ်ပါတယ်။ ဆက်လက်၍ တတိယမေးခွန်းဖြစ်တဲ့ မီးလောင်မှုဖြစ်ပွားစဉ် အမြန်ဆုံးရေသယ်ယူ နိုင်ရန်အတွက် ရန်ကုန်မြို့လမ်းမကြီးများဖြစ်သော ကမ်းနားလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက်တွင် ယခင်ကရှိခဲ့သော အလွယ် တကူရေစုပ်ယူနိုင်သည့် မီးသတ်ပိုက်ခေါင်းများပြန်လည်တပ်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ ဆိုတဲ့ ကိစ္စနဲ့စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ မီးလောင်မှုဖြစ်ပေါ်ပါက အလွယ်တကူရေရရှိနိုင်ရန်အတွက် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လကနေစပြီးတော့ စက်တင်ဘာလအထိ ကျွန်တော်တို့မီးသတ်တပ်ဖွဲ့အနေနဲ့ အသေးစိတ်ကွင်းဆင်းပြီးစာရင်းကောက်ယူခဲ့ပါတယ်။ ရန်ကုန် မြို့တော်မှာ မီးသတ်ရေငုတ် ၃၉၀ တပ်ဆင်ထားသည့်အနက် ကောင်းမွန်စွာအသုံးပြုနိုင်သည့် မီးသတ် ရေငုတ် ၁၈၃ ခုရှိပါတယ်။ ရေအားနည်းပြီးအသင့်အတင့်အသုံးပြုနိုင်တဲ့ မီးသတ်ရေငုတ် ၆၉ ခု ရှိပါတယ်။ အသုံးပြုလို့မရတဲ့ မီးသတ်ရေငုတ် ကတော့ ၁၃၈ ခုရှိကြောင်းတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဒီ မီးသတ်ရေငုတ်တွေကို စွမ်းအားပြည့်အသုံးပြုနိုင်ရေးအတွက် ပြန်လည်ပြင်ဆင်သွားဖို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့်ညှိနှိုင်းပြီးဖြစ်တဲ့အတွက် ဆောင်ရွက်နေဆဲအခြေအနေတွင်ရှိပါကြောင်း ပြန်ကြားအပ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ စတုတ္ထမေးခွန်းဖြစ်တဲ့ မီးသတ်ယာဉ်များအလွယ်တကူရေစုပ်ယူနိုင်ရန် အင်းလျားကန်၊ ကန်တော်ကြီးစသည့် ရေကန်ကြီးများတွင် လေးဘက်လေးတန်တွင် မီးသတ်ကား ပါကင်များ သီးခြားလုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိနဲ့ ရပ်ကွက်များတွင် ဂါလန် ၅၀၀၀ မှ ဂါလန် ၁၀၀၀၀ အထိ ရေထည့်နိုင်သောအုတ်ရေကန်များတည်ဆောက်ပေးထားရန် အစီအစဉ် ရှိ၊ မရှိ တို့နဲ့ စပ်လျဉ်း၍ မီးသတ်ယာဉ်များအလွယ်တကူရေစုပ်ယူနိုင်ရေးအတွက် မီးသတ်တိုင်များ၊ မီးသတ် ပိုက်ခေါင်းများအပြင် မြို့နယ်အသီးသီးရှိရေတွန်းစက်များတွင် ြမေစိုက်ရေကန်များလည်း အရေးပေါ် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက ရေစုပ်ယူနိုင်ရန်စီစဉ်ထားရှိပါတယ်။ လက်ရှိအားဖြင့် မြို့နယ်များတွင် အဝီစိရေစက် ၅၅ နေရာ၊ ဂါလန် ၃၀၀၀ မှ ဂါလန် ၂၀၀၀၀၀ ထိ ဆံ့တဲ့အုတ်ကန်ပေါင်း ၂၃ ခုနဲ့ သဘာဝကန် ၄၁ ကန်ကနေပြီးတော့ ရေရရှိနိုင်ပါတယ်။
လက်ရှိအရေအတွက်အားဖြင့် ကန်တော်ကြီးတွင် မီးသတ်ကားရေယူနိုင်တဲ့နေရာ ၃ ခု အင်းလျားကန်တွင် မီးသတ်ကားရေယူနိုင်တဲ့နေရာ ၃ ခု ရှိပါတယ်။ မီးသတ်ယာဉ်များတွင်ပါတဲ့ ရေစုပ်ပိုက်တွေဟာ ၂၈ ပေ ရှည်တဲ့အတွက် ပိုက်မီတဲ့အခြားနေရာများမှာလည်းပဲ ကန်နံဘေး ကနေပြီးတော့ ရေစုပ်ယူနိုင်ပါတယ်။ အင်းလျားကန်နှင့် ကန်တော်ကြီးအစရှိတဲ့ရေကန်များမှာ လေးဖက်လေးတန်တွင် မီးသတ်ကားပါကင်များ ယခုထက်ပိုမိုထားရှိပါက ပိုမိုကောင်းမွန်ပါသဖြင့် သင့်လျော်သောနေရာများတွင် မီးသတ်ကားပါကင်များ ထပ်မံပြုလုပ်သွားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ညှိနှိုင်းပြီးဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။
