ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့မှ ၂၂ ရက်ထိ ကျင်းပပြုလုပ်ခဲ့တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ အမျိုးသားအဆင့်အလုပ်ရုံ ဆွေးနွေးပွဲမှာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာကံဇော်က ကုမ္ပဏီအသစ်တွေ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်ပြီးတော့ အချက်အလက်ပြည့်စုံလို့ရှိရင် တစ်ကြိမ် တည်းနဲ့အပြီး ဆောင်ရွက်တဲ့စနစ်(One Stop Service)ကို စတင် ကျင့်သုံးခဲ့ပြီဆိုတဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာ ညွှန်ကြားရေးမှူးချုပ် ဦးအေးကို ကလည်း မေလ ၂၂ ရက်နေ့မှာ အဲဒီ သုံး၊ လေးရက်အတွင်းမှာ ကုမ္ပဏီ ၂၅ ခုကို အလျင်အမြန် မှတ်ပုံတင်ပေးနိုင်ခဲ့ကြောင်း တင်ပြခဲ့ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကုမ္ပဏီမှတ်ပုံတင်အသစ်တွေ မှတ်ပုံတင်ပေးခြင်းဟာ အဆင်ပြေတဲ့အတွက် အားလုံးကျေးဇူးတင်ရှိကြပါတယ်။ ဒါပေမယ့် ကုမ္ပဏီအဟောင်းတွေ သက်တမ်းတိုးတဲ့အခါမှာတော့ တော်တော့်ကိုပဲ အချိန်ကြန့်ကြာနေရကြောင်း တွေ့ရှိရပါတယ်။ အဲဒီလိုကြန့်ကြာတာနဲ့အမျှ ကျွန်တော် တို့ပို့ကုန်ပို့တဲ့ ကုမ္ပဏီများအနေနဲ့ ပို့ကုန်ပို့တဲ့နေရာမှာ အခက်အခဲရှိပါတယ်။ ဒီထက်ဆိုးတာကတော့ ကျွန်တော်မူလတုန်းကတော့ စောစောကဖွဲ့စည်းတဲ့ကုမ္ပဏီတွေမှာ ရေလုပ်ငန်းလုပ်တဲ့ကုမ္ပဏီ၊ လက်ယာကိုင်းကျွန်းထွက် သီးနှံတင်ပို့တဲ့ကုမ္ပဏီရယ်လို့ ပေါင်းလုပ်ကြတဲ့အခါမှာ တချို့ဒါရိုက်တာ တွေကရေလုပ်ငန်းကုမ္ပဏီမှာလည်းပါတယ်။ လက်ယာကိုင်းကျွန်းထွက်သီးနှံ တင်ပို့တဲ့ကုမ္ပဏီမှာ လည်းပါတယ်။ အဲဒီလိုနှစ်ခုပါနေတဲ့အခါမှာ အခုကုမ္ပဏီမှတ်ပုံတင်တဲ့အခါ တစ်ခုက Tax Assessment မပြီးသေးလို့ရှိရင် အဲဒီမပြီးတဲ့ ကုမ္ပဏီကလည်း အဲဒီဒါရိုက်တာ အဲဒီအထဲမှာပါနေတဲ့ အတွက်ဆိုပြီးတော့ မှတ်ပုံတင်ပေးတာကို Renew လုပ်လို့မရဘူးဖြစ်နေပါတယ်။ အဲဒီကိစ္စကတော့ ကုမ္ပဏီတော်တော်များများမှာ ဖြစ်ပေါ်နေတဲ့အတွက် ဒါကိုလည်း စဉ်းစားစေလိုပါတယ်။ နောက်တစ်ချက်က ကုမ္ပဏီသက်တမ်းကို နှစ်နှစ်တစ်ခါ သက်တမ်းတိုးနေတဲ့အတွက် ကျွန်တော်တို့ ရုံးလုပ်ငန်း သုံးပုံတစ်ပုံလောက်က နှစ်နှစ်မပြည့်သေးဘူးဆိုရင် တော်တော့်ကိုပဲ အချက်အလက်တွေ စုဆောင်းပြီးတော့ မှတ်ပုံတင်ရတာဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်မေးချင်တဲ့ မေးခွန်း သုံးခုကတော့ (၁) သက်တမ်းတိုးကုမ္ပဏီ မည်မျှဆောင်ရွက်ပြီးစီးကြောင်းနှင့် သက်တမ်းတိုးရန်ကုမ္ပဏီ မည်မျှကျန်ရှိပါသေးသနည်း။ (၂) သက်တမ်းတိုးဆောင်ရွက်ရာတွင် ပြည်ထဲရေးဌာန၏ စစ်ဆေးမှု၊ အခွန်ဌာန၏ဆောင်ရွက်မှုများကြောင့် နှောင့်နှေးမှုများရှိနေသည်ကို လျှော့ပေါ့ပြီးမြန်ဆန်အောင် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ။ (၃) ကုမ္ပဏီသက်တမ်းကို နှစ်နှစ်မှ ငါးနှစ်အထိ ပြင်ဆင်သတ်မှတ် ပေးခြင်းက ပိုမိုကောင်းမွန်နိုင်သည်ကို ပြင်ဆင်စဉ်းစားနိုင်ခြင်း ရှိ၊ မရှိကို မေးမြန်းပါသည်။
