တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာ အိမ်ဂရန် အဟောင်း၊ အသစ်၊ ခွဲစိတ်ဂရန်များ ပြုလုပ်ရာမှာ ကြန့်ကြာမှုများ ရှိနေပါတယ်။ ယခင်က ဂရန်များ လျှောက်ထားရာတွင် မြေ ၁ ဧကအောက်ကို ခရိုင်အဆင့်တွင် လည်းကောင်း၊ ၁ ဧကနှင့်အထက် ၅ ဧကအထိကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် လည်းကောင်း လျှောက်ထားရယူနိုင်ခဲ့ပါတယ်။ သို့သော် ယခုအခါမှာ ၁ ဧကမှ ၅ ဧကအထိ ဂရန် အသစ်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်အထိ တင်ပြနေရသည့်အတွက် ဂရန်သစ် လျှောက်ထားသူ ပြည်သူလူထုမှာ များစွာအခက်အခဲတွေ့ကြုံနေရပါတယ်။ လက်တွေ့ အလုပ်လုပ်ကိုင် သူအဆင့်ဆင့်မှာလည်း များစွာပင်ပန်းခက်ခဲနေလျက်ရှိတာကို တွေ့မြင်နေရပါတယ်ရှင့်။ ယခင် လုပ်ထုံးလုပ်နည်းအရ ဂရန်လျှောက်ထားသူများက ခရိုင်ရဲ့ ဆောင်ရွက်မှုကို မကျေနပ်ပါက ရက်ပေါင်း ၆၀ အတွင်း ပြည်နယ်အုပ်ချုပ်ရေးမှူးထံသို့ လည်းကောင်း၊ ပြည်နယ်၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါ က ရက်ပေါင်း ၉၀ အတွင်း ရုံးချုပ်သို့လည်းကောင်း အယူခံဝင်ရပါတယ်။ ယခုအခါမှာ ဂရန်အသစ် များကို ရုံးချုပ်မှထုတ်ပေးခြင်းဖြစ်၍ နောက်ဆုံးအယူခံအဆင့်ပျောက်ဆုံးနေပါတယ်ရှင့်။ ဂရန်အသစ် များ လျှောက်ထားရာတွင် အချိန်ကြန့်ကြာမှုရှိခြင်း၊ ကျေနပ်မှုမရှိလျှင် အယူခံဝင်နိုင်သည့် နောက်ဆုံး အဆင့် ပျောက်ဆုံးနေခြင်းစသည်တို့ကြောင့် ဂရန်အသစ်လျှောက်ရန် ပျက်ကွက်လာ၍ နိုင်ငံတော်မှ လည်း ဘဏ္ဍာငွေများစွာ နစ်နာဆုံးရှုံးနေလျက်ရှိပါတယ်။ ဒါကြောင့် မေးမြန်းလိုသည်မှာ (၁) ဂရန် အသစ်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)အထိ အဆင့်ဆင့် တင်ပြရာတွင် အထက် မြန်မာနိုင်ငံ မြေနှင့်အခွန်များဥပဒေ၊ လက်စွဲဥပဒေ၊ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်များဥပဒေ၊ လက်စွဲဥပဒေများနှင့် ၎င်းနှင့်စပ်လျဉ်းသော ဥပဒေများနှင့် ညီညွတ်မှုရှိ၊ မရှိ သိလိုပါတယ်။ (၂) ဂရန် အသစ်များ လျှောက်ထားသူအနေဖြင့် ပြည်နယ်အဆင့်နှင့် ရုံးချုပ်အဆင့်အထိ အယူခံမှုအခွင့်အရေး ဆုံးရှုံးနေ၍ ရုံးချုပ်၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက မည်သည့်ဌာနအဆင့် အဖွဲ့အစည်းသို့ အယူခံ ဝင်ရမည်ကို သိရှိလိုပါတယ်။ (၃) ဂရန်အသစ်လျှောက်ထားရာတွင် မူလအဆင့်ဆင့်ပေးထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်သို့ ပြန်လည်လုပ်ပိုင်ခွင့်ပေးနိုင်၊ မပေးနိုင် သိရှိလိုပါတယ်။ (၄) မပေးနိုင်ဆိုပါက အဘယ်ကြောင့်နည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်း(က)မှာပါတဲ့ ဂရန်အသစ်များ ထုတ်ပေးခြင်းနှင့်ပတ်သက်လို့ ၁၈၈၉ ခုနှစ် အထက်မြန်မာနိုင်ငံမြေနှင့်အခွန်များနည်းဥပဒေ ၅၁ နည်းဥပဒေခွဲ (ခ)နှင့် ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ ၉ နည်းဥပဒေခွဲ(က)အရ ခရိုင်အုပ်ချုပ် ရေးမှူးက မြေဧရိယာ ၁ ဧကအထိ၊ တိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေးမှူးက မြေဧရိယာ ၁ ဧက အထက်မှ ၅ ဧက အထိနှင့် ညွှန်ကြားရေးမှူးချုပ်က မြေဧရိယာ ၅ ဧကအထက်ကို ပုဂ္ဂလိကဂရန် များကို ခွင့်ပြုပေးနိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့်လည်း မြေငှားဂရန်ထုတ်ပေးရာမှာ သက်ဆိုင်ရာခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများရဲ့ ကွင်းဆင်းစစ်ဆေးနိုင်မှု အားနည်းခဲ့မှုများကြောင့် ဆွေမျိုးသားချင်း အချင်းချင်းနှင့် ပုဂ္ဂလိကအချင်းချင်းတို့မှာ မြေယာမှုခင်းများ ဖြစ်ပေါ်လာခဲ့မှုများ လာတဲ့အတွက် မြေငှားဂရန်အမှုတွဲများကို မြို့နယ်/ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများမှ အဆင့်ဆင့်စိစစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ကို တင်ပြစေပြီး မြေဧရိယာ ၁ ဧကအထိကို ညွှန်ကြားရေးမှူးချုပ်ရဲ့ အတည်ပြုချက်နှင့် မြေဧရိယာ ၁ ဧက အထက်ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ အတည်ပြုချက်တို့နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးများက အိမ်မြေဂရန်အသစ်များကို ခွင့်ပြုချက်ထုတ်ပေးလျက်ရှိပါတယ်။
မေးခွန်း(ခ)မှာ ပါတဲ့ ဂရန်အသစ်လျှောက်ထားသူများအနေနဲ့ မြေယာအငြင်းပွားမှုများ ဖြစ်ပွား မှုအပေါ်အယူခံအမှုများကို ဆောင်ရွက်ရာမှာ အထက်မြန်မာနိုင်ငံမှာ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ အမိန့် ကို မကျေနပ်ပါက ရက်ပေါင်း ၆၀ အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးထံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ အမိန့်ကို မကျေနပ်ပါက ရက်ပေါင်း ၉၀ အတွင်း ညွှန်ကြားရေးမှူးချုပ်ထံ အယူခံဝင်ရောက်ရန်နှင့် အောက်မြန်မာနိုင်ငံမှာတော့ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ အမိန့်ကို မကျေနပ်ပါက ရက်ပေါင်း ၉၀ အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးထံကို အယူခံဝင်ရောက်နိုင်ပါတယ်။ ကာလစည်းကမ်းသတ်မှတ်ချိန်အတွင်း လျှောက်ထားလာတဲ့ အယူခံ အမှုနှင့် ပြင်ဆင်မှုများ ဖြစ်ပါက အမှုတွဲနှင့်အတူ ရုံးချုပ်ကို တင်ပြပြီးမှသာ ဆုံးဖြတ်ရန်နှင့် အထက်မှာ တင်ပြခဲ့တဲ့ ကာလစည်းကမ်းသတ်မှတ်ချက် ကျော်လွန်ပြီးမှ လျှောက်ထားလာတဲ့ အယူခံမှုနှင့် ပြင်ဆင် မှုများအတွက် လက်ခံရန်သင့်၊ မသင့်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှတစ်ဆင့် ရုံးချုပ်ကို တင်ပြပြီး ရုံးချုပ်ရဲ့ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးချုပ်)က တိုင်းဒေသကြီးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများကို အကြောင်း ကြားထားခဲ့ပြီး လုပ်ငန်းဆောင်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြ နိုင်ပါကြောင်း ဖြေကြားအပ်ပါတယ်။
