(င)-ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးသည့်နောက်ပိုင်း ပြည်ထောင်စုတရားသူကြီးများသည် အကျဉ်း စခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ်စခန်းများသို့ သွားရောက်စစ်ဆေးမှုနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒသမနေ့ (၇.၁၁.၂၀၁၂)

(က) ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးသည့်နောက်တွင် ပြည်ထောင်စုတရားသူကြီးများသည် အကျဉ်းစခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ်စခန်းများ သို့ သွားရောက်စစ်ဆေးသည့်အကြိမ် မည်မျှရှိပါသနည်း။ (ခ) စစ်ဆေးကြည့်ရှုရာတွင် အကျဉ်းသား များ အချုပ်သားများ၏ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့်  ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်အောင် မည်ကဲ့သို့ ကြီးကြပ်ကွပ်ကဲခြင်းနှင့် ဝိုင်းဝန်း ကူညီခြင်း ပြုခဲ့ပါသနည်း။ (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ချုပ် တရားသူကြီး များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၊ ခရိုင်တရားသူကြီးများကို အကျဉ်းစခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ်စခန်းများကို စစ်ဆေးရန် ထပ်ဆင့်ညွှန်ကြားချက်များ ထုတ်ပြန်ပြီး စစ်ဆေးကြည့်ရှုမှုများနှင့်ပတ်သက်၍ ထူးခြားသော အချက်အလက်များကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ အစီရင်ခံမှုများ ရှိပါသလား။ (ဃ) ယင်းအစီရင်ခံစာများနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်မှု မည်မျှရှိခဲ့ပါသနည်း။ (င) အကျဉ်းထောင် လက်စွဲဥပဒေအပိုဒ် ၈၃၈ နှင့် ၈၄၈ တို့အရ ခံစားခွင့်ရှိသော သာမန်လျှော့ရက် များနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ ခရိုင်အုပ်ချုပ်ရေးအရာရှိ၊ ထောင်တာဝန်ခံအရာရှိ၊ တရားသူကြီး အစရှိသည်တို့က ပေးနိုင်သော အထူးလျှော့ရက်များ၊ ခံစားခွင့်များကို အကျဉ်းသားအချို့ မရရှိ သည်ကိုသိရှိခြင်း ရှိ/မရှိမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွန့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မေးခွန်း (က) နှင့်စပ်လျဉ်းလို့ ဖြေကြားရမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာ တည်ပြီးနောက်ပိုင်းမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများကအကျဉ်းထောင်များ၊ အကျဉ်းစခန်းများ၊ ရဲဘက်စခန်းများနှင့် ရဲတပ်ဖွဲ့အချုပ်စခန်းများကို သွားရောက်စစ်ဆေးခြင်းများ မရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ အဲဒီလို စစ်ဆေးခြင်း မပြုတဲ့အကြောင်းကတော့ ယခင်တုန်း ကတော့ တရားရုံးချုပ်နှင့် အကျဉ်းဦးစီးဌာနတို့က တရားရေးဝန်ကြီးဌာန တစ်ခုတည်းရဲ့အောက်မှာ ရှိခဲ့ပါတယ်။ အဲဒီလို တရားရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိစဉ်တုန်းကတော့  စက်ရှင်တရား သူကြီးများဟာ အကျဉ်းထောင်များကို လစဉ်သွားရောက်စစ်ဆေးကြရန်နှင့် အဲဒီလိုစစ်ဆေးတဲ့အခါမှာ  အချုပ်တရားခံများ၊ အကျဉ်းသားများ၏ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးကိစ္စများကိုလည်း မေးမြန်းကြည့်ရှုပြီးတော့ အစီရင်ခံစာမှာ ထည်‌့သွင်းဖော်ပြရန် ဆိုပြီးတော့ တရားရုံးချုပ်ညွှန်ကြားလွှာ အမှတ် (၈/၆၉) နှင့် (၈/၆၂) တို့အရ ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ခဲ့ဖူးပါတယ်။ ထိုစဉ်တုန်း ကတော့ စက်ရှင်တရားသူကြီးများက အကျဉ်းထောင်များကို သွားရောက်စစ်ဆေးပြီးတော့မှ တွေ့ရှိတဲ့ တွေ့ရှိချက်များကို တရားရေးဝန်ကြီးဌာနသို့ ပြန်လည်အစီရင်ခံတင်ပြလာတဲ့အခါမှာ တရားရေးဝန်ကြီး ဌာနကလည်း အစီရင်ခံစာမှာ ဖော်ပြတဲ့ကိစ္စများကို ဖြည့်ဆည်းပြီး ဆောင်ရွက်ပေးခဲ့တာရှိပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ အကျဉ်းဦးစီးဌာနဟာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာ ရောက်ရှိသွားပါတယ်။ အကျဉ်းဦးစီးဌာနဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြီးကြပ်ကွပ်ကဲ ရတဲ့ဦးစီးဌာန မဟုတ်တော့တဲ့အတွက် အကျဉ်းသားများရဲ့၊ အချုပ်သားများရဲ့ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဥပဒေနှင့်အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးများ ခံစားရရှိဖို့အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်ပေးနိုင်မှာ မဟုတ်တော့ပါဘူး။ ဒီလိုကိစ္စများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဘဏ္ဍာရေးခွင့်ပြုငွေ၊ ဘဏ္ဍာရန်ပုံငွေများလည်း မရှိပါဘူး။ လုပ်ပိုင်ခွင့်အာဏာလည်း မရှိတော့တဲ့အတွက် မေးခွန်း(ခ) နှင့်စပ်လျဉ်းပြီးတော့ အကျဉ်းသားများ၊ အချုပ်သားများရဲ့ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး များအတွက် ရသင့်ရထိုက်သော ခံစားခွင့်များရရှိနိုင်အောင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကျဉ်းထောင်များ၊ အချုပ်စခန်းများကို စစ်ဆေးမှုများ မပြုခဲ့ခြင်းဖြစ်ပါကြောင်း ဖြေကြားအပ်ပါ တယ်။ မေးခွန်း(ဂ)နှင့်စပ်လျဉ်းပြီးတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တရားသူကြီးများ၊ ခရိုင်တရားသူကြီးများကို အကျဉ်းထောင်များ၊ အကျဉ်းစခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ်စခန်းများကို စစ်ဆေးရန်အတွက် ထပ်ဆင့်ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ခြင်းလည်း မရှိပါကြောင်း ဖြေကြားပါတယ်။ သို့သော်လည်းပဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့ကတော့ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်မချမှတ်နိုင်ဘဲ ကြန့်ကြာနေတဲ့ တရားခံတွေ၊ ဥပဒေ အရခံစားခွင့်မရတဲ့ တရားခံတွေ ဘယ်လောက်ရှိတယ်ဆိုတာကို စစ်ဆေးဖော်ထုတ်နိုင်ဖို့အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က ပူးပေါင်းပြီးတော့ နည်းလမ်းများ ရှာကြံဆောင်ရွက်ရေးညှိနှိုင်းအစည်းအဝေးကို လစဉ်ဆောင်ရွက်လျက်ရှိပြီးတော့ အဲဒီအစည်းအဝေး ဆုံးဖြတ်ချက်အရ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာ ရှိတဲ့ တစ်နည်းအားဖြင့် တစ်ပြည်လုံးမှာ ရှိတဲ့ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်မချမှတ်နိုင်ဘဲ ကြန့်ကြာနေတဲ့ အမှုများမှ တရားခံများ၊ အချုပ်ကာလ အလိုက်ချုပ်နှောင်ခံရတဲ့ အချုပ်တရားခံများရဲ့ စာရင်းဦးရေကို အကျဉ်းဦးစီးဌာနက တစ်လမှာ တစ်ကြိမ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပေးပို့လျက်ရှိပါတယ်။ အဲဒီလိုပေးပို့တဲ့အစီရင်ခံစာ ဟာဖြင့်ရင် ပြည်ထောင်စုတရားသူကြီးများက အကျဉ်းစခန်းများကို သွားရောက်စစ်ဆေးတာထက် ပိုမိုပြည့်စုံတဲ့ စာရင်းဇယားများ ဖြစ်ပြီးတော့ ပေးပို့တဲ့စာရင်းမှာ တစ်ပြည်လုံးအတွက် ချုပ်နှောင်ထား တဲ့တရားခံများရဲ့စာရင်း၊ ၆ လအောက် ချုပ်နှောင်ထားတဲ့တရားခံ ကျားဘယ်နှစ်ဦး၊ မဘယ်နှစ်ဦး၊ ၆ လနှင့် အထက် ဘယ်လောက်၊ တစ်နှစ်နှင့်နှစ်နှစ်အထက် ဘယ်လောက်၊ နှစ်နှစ်နှင့်သုံးနှစ်အထက် ဘယ်လောက်ရှိတယ်၊ သုံးနှစ်အထက် ကျား၊ မစသည်ဖြင့် စုစုပေါင်းဘယ်လောက်ဆိုတာကို အသီးသီး ခွဲခြားဖော်ပြပြီးတော့မှ အစီရင်ခံစာပြုစုခြင်းဖြစ်ပါတယ်။ ဒီအစီရင်ခံစာများကို ရရှိတဲ့အခါမှာ ဒီအစီရင်ခံစာများကို ကြည့်ရှုပြီးတဲ့အခါမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြန့်ကြာနေတဲ့ အချုပ်တရားခံများကို အမှုအမြန်ဆုံးပြီးပြတ်ရေးအတွက်လည်းကောင်း၊ ဥပဒေနှင့်အညီ ရသင့်ရထိုက် တဲ့ခံစားခွင့်များ ရရှိရေးအတွက်လည်းကောင်း သက်ဆိုင်ရာ တရားရုံးများကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ စဉ်ဆက်မပြတ် ညွှန်ကြားဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။

          ကြယ်ပွင့်ပြ မေးခွန်း(ဃ)နှင့် စပ်လျဉ်း၍ ပြောရမယ်ဆိုရင်လည်း ဖြေကြားရမယ်ဆိုရင်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနနှင့် အခြား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လစဉ်ညှိနှိုင်းဆောင်ရွက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများရှိပါ ကြောင်းဖြေကြားအပ်ပါတယ်။

          မေးခွန်း(င)နှင့်စပ်လျဉ်းပြီးတော့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ခရိုင်အုပ်ချုပ်ရေး အရာရှိ၊ ထောင်တာဝန်ခံအရာရှိတွေက အကျဉ်းထောင် လက်စွဲအပိုဒ် ၈၃၈ နှင့် ၈၄၈ တို့အရ သာမန်လျှော့ရက်များနှင့် အထူးလျှော့ရက်ခံစားခွင့်များကို ပေးနိုင်တဲ့အတွက် ယင်းခံစားခွင့်များ အကျဉ်းသားအချို့မရရှိခြင်းမှာ အကျဉ်းဦးစီးဌာနနှင့်သာ သက်ဆိုင်သည်ဖြစ်ပါကြောင်း ဖြေကြားအပ် ပါသည်။

ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

အကျဉ်းဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက် သို့ရောက်နေတဲ့အတွက် လုပ်ပိုင်ခွင့်မရှိကြောင်း၊ ဘဏ္ဍာငွေမရှိကြောင်း တင်ပြချက်နှင့်ပတ်သက်၍ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၆၇ မှာ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများသည် ပြစ်ဒဏ်ကျခံနေသူများ၊ အချုပ်ခံနေရသူများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင်‌့အရေးများ ခံစားနိုင်ရေးနှင့် အမှုများ စစ်ဆေး ရာတွင် ကြန့်ကြာမှုမရှိစေရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံးရှိ အကျဉ်းစခန်းများ၊ ရဲဘက်စခန်း များ၊ ရဲတပ်ဖွဲ့အချုပ်စခန်းများ စစ်ဆေးကြည့်ရှုနိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီလိုပါပဲ ပုဒ်မ ၆၈ မှာ တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်ချုပ်နှင့်တရားသူကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း တရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများကိုလည်း အခုလိုပဲ အကျဉ်းစခန်းတွေ၊ ရဲဘက်စခန်းတွေ၊ ရဲတပ်ဖွဲ့အချုပ်စခန်းတွေကို စစ်ဆေးကြည့်ရှုနိုင်ဖို့ ပြည်ထောင်စုတရားစီရင်ရေးဥပဒေက ပြဋ္ဌာန်းထားပါလျက်နှင့် အခု အခြေခံဥပဒေ အာဏာတည်ပြီး နောက်ပိုင်းမှာ တစ်ကြိမ်တစ်ခါမျှ အကျဉ်းထောင်များ၊ ရဲဘက်စခန်းများ၊ အချုပ်စခန်းများသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အဆင့်ဆင့် ဥပဒေကပြဋ္ဌာန်းထားသော တရားသူကြီးများ သွားရောက်စစ်ဆေးမှုမရှိခြင်းသည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၆၇၊ ၆၈ ကို ပြည်ထောင်စုတရားရုံးချုပ်က လက်တွေ့မကျင့်သုံးကြောင်းဆိုလျှင် မှန်ကန်ခြင်း ရှိ/မရှိ မေးမြန်းပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး    ဦးစိုးညွန့်