မေးခွန်းပထမအချက်မှာ သက်တမ်းတိုးကုမ္ပဏီ မည်မျှဆောင်ရွက်ပြီးကြောင်းနှင့် သက်တမ်းတိုးကုမ္ပဏီ မည်မျှကျန်ရှိကြောင်း ကိစ္စနဲ့စပ်လျဉ်း၍ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ သက်တမ်းတိုးရန် တင်ပြလာသော ကုမ္ပဏီပေါင်း ၂၂၈၃ ခုရှိပြီး မူရင်းကတ်ပြားထုတ်ပေးနိုင်ခဲ့သောကုမ္ပဏီ ၁၁၃၂ ခုနှင့် ယာယီ သက်တမ်းတိုးကတ်ပြား ထုတ်ပေးနိုင်ခဲ့သောကုမ္ပဏီ ၁၁၅၁ ခုရှိပါတယ်။ ကုမ္ပဏီသက်တမ်းတိုး မူရင်းကတ်ပြားသည် ရှေးယခင်ကအခွန်ကျေအောင်မပေးသွင်းသော ကုမ္ပဏီများအား သက်တမ်း တိုးခွင့်မပြုခဲ့တဲ့အတွက် ကုမ္ပဏီများပို့ကုန်သွင်းကုန်လုပ်ငန်းမလုပ်နိုင်ဘဲ ရပ်တန့်နေခဲ့ရသည့် အခက်အခဲကြုံတွေ့ခဲ့ရတာကြောင့် နောက်ပိုင်းမှာ ယာယီသက်တမ်းတိုးကတ်ပြားထုတ်ပေးမှုကို ကျင့်သုံးခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဧပြီလမှာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဝန်ကြီးစတင်တာဝန်ယူချိန်မှာပဲ လူကြီးတချို့နဲ့ ကုန်သည်လုပ်ငန်းရှင်တချို့က ကုမ္ပဏီ မှတ်ပုံတင်နဲ့ သက်တမ်းတိုးကိစ္စတွေ ကြန့်ကြာခက်ခဲနေကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။ အဲဒါ အပြင် မှတ်ပုံတင်သက်တမ်းတိုးသွားလုပ်တဲ့အခါမှာ ဝန်ထမ်းအရာရှိအမျိုးသမီးက အကြောင်းမဲ့ဆူပူ ကြိမ်းမောင်းလေ့ရှိပြီး ဆက်ဆံရေးမပြေပြစ်ကြောင်း တိုင်ကြားချက်အရ ချက်ချင်းပြောင်းရွှေ့ပစ်ခဲ့ပါ တယ်။ ရှေးယခင်ကတည်းက ယာယီသက်တမ်းတိုးကို နေ့ချင်းပြီးပြုလုပ်ပေးရန် အထက်အကြီးအကဲ များက လမ်းညွှန်ထားခဲ့သော်လည်း ကုမ္ပဏီမှတ်ပုံတင်ရုံး၊ စားပွဲတစ်ခုချင်းကို ကွင်းဆင်းကြည့်ရှုပြီး စားပွဲတစ်ခုချင်း အဆင့်ဆင့်ဆောင်ရွက်မှုကို လေ့လာဆန်းစစ်တဲ့အခါ မလိုအပ်ဘဲ စာတစ်စောင် အောက်ခြေမှ အထက်၊ အထက်မှအောက်ခြေ တက်လိုက်၊ ဆင်းလိုက် ကြန့်ကြာပြီး အလုပ်မဖြစ်တာကို တွေ့ရတဲ့အတွက် ရုံးစီမံခန့်ခွဲမှုပြောင်းလဲခြင်း(Office Management Change)ကို တစ်နေရာ တည်းတွင် စားပွဲအားလုံးစုပေါင်းပြီး စာရွက်စာတမ်းပြည့်စုံက ကြာမြင့်အချိန် စံချိန်ယူဆောင်ရွက်ခဲ့ရာ သုံးနာရီအတွင်း ယာယီသက်တမ်းတိုးကတ်ပြား ထုတ်ပေးနိုင်တာကို တွေ့ရတဲ့အတွက် နေ့ချင်းပြီး ဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်ပေးနိုင်သည့် အရည်အချင်းမရှိပါက ထိုအရည်အချင်းမရှိသူကို အငြိမ်းစားပေးရန် ညွှန်ကြားခဲ့ရပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ နေ့ချင်းပြီး ယာယီမှတ်ပုံတင်နှင့် နေ့ချင်းပြီး ယာယီသက်တမ်းတိုးကတ်ပြားတို့ ထုတ်ပေးနိုင်ခဲ့ပါတယ်။ အချို့ကုမ္ပဏီများဟာ ငွေကျပ် သုံးလေးငါးသောင်းပေးပြီး ကိုယ်စားလှယ်ပွဲစားနှင့်လုပ်နေကြောင်း ကြားသိရတဲ့အတွက် ဝန်ထမ်းများ တရားမဝင် ငွေကြေးရယူဆောင်ရွက်ပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့ပါ တယ်။ ဝန်ထမ်းများက တရားမဝင်ငွေကြေးတောင်းယူလုပ်ဆောင်မှုမျိုးရှိရင်လည်း