(ဂ)-မိုးညို မြို့နယ်၊မြို့ပေါ်(၅)ရပ်ကွက်ရှိလျှပ်စစ်ဓာတ် အားစနစ်ကောင်းမွန်စေရန်ရန်ပုံငွေတောင်း ခံခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၄)ရက်မြောက်နေ့ (၂၆.၃.၂၀၁၅)

ဦးနန်းဦး (မိုးညို)မိမိတို့ မိုးညိုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိပြီး လက်ရှိသုံးစွဲလျက်ရှိသော မီးတိုင်နှင့် လိုင်းကြိုးများသည် ပထမမြို့၊ ဒုတိယ မြို့မှ ပြောင်းရွှေ့အသုံးပြုရသည့် သံတိုင်များ၊ ကြိုးများ ဖြစ်သည့်အတွက် ယခုအခါ အောက်ခြေများ ဆွေးမြေ့နေခြင်း၊ သစ်သားချောင်းများ အစားထိုးရခြင်း၊ အချို့လမ်းမကြီးနှင့် လမ်းသွယ်များတွင် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းထားရှိမှုမရှိခြင်း၊ အိမ်သုံး မီတာများ အတွက် Service ကြိုးကို ရှည်လျားစွာ သွယ်တန်းသုံးစွဲရခြင်းများ ဖြစ်ပေါ်နေပါကြောင်း၊ မိမိတို့ မိုးညိုမြို့ပေါ်တွင်  ၄၀၀ ဗို့အားလိုင်း ၄၃၉ ခန်း၊ အရှည်ပေပေါင်း ၅၁၄၄၀ ပေ တိုးချဲ့တည်ဆောက်ခြင်း၊ လိုအပ်မည့်နေရာများတွင် ထရန်စဖော်မာများ တပ်ဆင်ပေးခြင်းလုပ်ငန်းများ လိုအပ်လျက်ရှိပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့် တွေ့ဆုံပွဲတွင် မိမိတို့ မြို့နယ် အထောက်အကူဥက္ကဋ္ဌ ဦးဌေးမြင့်မှ တင်ပြခဲ့ရာတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ကျွမ်းကျင်ပညာရှင်များ စေလွှတ်၍ စိစစ်ဆောင်ရွက်ပေးသွားမည်ဟုသိရှိရပါကြောင်း။ ထို့ကြောင့် မိမိတို့ မိုးညိုမြို့နယ် မြို့ပေါ် (၅)ရပ်ကွက် ဓာတ်အားစနစ်ကောင်းမွန်စေရန် နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ ချထားပေးရေးရန်နှင့် စပ်လျဉ်း၍ သိရှိလိုပါကြောင်းမေးမြန်းပါသည်။

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်တာထွေးမိုးညိုမြို့ပေါ်တွင် ရပ်ကွက် (၅)ရပ်ကွက်ရှိပြီး ဓာတ်အားလိုင်းကြိုး အသေးများကို ကြိုးအကြီးဖြင့် လဲလှယ်ရန် ၆.၄၂ မိုင်နှင့် ဆွေးမြေ့သံတိုင် ၁၃၃ တိုင်၊ သစ်သားတိုင် ၁၆၃ တိုင်ကို ၉ မီတာ ကွန်ကရစ်တိုင်များဖြင့် လဲလှယ်ရန် လိုအပ်နေပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေနှင့် မိုးညိုမြို့ပေါ်ရှိရပ်ကွက်များ ဓာတ်အားစနစ်ကောင်း မွန်စေရေးအတွက်  (က) သခင်လှရှိန်ရပ်ကွက် နီလာလမ်း၊ ပတ္တမြားလမ်း၊ ပုလဲသွယ်လမ်း၊ မဟူရာလမ်း၊ အလောင်းဘုရားလမ်းများ ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၅၀၀ ပေနှင့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးတည်ဆောက်ခြင်း၊ (ခ) မြို့မရပ်ကွက် အင်ကြင်းမြိုင်လမ်း၊ ပျဉ်းမ မြိုင်လမ်း၊ ထင်းရှူးမြိုင်လမ်း၊ ယင်းမာမြိုင် လမ်းနှင့် ရွှေမကျီး ပင်လမ်းများ ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီဓာတ်အားလိုင်း ၂၅၀ ပေနှင့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးတည်ဆောက်ခြင်း၊ (ဂ) ဇောတိကရပ်ကွက်၊ ဈေးချိုလမ်း၊ ပန်းမဉ္ဇူလမ်း၊ အလောင်းဘုရားလမ်း၊ ပန်းသပြေလမ်း၊ ပန်းစံပယ် လမ်းနှင့် ဗိုလ်နေဝင်းလမ်းများ ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၂၀၀ ပေနှင့် ၂၀၀ ကွေဗီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်း၊ (ဃ) ရွှေပြည်သာရပ်ကွက် အောင်စြင်္ကာလမ်း၊ အောင်မြေသာလမ်း၊ အောင်ချမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အောင်ကျော်ဇေယျလမ်းများ ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီဓာတ်အားလိုင်း ၁၂၀၀ ပေနှင့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ တစ်လုံးတည်ဆောက်ခြင်း လုပ်ငန်းများကို ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသောလုပ်ငန်းများကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုနိုင်သော ရန်ပုံငွေအခြေအနေအရ ကျန်ရှိခဲ့ရခြင်းဖြစ်ပါကြောင်း၊

တိုင်းဒေသကြီး/ပြည်နယ်များတွင် ဓာတ်အားဖြန့်ဖြူးပေးထားသော ဓာတ်အားစနစ်အတွင်း ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ပြီး နှစ်အလိုက် တိုးချဲ့ခြင်း၊ အစားထိုးလဲလှယ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ၁၁ ကေဗွီဓာတ်အားလိုင်း၊ ထရန်စဖော်မာငယ်များနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းများ အသစ်တည်ဆောက်ခြင်း၊ အဟောင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များက ရန်ပုံငွေ တောင်းခံ၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး မေးခွန်းပါ မိုးညိုမြို့နယ်၊ မြို့ပေါ်(၅)ရပ်ကွက် ဓာတ်အားပေးစနစ် ကောင်းမွန်စေရေးအတွက် အထက်ပါလုပ်ငန်း များကို ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး လိုအပ်သော ကျန်ရှိလုပ်ငန်းများ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လာမည့် ဘဏ္ဍာနှစ်များတွင် ထည့်သွင်းတောင်းခံပြီးှ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။