ပြည်ထောင်စုတရား စီရင်ရေးဥပဒေမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်တရားသူကြီးများက အကျဉ်းစခန်းများ၊ အချုပ်စခန်းများကို စစ်ဆေးနိုင်တယ်လို့ ပြဋ္ဌာန်း ထားတာမှန်ကန်ပါတယ်။ မှန်တဲ့အချက်ဖြစ်ပါတယ်။ ဥပဒေကလည်း ဒီဥပဒေတင်မဟုတ်ပါဘူး။ ဒီဥပဒေမတိုင်ခင်ကလည်း တရားစီရင်ရေးဥပဒေတိုင်းမှာလည်း ဒီလိုတရားသူကြီးများက အချုပ် စခန်းများ၊ အကျဉ်းစခန်းများကို စစ်ဆေးနိုင်တယ်လို့ ပြဋ္ဌာန်းချက်တွေ ပါရှိပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တင်ပြချင်တာက ဒီလိုအချုပ်စခန်းများ၊ အကျဉ်းစခန်းများကို စစ်ဆေးတဲ့ဥစ္စာက တရား စီရင်ရေး တရားသူကြီးများရဲ့ တရားစီရင်ရေးပင်မတာဝန်မဟုတ်ပါဘူး။ လိုအပ်တဲ့အခါမှာသွား ရောက်စစ်ဆေးနိုင်ရန်အတွက် အခွင့်အာဏာ အပ်နှင်းထားခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီးများအနေနဲ့ကတော့ ပင်မတာဝန်ဖြစ်တဲ့ တရားစီရင်ရေးတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နေရတဲ့ အချိန်အခါမှာ ဒီအကျဉ်းစခန်းများကို လောလောဆယ်အားဖြင့် သွားရောက်စစ်ဆေးနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီလိုမစစ်ဆေးနိုင်တဲ့အတွက် အကျဉ်းစခန်းတွေမှာ ရောက်ရှိနေတဲ့ တရားခံများအတွက် ခံစားခွင့်ရှိတဲ့ အခွင့်အရေးများကိုရရှိ ခံစားခွင့် မဆုံးရှုံးရအောင် ကျွန်တော် ခုနက တင်ပြခဲ့တဲ့နည်းလမ်းများအရ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ဆောင်ရွက်လျက်ရှိကြောင်း တင်ပြခြင်းဖြစ်ပါတယ်။ အဲဒီလို တင်ပြတဲ့နေရာ မှာလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနများ ပူးပေါင်းပြီးတော့ကာ အကျဉ်းစခန်းများမှာရှိတဲ့ တရားခံများရဲ့ စာရင်း၊ သူတို့ရဲ့ အခြေအနေ အသေးစိတ်ကို ခုနက ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ သွားရောက်စစ်ဆေး တာထက် ပိုပြီးတော့ ပြည့်စုံတဲ့ စာရင်းဇယားများ တောင်းပြီးတော့ လိုအပ်တာတွေကို ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားလိုပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ အတွေ့အကြုံအရ တင်ပြရမယ်ဆိုရင်လည်း  ရှေးယခင်ကတည်းက တရားသူကြီးများအနေနဲ့လည်း အကျဉ်းစခန်းများကို သွားရောက်စစ်ဆေးခဲ့ဖူးတာ ရှိပါတယ်။ သွားရောက်စစ်ဆေးတဲ့အခါကျတော့လည်း တကယ်တမ်း ပြောကြမယ်ဆိုရင် ပြည့်စုံအောင် စစ်ဆေးနိုင်တာ မဟုတ်ပါဘူး။ သွားရောက်ပြီးတော့ အချုပ်စခန်း မှာရှိတဲ့ တရားခံများအားလုံးနှင့်လည်း တွေ့နိုင်တာမဟုတ်ဘဲနဲ့ တရားခံအချို့လောက်ကို တွေ့ပြီးတော့ မေးမြန်းပြီးတော့ စစ်ဆေးတဲ့ သဘောလောက်ပဲရှိပါတယ်။ အဲဒီတော့ သူရဲ့ အကျိုး သက်ရောက်မှုဟာ ဆိုလို့ရှိရင် ခုနက ကျွန်တော်တင်ပြတဲ့နည်းနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ နည်းလမ်းက ပိုမိုပြီးတော့ အကျိုးရှိတဲ့အတွက် ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အကျဉ်းစခန်းများကို သွားရောက် စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း ရှင်းလင်းဖြေကြားပါသည်။