တိုင်ကြားသွားရန် နှင့် အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းတင်ပြအပ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့သတင်းတစ်ပုဒ်မှာ စင်ကာပူရှိ မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် အခွန်ဆောင်သက်တမ်း တိုးမှုကို ကြားပွဲစားဆောင်ရွက်ပေးနေသူတစ်ဦး ငွေတွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်သွားလို့ ပွဲစားကို ခိုင်းမိသူ အချို့ငွေကြေးဆုံးရှုံးမှုဖြစ်ခဲ့ကြောင်း သတင်းမျိုးလိုပဲ ကြားပွဲစားလက်ထဲမှာ ကုမ္ပဏီ သက်တမ်းတိုး အချိန်ကြန့်ကြာပြီး ၎င်းတို့သားသမီးကုမ္ပဏီကြာတာကို မိဘက ကျွန်တော့်ဆီ ဖုန်းဆက် ပြောလို့ ပြန်စိစစ်တဲ့အခါမှာ မပြည့်မစုံပေးလိုက်တဲ့အချက်နဲ့ ပွဲစားအပ်ပြီး ပွဲစားလက်မှာ ကြာနေတာ တွေ့ရှိရပါတယ်။ သို့ရာတွင် ၁၉၁၄ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ ၂၄ အရ ကုမ္ပဏီ ဖွဲ့စည်းတဲ့အခါ အစုရှယ်ယာရှင်များက ၎င်းတို့နေရပ်လိပ်စာမှန်ကန်ကြောင်းနှင့် ၎င်းတို့အစုရှယ်ယာ ပမာဏမည်ရွေ့မည်မျှထည့်ဝင်ကြောင်းကို တရားလွှတ်တော်ရှေ့နေ၏ရှေ့မှောက်တွင် မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီး တရားလွှတ်တော်ရှေ့နေမှလည်း မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပေးရ ပါတယ်။ သို့ရာတွင် အချို့ကုမ္ပဏီများဟာ ပွဲစားကိုယ်စားလှယ်များဖြင့် ငွေကြေးပေးပြီး ဥပဒေနှင့် အညီ ဆောင်ရွက်ရန် ပျက်ကွက်တာကိုတွေ့ရှိရပါတယ်။ ဒါကြောင့် မြန်မာတိုင်းရင်းသားကုမ္ပဏီများကို တရားလွှတ်တော်ရှေ့နေရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီးမှ ကုမ္ပဏီမှတ်ပုံတင်ခွင့်ပြုရင်မရဘူး လားဟု ဥပဒေကျွမ်းကျင်သူနှင့်တိုင်ပင်သောအခါ ကုမ္ပဏီများ၏ မမှန်မကန်လုပ်ရပ်များကြောင့် အမှုအခင်းများဖြစ်ပွားသည့်အခါ တရားဥပဒေနှင့်အညီ လုပ်သင့်လုပ်ထိုက်တာကို ဆောင်ရွက်သင့် ကြောင်းအကြံပြုပြန်ကြားလာပါတယ်။ ၁၉၁၄ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေနှင့် ၁၉၅၀ ခုနှစ်၊ အထူးကုမ္ပဏီအက်ဥပဒေတို့ဟာ ရှေးနှစ်ပေါင်းများစွာက ပြဋ္ဌာန်းခဲ့ပြီး ခေတ်နဲ့မဆီလျော် တော့တဲ့အတွက် ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် ဥပဒေကျွမ်းကျင်သူများနှင့် ဆွေးနွေးညှိနှိုင်းရေးဆွဲ လျက်ရှိပါကြောင်းတင်ပြအပ်ပါတယ်။
ဒုတိယမေးခွန်းမှာ သက်တမ်းတိုးဆောင်ရွက်ရာတွင် ပြည်ထဲရေးဌာန၏ စစ်ဆေးမှု၊ အခွန်ဌာန၏ ဆောင်ရွက်မှုများကြောင့် နှောင့်နှေးမှုများရှိသည်ကို လျှော့ပေါ့ပြီး မြန်ဆန်အောင် ဆောင်ရွက်နိုင်ခြင်းရှိ၊မရှိသိလိုကြောင်း မေးမြန်းချက်နှင့်စပ်လျဉ်း၍ ၂၀၁၁ ခုနှစ်၊ ဧပြီလက ပြည်ထဲရေးဝန်ကြီးဌာနမှ ကုမ္ပဏီများအား ကွင်းဆင်းစိစစ်ပြန်ကြားရန် လက်ကျန်ကုမ္ပဏီအရေ အတွက် ၃၀၀၀ ကျော်ခန့်ကျန်ရှိနေပြီး လေ့လာဆန်းစစ်ရာတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သတင်းတပ်ဖွဲ့စသည့် အဖွဲ့အစည်းများကို