(ခ)-ဆေးဘက်ဆိုင်ရာတက္ကသိုလ်များနှင်‌့ ကျောင်းများတွင် ဆေးပညာကျင့်ဝတ် Medical Professionalism ဘာသာရပ်အား တိုးချဲ့သင်ကြားပေးရန်အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒုတိယနေ့ (၁၉.၁၀.၂၀၁၂)

ဗိုလ်မှူးမြတ်မိုး(တပ်မတော်သားကိုယ်စားလှယ်)

ခေတ်အဆက်ဆက် ဆေးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှာ ဆရာဝန်နှင့် လူနာဆက်ဆံရေးများဟာ သိမ်မွေ့စွာရှိခဲ့ပြီးမှ ယနေ့ခေတ်ကာလမှာတော့ ဆရာဝန်၊ လူနာဆက်ဆံရေးရဲ့အချို့သော အစိတ် အပိုင်းများမှာ အမြင်သဘောထားပြောင်းလဲမှုများနှင့်အတူ ဆေးကုသမှုနယ်ပယ်မှာ ကြိုတင်မခန့်မှန်း နိုင်တဲ့ စိန်ခေါ်မှုများစွာကြုံတွေ့ရင်ဆိုင်နေရတယ်လို့ ထင်မြင်ယူဆပါတယ်။ ဆရာဝန်နှင့် လူနာကြား ဆက်ဆံရေးများစွာပြောင်းလဲမှုများရှိလာနေခြင်းနှင့်အတူ ဆေးကုသမှုနယ်ပယ်ရဲ့ စိန်ခေါ်မှုများဟာ မည်သည့်အချက်တွေပေါ်မှာ အခြေခံပြီးဖြစ်ပေါ်လာသလဲလို့ ပြန်လည်ဆန်းစစ် ကြည်‌့လို့ရှိရင် တစ်ဦးချင်းစီရဲ့လိုအပ်ချက်များ များပြားလာခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်များ မတူညီတော့ခြင်း၊ ၎င်းလိုအပ်ချက်တွေ မတူညီမှုများကို ပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်မည့် အရင်းအမြစ်များရရှိမှုမှာ တော့ အကန့်အသတ်များရှိလာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့ အချို့သောကဏ္ဍများမှာ အားကောင်းရှင်သန်လာနေတဲ့ ဈေးကွက်စီးပွားရေးစနစ်ရဲ့ ဖိအားများအပေါ် ပိုမိုမှီခိုလာနေရခြင်း၊ အချို့သောဆေးကုသသူများအနေဖြင့်လည်း လူနာ၏အကျိုးစီးပွားကိုသာ အစဉ်ဦးထိပ်ထားပါမည် ဆိုသော ရှေးအစဉ်အဆက်လိုက်နာခဲ့တဲ့ကတိသစ္စာကို သွေဖည်ကျောခိုင်းသလိုဖြစ်လာခြင်းစတဲ့ အချက်များဟာ အကြောင်းအရင်းများဖြစ်တယ်လို့ ယူဆမိပါတယ်။ ထို့ကြောင့် ဆေးကုသမှုပဋိညာဉ် စာတမ်းရဲ့ မူလကတည်းကတည်ရှိပြီးဖြစ်တဲ့ အခြေခံလမ်းညွှန်မူဝါဒများနှင့် တိကျတဲ့ Professionalism တာဝန်ဝတ္တရားများ၊ ကတိသစ္စာများကို ဆေးလောကတစ်ရပ်လုံး နားလည်သဘောပေါက်နိုင်စေရန် အတွက်လည်းကောင်း၊ ဆေးဘက်ဆိုင်ရာပညာရှင်များရဲ့ အရည်အသွေးတိုးတက် မြင့်မားလာပြီး Medical Ethics တစ်ခုရဲ့ ဂုဏ်ဒြပ်ကြီးမားရန်အတွက်လည်းကောင်း၊ နှစ်ဦးနှစ်ဖက်မေတ္တာစေတနာ အပြန်အလှန်ထားပြီးတော့မှ အပြုသဘောဆောင်တဲ့ဆရာဝန်နှင့် လူနာကြားဆက်ဆံရေးကို ပြန်လည် တည်ဆောက်နိုင်ရန်အတွက်လည်းကောင်း