မေးခွန်း(ဂ)မှာပါတဲ့ ဂရန်အသစ်များ လျှောက်ထားရာမှာ မူလအဆင့်ဆင့် လုပ်ပိုင်ခွင့်ပေးထား တဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ သို့ ပြန်လည်လုပ်ပိုင်ခွင့်ပေးနိုင်၊ မပေးနိုင်သိရှိလိုပါကြောင်းနှင့်ပတ်သက်လို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းမှာရှိတဲ့ မြို့များနှင့် ရပ်ကွက်/ကျေးရွာများမှာ နေထိုင်ကြတဲ့ ပြည်သူများက မြေငှားဂရန်များလျှောက်ထားရာမှာ မြေယာဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဂရန်/လိုင်စင်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်တို့မှ ထုတ်ပေးခဲ့ရာမှာ မြေယာအရှုပ်အရှင်းပြဿနာများ၊ မှုခင်းများပေါ်ပေါက်ခဲ့တဲ့အတွက် အဆင့်ဆင့် စိစစ်ပြီးမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ကို တင်ပြပြီး ရုံးချုပ်မှလည်း အတည်ပြုချက်သာပေးပြီးတော့ မြေငှားဂရန် ထုတ်ပေးပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ကို သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးကို အပ်နှင်းထားတာ ဖြစ်ပါတယ်။
မေးခွန်း(ဃ) နှင့်ပတ်သက်လို့ မြေငှားဂရန်အသစ်များ ချထားပေးရာမှာ ဂရန်ချထားပေးပိုင်ခွင့် ရှိသူများအနေနဲ့ ကွင်းဆင်းစစ်ဆေးမှု အားနည်းခြင်း၊ ပတ်ဝန်းကျင် သက်သေထွက်ဆိုချက်ရယူမှု အားနည်းခြင်းနှင့် ပိုင်ဆိုင်မှုအဆင့်ဆင့်ကို စစ်ဆေးမှုအားနည်းခြင်းတွေကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ အဆင့်ဆင့်စိစစ်ကြီးကြပ်မှုနှင့် ရုံးချုပ်ကို တင်ပြပြီး ရုံးချုပ်ရဲ့အတည်ပြုချက်အပေါ် မြေယာဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများမှ မြေငှားဂရန်အသစ်များကို ထုတ်ပေးလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ အိမ်မြေဂရန်ကိစ္စရပ်များနှင့်စပ်လျဉ်းလို့ မလိုလားအပ်တဲ့ အုပ်ချုပ်မှုဖြစ်စဉ်များ မဖြစ်ပွား စေရေးအတွက် တာဝန်ရှိသူ အထက်ဌာနအဆင့်ဆင့်မှ စိစစ်ကြပ်မတ် ဆောင်ရွက်ပေးနေခြင်းသာ ဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဒေါ်နန်းဝါနု(ကွန်ဟိန်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဒီလိုမျိုးအဆင့်ဆင့်တင်ပြရခြင်းဖြစ်တဲ့အတွက်ကြောင့် စိစစ်ရာမှာ အချိန် ကြန့်ကြာမှုရှိတဲ့အတွက်ကြောင့် ဂရန်လျှောက်ထားသူများက ပျက်ကွက်လာပြီးတော့ ဒီစိစစ်ရတဲ့၊ လက်တွေ့အလုပ်လုပ်နေရတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးတွေမှာ ပြဿနာတွေပေါ်ပေါက်နေတာကို ဒုတိယဝန်ကြီးအနေနဲ့ သိရှိနေပါသလား ဆိုတဲ့ကိစ္စကို ကျွန်မမေးချင်ပါတယ်။ အခု မဖြေနိုင်ဘူးဆိုလို့ရှိရင်လည်း နောက်မှဖြေလည်း ရပါကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
ကျွန်တော် စိစစ်ပြီးမှ ပြန်လည်တင်ပြပါမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