တာဝန်ပေးခဲ့ရတဲ့အတွက် လုပ်ငန်းပမာဏနှင့်ဝန်ထမ်း အင်အား၊ မြို့တိုင်းတွင် ယင်းအဖွဲ့အစည်းများမရှိသဖြင့် နှောင့်နှေးခဲ့ရကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် စီမံခန့်ခွဲမှုစနစ်ပြောင်းလဲခြင်း System Management Change ကို ပြုလုပ်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးအား ညှိနှိုင်းအကူအညီတောင်းခံချက်အရ ကုမ္ပဏီမှတ်ပုံတင်နှင့် သက်တမ်းတိုးများကို ယခင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် သတင်းတပ်ဖွဲ့တို့အစား မြို့တိုင်း တွင်စခန်းရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲစခန်းများမှ စိစစ်တာဝန်ယူ ပြန်ကြားပေးသည့်အတွက် ရက်သတ္တတစ်ပတ်မှ နှစ်ပတ်အတွင်း ပြန်ကြားချက်ရရှိလာသော်လည်း အဓိကအခက်အခဲမှာ ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် နေရပ်လိပ်စာအတိုင်း ကွင်းဆင်းတွေ့ဆုံသည့်အခါ ကုမ္ပဏီလိပ်စာနဲ့ ဒါရိုက်တာအဖွဲ့ဝင်လိပ်စာများသည် ကုမ္ပဏီမှတ်ပုံတင်ရုံး၌ စာရင်းပေးမှတ်ပုံတင်ထားသည့်အတိုင်း မတွေ့ရှိရမှုက ၃၅ ရာခိုင်နှုန်းခန့်ဖြစ်ပြီး၊ အချို့ကွယ်လွန်ပြီးသူ၏ မှတ်ပုံတင်အမှတ်ဖြင့် အမည်စာရင်း ပေးထားပြီးလူမရှိခြင်း၊ အချို့မှာအမည်စာရင်းပါသူက ကုမ္ပဏီမှတ်ပုံတင်အမည်စာရင်း၌ ၎င်းတို့ပါရှိ နေခြင်းကို မသိကြောင်း၊ ကာယကံရှင်မသိဘဲ အမည်စာရင်းပေးထားမှုကို သဘောမတူကြောင်း စသည်ဖြင့်တွေ့ရှိရပါတယ်။ အချို့မှာ မြို့နယ်၊ ရပ်ကွက်အတွင်း အိမ်ရာ၊ မြေ၊ ငွေကြေးအမှုအခင်း မကင်းရှင်းသူများ၊ အမည်မဲစာရင်း Black List ပါသူများတွေ့ရှိရတဲ့အတွက် ကြန့်ကြာမှုမှလွဲ၍ ကျန်အချက်အလက်ပြည့်စုံမှန်ကန်သူများအတွက် လွယ်ကူမြန်ဆန်ပါကြောင်း တင်ပြအပ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်လာသော်လည်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများအတွက်ကိုမူ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဟိုတယ်နှင့်ခရီးသွားလာရေး အသင်းဝင်ဖြစ်မှ ထောက်ခံပေးသည့်စနစ်ကျင့်သုံးလျက်ရှိသဖြင့်လည်းကောင်း၊ သတ္တု၊ ကျောက်မျက် လုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီများအတွက် သတ္တုတွင်းဝန်ကြီးဌာနမှ ကျောက်မျက်အသင်းဝင်ခြင်း၊ ရတနာ ရောင်းဝယ်ရေးလိုင်စင်ရှိခြင်း၊ သတ္တုတူးဖော်ရေးလိုင်စင်ရှိခြင်းစသည့်အချက်များပြည့်စုံမှသာ ထောက်ခံပေးသည့် စနစ်ကျင့်သုံးလျက်ရှိသဖြင့်လည်းကောင်း၊ ကုမ္ပဏီမှတ်ပုံတင်နှင့် သက်တမ်းတိုး ကိစ္စရပ်များ အနည်းဆုံးနှစ်လမှ အများဆုံးငါးလအထိ ကြန့်ကြာနေဆဲဖြစ်သည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ညှိနှိုင်းမေတ္တာရပ်ခံထားပြီးဖြစ်ပါတယ်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကိုညှိနှိုင်း သည့်အခါ ယင်းဝန်ကြီးဌာနမှ အခွန်ပြေကျေလျှင် ရက်သတ္တတစ်ပတ်အတွင်း ကုမ္ပဏီသက်တမ်းတိုး နိုင်ကြောင်း၊ စာပို့ကြောင်း၊ အခွန်ပြေကျေအောင်မသွင်းကြလို့သာ သက်တမ်းတိုးမထောက်ခံနိုင်တာ ဖြစ်ကြောင်းပြန်ကြားချက်ရရှိပါတယ်။ ယခင်အတွေ့အကြုံများအရ ကုမ္ပဏီအချို့ဟာ လေးငါး ဆယ်နှစ် ပုံမှန်အခွန်ပေးဆောင်ခဲ့ခြင်းမရှိသည့်အတွက် ကျပ်သန်းပေါင်းများစွာ စုပေါင်းအခွန်ဆောင် ခဲ့ရသည့် ဖြစ်စဉ်မျိုးပေါ်ပေါက်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းလုပ်သူများ ပုံမှန်အခွန်ပေးဆောင်ခြင်းဖြင့် အလားတူ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်ရည်ရွယ်ပြီး ကုမ္ပဏီသက်တမ်း တိုးခြင်းကို ပုံမှန်အခွန်ပေးဆောင်ပြီးမှ ခွင့်ပြုဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အခွန်မှန်မှန်ဆောင် သွားရင်အဆင်ြပေချောမွေ့နိုင်ပါကြောင်း ညှိနှိုင်းပြန်ကြားအပ်ပါတယ်။ ယခင်ကတည်းက ထိုအခက် အခဲကိုကျော်လွန်ပြီး ကုမ္ပဏီလုပ်ငန်းရှင်များ လုပ်ငန်းရပ်တန့်မထားရအောင် နေ့ချင်းယာယီ မှတ်ပုံတင်သက်တမ်းတိုးခွင့်ကတ် ထုတ်ပေးရေးစီစဉ်ခဲ့ခြင်းဖြစ်တာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းရဲ့ ဒုတိယမေးမြန်းချက်ဖြစ်တဲ့ နှေးတာကိုမြန်အောင် ဌာနရဲ့ ရုံးလုပ်ငန်းစီမံခန့်ခွဲမှုပြောင်းလဲခြင်း(Office Management Change)နဲ့ စီမံခန့်ခွဲမှုစနစ် ပြောင်းလဲခြင်း(System Management Change)ကို ပြောင်းလဲသွားရမှာဖြစ်ပြီး၊ ဒါမှသာ နိုင်ငံတော်သမ္မတကြီးလမ်းညွှန်မိန့်ကြားတဲ့ Good Governance, Clean Government ဖြစ်တဲ့ အစိုးရယန္တရားလျင်မြန်စွာလည်ပတ်လာမှာဖြစ်ပြီး ပြည်သူလူထုရဲ့ဆန္ဒနဲ့ ပြည့်ဝလာမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ မေးခွန်းတတိယအချက်မှာ ကုမ္ပဏီသက်တမ်းတိုးကို နှစ်နှစ်မှငါးနှစ်အထိ ပြင်ဆင် သတ်မှတ်ခြင်းက ပိုမိုကောင်းမွန်နိုင်သည်ကို ပြင်ဆင်စဉ်းစားနိုင်မည်လား သိလိုပါသည်ဟု မေးမြန်း ခြင်းနှင့်စပ်လျဉ်း၍ နှစ်ရှည်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားကုမ္ပဏီများ၊ တိုင်းရင်းသားကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှုခွင့်ပြုသည်နှင့် ရင်းနှီးမြှုပ်နှံသည့် နှစ် ၂၀ ဆိုရင် နှစ် ၂၀၊ နှစ် ၃၀ ဆိုရင် နှစ် ၃၀ ပေးထားရင်ကောင်းမည်ဟု စဉ်းစားဆွေးနွေးဖူးသလို အခြားကုန်သွယ်မှု၊ ဝန်ဆောင်မှုကုမ္ပဏီများ အတွက်လည်း ရှေးယခင်စနစ်အရ သက်တမ်းတိုးတင်ပြကာလ ခြောက်လမှ တစ်နှစ်အထိကြာပြီး နောက်နှစ်တွင် သက်တမ်းတိုးပြန်တင်ရသည့်အတွက် အဆင်မပြေကြတာကို တွေ့ရှိခဲ့ရပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြုလုပ်သူ ယခုအထိ ၄၅၄ ဦး၊ နိုင်ငံသားရင်းနှီးမြှုပ်နှံသူ ၈၁၁ ဦး၊ စုစုပေါင်း ၁၂၆၅ ဦးရှိပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံဖို့တန်းစီထားသူတွေအပါအဝင် ရင်းနှီးမြှုပ်နှံမှုအဆင်ြပေ ချောမွေ့ဖို့ စီးပွားရေးပညာရှင်များ၊ ဥပဒေပညာရှင်များနဲ့ လေ့လာသုံးသပ်ခြင်း၊ အခြားနိုင်ငံများရဲ့ လုပ်နည်းလုပ်ဟန်များလေ့လာခြင်းဆောင်ရွက်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံခွင့်နှင့်အတူ ကုမ္ပဏီမှတ်ပုံတင် ခွင့်တစ်ပြိုင်တည်းမပါသေးဘဲ သီးခြားစီကွဲပြားနေတာတွေ့ရသလို ကုမ္ပဏီသက်တမ်းတိုးများကိုလည်း ရင်းနှီးမြှုပ်နှံမှုကာလအတိုင်းမရရှိဘဲ နှစ် နှစ်တစ်ကြိမ်တိုးရတာ တွေ့ရှိရပါတယ်။ ဒီကိစ္စနဲ့စပ်လျဉ်း ပြီးသက်ဆိုင်ရာများနဲ့ ညှိနှိုင်းဆွေးနွေးတဲ့အခါမှာ ရင်းနှီးမြှုပ်နှံပြီးမကြာမီမှာပင် အစုရှယ်ယာရှင် အမည်များြပောင်းလဲခြင်း၊ ရင်းနှီးမြှုပ်နှံသူတွေထဲမှာလည်း နိုင်ငံခြားသားက နိုင်ငံသားအမည်ခံပြီး ဆောင်ရွက်နေခြင်းများ၊ အချို့ကုမ္ပဏီများဟာ ရင်းနှီးမြှုပ်နှံမှုပဋိညာဉ်မူကြမ်း၊ ကန်ထရိုက်စာချုပ် တင်ပြရန်၊ ပွဲစားနှင့်ရှေ့နေအပ်ပြီး ရင်းနှီးမြှုပ်နှံမှုငွေကြေးနဲ့ စက်ပစ္စည်းကိန်းဂဏန်းများဟာ မဆီ မလျော်ဖြစ်သလိုတင်ပြ၍ အခွန်အကောက်သက်သာအောင် ဆောင်ရွက်ခြင်း စသည့်မမှန်မကန်မှုများ မရှိပါက ကုမ္ပဏီသက်တမ်းတိုးခွင့်ကို ရင်းနှီးမြှုပ်နှံမှုကာလသက်တမ်းအတိုင်း ခွင့်ပြုနိုင်မည်ဖြစ်သော် လည်းယခင်ရင်းနှီးမြှုပ်နှံမှုအမှုအခင်းပြဿနာများ ယနေ့တိုင် ရှင်းလင်းရဆဲ အခြေအနေများရှိပါ တယ်။ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနအနေနဲ့ ဆက်စပ်ဆောင်ရွက်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဟာတရားရုံးမှာ ဖြေရှင်းနေရဆဲဖြစ်ပြီး ကျန်တစ်ခုဟာ ရင်းနှီးမြှုပ်နှံမှုကာလတစ်ဝက်မှာ စာရင်း ရှင်းလင်းဖျက်သိမ်းလိုသော်လည်း အခက်အခဲတွေ့နေဆဲဖြစ်ပါတယ်။ ဒါကြောင့်ရင်းနှီးမြှုပ်နှံမှုများကို မြန်မြန်ဆန်ဆန်ဖွင့်၍ အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားရေးအရှိန်အဟုန်မြှင့်တင်ရန် အရေး တကြီးလိုအပ်နေသလို တစ်ဖက်ကလည်း ရင်းနှီးမြှုပ်နှံမှုသာရောက်လာပြီး နိုင်ငံ့အရင်းအမြစ်သုံးစွဲ ခြင်းခံရသလောက် ငွေကြေးစီးဝင်ရရှိတိုးတက်မှုရှိသင့်သလောက်မရှိခဲ့တာ တွေ့ရှိရပါတယ်။ ရင်းနှီး မြှုပ်နှံသူများကို တိုင်းပြည်အကျိုးစီးပွားတိုးတက်ရေးအတွက် အကျိုးတူစီးပွားဖက်မိတ်ဆွေသဖွယ် Investment Friendly Environment ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းကို ဖန်တီးပေးရမှာ ဖြစ်သလို ရှိပြီးသားစီးပွားရေးဝန်းကျင်ကို ကောင်းမွန်အောင်ဆောင်ရွက်ရန် လိုအပ်ပါတယ်။ ဥပမာ-နိုင်ငံခြား ကုမ္ပဏီတစ်ခုဟာ ယခင်ကုမ္ပဏီများက နိုင်ငံသားအမည်ခံလုပ်လို့ရခြင်းမျိုးကို ယခု ဘာကြောင့်စိစစ် ရသလဲမေးမြန်းမှုအပေါ် ယနေ့ဟာ ခေတ်သစ်စနစ်သစ်ကူးြပောင်းနေပြီဖြစ်ကြောင်း နိုင်ငံတကာ အလေ့အကျင့်များအတိုင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဥပဒေများကိုလိုက်နာရန်လိုအပ်သဖြင့် လမ်းကြောင်းမှန်သို့ ရောက်အောင်ဆောင်ရွက်နေရကြောင်း၊ ထိုသို့မဆောင်ရွက်ပါက တရားမဝင်စီး ဝင်ငွေပမာဏများပြားလာသည်နှင့် ဒေါ်လာဈေးကျဆင်းပြီး ပို့ကုန်လုပ်ငန်းများထိခိုက်မှု ပိုမိုကြောင်း ရှင်းပြခဲ့ရပါတယ်။