ဆေးပညာကျင်‌့ဝတ် ဘာသာရပ်ကို စီမံကိန်းချမှတ်တိုးချဲ့ သင်ကြားရန်လိုအပ်မယ်လို့ ထင်မြင်ယူဆမိပါတယ်။ ထို့ကြောင့် ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်း ကတော့ ဆေးကုသမှုဆိုင်ရာအသက်မွေးမှုတစ်ရပ်လုံးကို ဘောင်ကွပ်သွတ်သွင်းပေးမယ့်စံနှုန်းများ၊ တန်ဖိုးများ၊ မူဝါဒများနှင့် တင်းကြပ်တဲ့ကျင့်ဝတ်စည်းကမ်းများကို မိတ်ဆက်ပေးမယ့် ဆေးပညာ ကျင့်ဝတ်ဘာသာရပ်ကို ဆေးတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များ၊ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာကျောင်းများမှာ တိုးချဲ့ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားပို့ချပေးရန် အစီအစဉ်ရှိ၊ မရှိ။ ပုံမှန်သင်ကြားနေပါကလည်း ပုံမှန်တိုးမြှင့်သင်ကြားပေးရန် အစီအစဉ်ရှိ၊ မရှိ။ ၎င်းဘာသာရပ်နှင့်ပတ်သက်ပြီး သင်ကြားတတ်မြောက်မှုကို မည်သို့ဆန်းစစ် အကဲဖြတ်ရန်အစီအစဉ်ရှိ၊ မရှိတို့အားသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
အဖြေ

ကျန်းမာရေး ဝန်ကြီးဌာန ဆေးသိပ္ပံပညာဦးစီးဌာနဟာ ဆေးပညာနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များရဲ့ သင်ရိုး ညွှန်းတမ်းတွေကို ခေတ်ကာလနှင့်အညီပြောင်းလဲတိုးတက်စေရန် အစဉ်အမြဲပြန်လည်သုံးသပ်ပြင်ဆင် နိုင်ရေးအတွက် ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲတွေကို ၁၉၆၄ ခုနှစ်မှ စတင်ပြီး အခါအား လျော်စွာကျင်းပခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာကျင်းပခဲ့တဲ့ ဆဋ္ဌမအကြိမ်ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲမှာ ဆေးသိပ္ပံပညာဦးစီးဌာနလက်အောက်မှာရှိတဲ့ ၁၄ ခုသော ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်အားလုံးရဲ့ သင်တန်းများမှာ  အရည်အသွေးပြည့်ဝပြီးတော့ ကျင့်ဝတ် သိက္ခာထိန်းသိမ်း၍ ကိုယ့်ရဲ့ပညာရပ်ကိုလေးစားတန်ဖိုးထားပြီး ဗြဟ္မစိုရ်တရားနှင့်အညီ လူ့ဘောင် အဖွဲ့အစည်းမှာ ချောမွေ့စွာကျင့်ကြံနေထိုင်တတ်တဲ့ ဆေးပညာရှင်များမွေးထုတ်နိုင်ရေးအတွက် ရည်ရွယ်ပြီးတော့ ဆေးပညာကျင့်ဝတ်ဆိုင်ရာသဘောတရား (Medical Ethics)။ အဲ့ဒါအပြင် Medical Ethics အပြင် Professionalism, Patient Safety, Communication Scale စတာတွေဟာ မရှိမဖြစ် ဆရာဝန်တိုင်းလိုအပ်တဲ့ ဆေးပညာရှင်တိုင်းလိုအပ်တဲ့အချက်ဖြစ်တဲ့အတွက် ကျွန်တော်တို့   ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ပိုင်းဆိုင်ရာဘက်စုံဖွံ့ဖြိုးတိုးတက်မှု ပေါင်းစုံမြှင့်တင်ရေး အစီအစဉ် ကျွန်တော်တို့အခေါ်တော့ TPPD လို့ခေါ်ပါတယ်။ Total Personal and Professional Development Program ကို ကျောင်းတွေမှာစတင်သင်ကြားပေးလျက် သင်ကြားပေးတာတော့ ကြာပါပြီ။ တိုးမြှင့်ပြီးတော့ သင်ကြားပေးနေပါတယ်။ TPPD သင်ကြားရေးအစီအစဉ်အတွက် ဆေးသိပ္ပံ ပညာဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များမှာ စုစုပေါင်း သင်တန်းနာရီ ၁၀၀ ကြာအောင် ဆွေးနွေးသဘောတူခဲ့ကြလို့ သင်ရိုးညွှန်းတမ်းတွေရေးဆွဲခဲ့ပါတယ်။

          ကားပေးခြင်းအပြင် သူတို့ကိုယ်တိုင်လိုလားတဲ့ Topit လေးတွေလည်း ထည်‌့ပေးပါတယ်။ ပြင်ပ ပညာရှင်များ ကျွန်တော်တို့ မန္တလေးဆေးတက္ကသိုလ်မှာနေခဲ့တုန်းက ကွယ်လွန်သွားတဲ့ စာရေးဆရာ ကာတွန်းဆရာကံချွန်တို့၊ ပြင်ပက အနုပညာတက္ကသိုလ်က ပညာရှင်ကြီးများ၊ စာရေးဆရာများကို ဖိတ်ခေါ်ပြီးတော့ စာရေးဆရာမ ဆရာနေဝင်းမြင့်ရဲ့ဇနီး ဒေါ်ခင်ခင်ထူးတို့ဖိတ်ကြားပြီးတော့ ကျွန်တော် တို့ TPPD မှာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်သင်ကြားပေးပါတယ်။ ဒီ Medical Ethics တို့  Professionalism တို့က ယခင်က နောက်ဆုံးနှစ်အပိုင်း(က) ဥပဒေဆိုင်ရာဆေးပညာ သင်တန်းများမှာ ပဲ သင်ကြားခဲ့ပေမယ့် ယခုအချိန်မှာ သင်တန်း ၅ နှစ် ရှေ့လာမယ့်နှစ်ဆို ၆ နှစ်စလုံးမှာ ဖြန့်ကြက် ပြီးတော့ အားလုံးမှာသင်ကြားဖို့ဆောင်ရွက်ထားပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကျင်းပပြုလုပ်တဲ့ သင်ရိုး ညွှန်းတမ်းရေးဆွဲတဲ့ အစည်းအဝေးကနေပြီးတော့ ၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှစပြီးတော့ ပညာသင်နှစ်အသီးသီးမှာ Professionalism, Medical Ethics စတဲ့ Topit တွေကို Integrated Teaching ပုံစံမျိုးဖြင့် စုစုပေါင်း ၃၆ နာရီ သာမန်သင်ကြားပေးလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးမြတ်မိုးကနေပြီးတော့ ဆေးပညာကျင့်ဝတ် ဘာသာရပ်အား တိုးချဲ့ဘာသာရပ်တစ်ခုအဖြစ် ဘာသာရပ်လို့တော့ ပြောလို့မရပါဘူးခင်ဗျ။ ဘာသာရပ်ဆို ဆေးတက္ကသိုလ်မှာ ဒုတိယနှစ်ကနေစပြီးတော့ ၃ ဘာသာ၊ ၃ ဘာသာ၊ ၃ ဘာသာ၊ ၄ ဘာသာ၊ ၁၃ ဘာသာသင်ကြားတယ်။ သူက ဘာသာတစ်ခုချင်းမဟုတ်ဘဲနဲ့ ဘာသာရပ်အားလုံးနဲ့ Cross Cutting ဖြစ်နေတဲ့ကိစ္စဖြစ်တဲ့အတွက် အတန်းပေါင်းစုံမှာ Integrated Teaching မျိုးနဲ့ သင်ကြားပေးနေပါကြောင်း ဖြေကြားပါသည်။