(ဃ)-ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်အားကစားကွင်း Inner Fencing ကာရံခြင်းနှင့် လွိုင်လင်ခရိုင် အားကစားကွင်း ပွဲကြည့်စင် တည်ဆောက်ခြင်းလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး နဝမနေ့ (၆.၁၁.၂၀၁၂)

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရေးအတွက် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် လာစေရန် အမျိုးသားအားကစားလှုပ်ရှားမှုများကို အဆင့်ဆင့်နှစ်အလိုက်တိုးမြှင့်ဆောင်ရွက်မယ်လို့ အားကစားဝန်ကြီးဌာနရဲ့ ကောင်းမွန်တဲ့မူဝါဒနှင့် ရည်မှန်းချက်များကို လေ့လာသိရှိရပါကြောင်း ဦးစွာ တင်ပြအပ်ပါတယ်ခင်ဗျား။ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်နဲ့ လက်ခံကျင်းပမယ့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် နေပြည်တော်မှာ တည်ဆောက်လျက်ရှိတဲ့ ဇဗ္ဗူသီရိအားကစားရွာနှင့် ဇဗ္ဗူသီရိ Sport Complex တည်ဆောက်ခြင်းလုပ်ငန်းများမှာ မကြာမီ အချိန်ကာလအတွင်းပြီးစီးတော့မှာဖြစ်ပါတယ်။ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်ထက်မြက်သော အားကစား သမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် ပြုစုပျိုးထောင်လေ့ကျင့်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်ကိုလည်း တွေ့မြင်ကြားသိနေရပါကြောင်း တင်ပြအပ်ပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် အားကစားကွင်းမှာလည်း နှစ်စဉ်အားကစားပြိုင်ပွဲများကျင်းပလျက်ရှိရာ အားကစားကွင်းရဲ့ လိုအပ် သည်များကို အားကစားဝါသနာရှင်မိဘပြည်သူများရဲ့ဆန္ဒအရ အောက်ပါမေးခွန်းကိုမေးမြန်းအပ်ပါ တယ်။ လွိုင်လင်ခရိုင် အားကစားကွင်း Inner Fencing ကာရံခြင်းနှင့် လွိုင်လင်ခရိုင် အားကစား ကွင်းပွဲကြည့်စင် တည်ဆောက်ခြင်းလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းအပ်ပါတယ်။ အစီအစဉ်ရှိပါက မည်သည်‌့အချိန်တွင် တည်ဆောက်ပေးမည် ကို သိလိုပါကြောင်းနှင့် အစီအစဉ်မရှိပါက အဘယ်ကြောင့် မတည်ဆောက်ပေးနိုင်သည်ကို ဖြေကြား ပေးပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း
အဖြေ

၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ နေပြည်တော်နှင့် ရန်ကုန်၊ မန္တလေး၊ ငွေဆောင်မြို့ကြီးတွေမှာ (၂၇) ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် အားကစားဝန်ကြီးဌာနအနေနဲ့ ပြင်ဆင်ဆောင်ရွက်လျက်ရှိနေပါတယ်။ ပြိုင်ပွဲကျင်းပဖို့အချိန်ကာလ ၁၂ လခန့်သာကျန်ရှိပါသဖြင့် လက်ရှိအချိန်မှာ လိုအပ်တဲ့ အားကစားကွင်း၊ အားကစားရုံများနှင့် အားကစားရွာတည်ဆောက်ခြင်းလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် မြန်မာ့အားကစားအဖွဲ့များ အောင်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ရေးကဏ္ဍများတွင်လည်း ငွေကြေးအရင်းအနှီး မြောက်မြားစွာ အကုန်အကျခံပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် အားကစားကွင်းရဲ့ အတွင်းခြံစည်းရိုးကာရံခြင်းနှင့် ပွဲကြည့်စင်တည်ဆောက်ခြင်း လုပ်ငန်းများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်များမှာ ထည်‌့သွင်းလျာထားခဲ့ခြင်းမရှိသေးပါကြောင်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအစီအစဉ်ဖြင့် ရန်ပုံငွေထည်‌့သွင်းလျာထားနိုင်ရေး ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။