ဦးခင်မောင်ဝင်းရဲ့ မေးခွန်းနဲ့တစ်ပြိင်နက်ရရှိတဲ့ မိုင်းရှူးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင်ရွှေရဲ့မေးခွန်းမှာ ဈေးကွက်စီးပွားရေးစနစ်တွင် အရင်းရှင်၊ ဓနရှင်၊ အခွင့်ထူးခံများက လက်ဝါးကြီးအုပ်ချယ်လှယ်သည့် ဖြစ်ရပ်မျိုးမဖြစ်စေရန်၊ လူနည်းစုပုဂ္ဂလိက လုပ်ငန်းရှင်များက ကုမ္ပဏီအမည်နာမအမျိုးမျိုးဖြင့် လုပ်ကိုင်ဆောင်ရွက်နေခြင်းများအပေါ် လုပ်ကိုင် ခွင့်ပေးရာ၌ မည့်သည့်နည်းစနစ်မျိုးဖြင့် လုပ်ကိုင်စေသင့်ကြောင်းြဖေကြားပေးရန် မေးမြန်းထားမှု အပေါ် ဦးခင်မောင်ဝင်းရဲ့ မေးမြန်းချက်နဲ့ဆက်စပ်ပြီး စဉ်းစားနိုင်အောင် တင်ပြလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ထံရောက်ရှိတဲ့ တိုင်စာ၊ ပစ်စာများထဲမှာ ဦးကျော်တင်ရွှေတင်ပြ သလိုကုမ္ပဏီလုပ်ငန်းရှင်များက တပည့်များအမည်နဲ့ ကုမ္ပဏီဖွဲ့ပေးပြီး ပို့ကုန်၊ သွင်းကုန် လေးငါး ကြိမ်လုပ်ပြီးတာနဲ့ ကုမ္ပဏီနဲ့ ဒါရိုက်တာအဖွဲ့လိပ်စာမှာ ရှာမတွေ့တော့ဘဲ၊ ခြေရာဖျောက် အခွန်ရှောင် တာမျိုးရှိသလို၊ လက်တွေ့အစည်းအဝေးတစ်ခုဖိတ်ခဲ့ရာမှာ မဖိတ်ဘဲတက်လာတဲ့ ကုမ္ပဏီလုပ်ငန်း ရှင်ကြီးတစ်ဦးကို လက်တွေ့လုပ်ကိုင်နေတဲ့ ကုမ္ပဏီလုပ်ငန်းရှင်ကိုပဲ ဖိတ်တာပါ။ စာရင်းမပါသူမတက် ပါနဲ့လို့ြပောတော့ အဲ့ဒီပုဂ္ဂိုလ်က ကျွန်တော်ကသာလျှင် ဒီကုမ္ပဏီငါးခုကို တပည့်များအမည်နဲ့ ထူထောင်ထားသူပါလို့ ကိုယ်တိုင်ဝန်ခံပြောဆိုခဲ့တာကို ကြုံတွေ့ရပါတယ်။ ကုန်သည်တစ်ဦးရဲ့ ြပောပြချက်အရ သူသိတဲ့ကုမ္ပဏီတစ်ခုဟာ တပည့်အမည်နဲ့ကုမ္ပဏီထူထောင်၍ ရှစ်လတိတိသွင်းကုန် သွင်းပြီးတာနဲ့ နိုင်ငံခြားကုမ္ပဏီနဲ့ ရှင်းရန်ကျန်ငွေပါမရှင်းရအောင် အဲ့ဒီလိပ်စာနဲ့ လူပါခြေရာဖျောက် တာကိုလက်တွေ့ရှင်းပြပါတယ်။ မြန်မာကုမ္ပဏီတချို့ရဲ့ငွေကြေးကတိကဝတ်ပျက်မှုအပေါ် နိုင်ငံခြား ကုမ္ပဏီများက ယခင်တိုင်ကြားမှုများအပေါ်တွင်လည်း UMFCCI အငြင်းပွားမှုခုံရုံးဖြင့် ြဖေရှင်းပေး ခဲ့ရတဲ့ သာဓကများလည်းရှိခဲ့ပါတယ်။
စီးပွားရေးနယ်ပယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးဝန်းကျင်တစ်ခုလုံးနှင့် တစ်ဦးချင်း၏ စီးပွားရေးကျင့်ဝတ်ကောင်းမွန်မှုနှင့် အပြန်အလှန်ဆက်စပ်နေကြောင်း တွေ့ရှိရပါတယ်။ ကုန်သည် လုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ ြပောပြချက်အရ သူကကောင်းကောင်းမွန်မွန်လမ်းကြောင်းမှန်အတိုင်း လုပ်ပေမယ့် တရားမဝင်မှောင်ခိုလုပ်ကိုင်သူကြောင့် ဈေးကွက်မှာမယှဉ်နိုင်တော့ဘဲ စီးပွားပျက်မှာ ကြောက်တာကြောင့် သူလည်းလမ်းကြောင်းမှန်တစ်ဝက်၊ မှောင်ခိုတစ်ဝက်လုပ်ကိုင်ရကြောင်းရှင်းပြ ပါတယ်။ ဒါကြောင့်လူနည်းစုမမှန်မကန်ပြုလုပ်မှုကို ဒီအတိုင်းထားရင် ကြာလာတဲ့အခါ လူများစု တစ်ခုလုံးပါသွားပြီး National Character ထိခိုက်လာမှာကိုလည်း အလေးထားစဉ်းစားရန် လိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ အများလုပ်၍လိုက်လုပ်သည့်အနေအထား မဟုတ်ဘဲ စီးပွားရေးပတ်ဝန်းကျင်(Business Environment) နှင့် စီးပွားရေးကျင့်ဝတ်များ(Business Ethic)များကို ထိန်းကျောင်းကာ ဥပဒေလိုက်နာခြင်း၊ စီးပွားရေးကျင့်ဝတ်များစောင့်ထိန်းခြင်းနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ လူမှုတာဝန်ယူခြင်း၊ Corporate Social Responsibility တို့ကို ကျင့်သုံး ဆောင်ရွက်သွားကြမည်ဆိုလျှင် ဦးခင်မောင်ဝင်း မေးမြန်းအကြံပြုသကဲ့သို့ နှစ်ကန့်သတ်ချက်သည် ရှေးယခင်က ကန့်သတ်ခဲ့မှာမဟုတ်ဘဲ ဦးကျော်တင်ရွှေ မေးမြန်းချက်မှာပါတဲ့ ကိစ္စရပ်နဲ့ မမှန်မကန် လုပ်ရပ်အချို့ကြောင့် နှစ်ကန့်သတ်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ နိဂုံးချုပ်တင်ပြရရင် လမ်းမတော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း မေးမြန်းချက်အရ သက်တမ်းနှစ်နှစ်မှ ငါးနှစ်သာမက ရင်းနှီးမြှုပ်နှံသူအတွက် ရင်းနှီးမြှုပ်နှံမှုနှစ်ကာလအတိုင်း ခွင့်ပြုသင့်သကဲ့သို့ မိုင်းရှူးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်ရွှေ မေးမြန်း တင်ပြချက်ပါ စီးပွားရေးဝန်းကျင်လောကမှာ လက်ဝါးကြီးအုပ်ချယ်လှယ်မှုနှင့် မမှန်မကန်လုပ်ရပ်များ သည် အမှန်တကယ်ဖြစ်ပေါ်နေမှုများအပေါ် ဥပဒေနှင့်အညီ အရေးယူသင့်တာကို စိစစ်အရေးယူ သွားသင့်တဲ့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးရဲ့ မေးမြန်းချက်နှစ်ခုလုံးကို အစိုးရ အဖွဲ့သို့တင်ပြပြီး ပြင်ဆင်ဆောင်ရွက်သွားနိုင်ရေး စီစဉ်သွားမှာဖြစ်ပါတယ်။ ဒီနေ့ အစိုးရဌာနများနဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့မှုမရှိခဲ့သည့် ပြဿနာရပ်များကို ဆန်းစစ်သုံးသပ်ပါက ရာခိုင်နှုန်းအတော်များများ သည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စီမံခန့်ခွဲမှုပြဿနာများဖြစ်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်သမ္မတကြီးကလည်း Micro Economy, Macro Economy နှစ်ခုစလုံးကို ပြုပြင်ပြောင်းလဲသင့်တာတွေကို ဥပဒေပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဝန်ကြီးဌာနများနဲ့ ညှိနှိုင်းဆဲကာလဖြစ်ပါကြောင်းလည်း တင်ပြအပ်ပါတယ်။ ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာဖြစ်ပေါ်လာရေးနှင့် ရေရှည်တည်တံ့သည့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ယခုကဲ့သို့ ခေတ်ပြောင်း၊ စနစ်ပြောင်းကာလတွင် အစိုးရဌာနများ၏ ရုံးလုပ်ငန်းစီမံခန့်ခွဲမှု ြပောင်းလဲခြင်း(Office Management Change)၊ စီမံခန့်ခွဲမှုစနစ်ြပောင်းလဲခြင်း(System Management Change)နှင့် ပုဂ္ဂလိကကုန်သည်လုပ်ငန်းရှင်အသိုင်းအဝိုင်း၏ ကောင်းမွန်သော စီးပွားရေးဝန်းကျင်ပြောင်းလဲခြင်း(Business Environment Change)၊ စီးပွားရေးကျင့်ဝတ် ပြောင်းလဲခြင်း(Bussiness Ethics Change)တို့ကို အစိုးရဌာနများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်း၍ Public Private Partnership ဖြင့်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားပါသည်။
