မောက်မယ်မြို့နယ် မြို့နယ်သမဝါယမဦးစီးဌာနရုံး သည် မြို့နယ်ဝန်ထမ်းရုံးပေါင်းစုံ ရုံးဝင်းအတွင်း၌တည်ရှိပြီး ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုးအဆောင် ဖြစ်ပါသည်။ ယခင်ကမူလတန်းကျောင်းဆောင် အဆောက်အဦဟောင်းဖြစ်ပြီး နှစ်ကာလကြာညောင်း ပြီဖြစ်ရာ ဘက်ပေါင်းစုံမှပျက်စီး ယိုယွင်းနေပြီဖြစ်ပါသည်။ မြို့နယ်ရုံးပေါင်းစုံဝင်းအတွင်း၌ တစ်ခု တည်းသာကျန်ရှိတော့သည့် အဆောက်အဦဟောင်းဖြစ်ပါတယ်ခင်ဗျား။ လက်ရှိမြေကွက် ဝ.၄၅ ဧက ပေါ်တွင် ရုံးပြန်လည်ဆောက်လုပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်း တစ်ရပ်ကို လွှတ်တော်မှတစ်ဆင့် ရိုသေစွာမေးမြန်းအပ်ပါတယ်။ မောက်မယ်မြို့နယ် မြို့နယ် သမဝါယမဦးစီးဌာနရုံး ပြန်လည်ဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရမှ မည်သည့် ဘဏ္ဍာရေးနှစ်တွင် မည်ကဲ့သို့ကူညီပံ့ပိုးနိုင်မည်ကိုသိရှိလိုသည့်အတွက် မေးမြန်းပါသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဒုတိယ ၆ လပတ်မှစတင်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့လက်အောက်ရှိ ဌာန၊ အဖွဲ့ အစည်းများရဲ့ အဆောက်အဦများဆောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းအပါအဝင်လုပ်ငန်းများ ဆောက်ရွက်မှုများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်နေကြတာွဖစ်ပါတယ်။ သို့ဖြစ်ပါ၍ မောက်မယ်မြို့နယ် သမဝါယမဦးစီးဌာနရုံး ပြန်လည် ဆောက်လုပ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက် သင့်ကြောင်းအကြံပြုပြောကြားလိုပါတယ်။
မောက်မယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း မေးမြန်းတဲ့ မောက်မယ်မြို့နယ် သမဝါယမဦးစီးဌာနရုံး ပြန်လည်ဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ် သမဝါယမဦးစီးဌာနကလည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေရရှိရေးအတွက် ပြည်နယ် အစိုးရသို့ တင်ပြတောင်းခံရန်နှင့် ပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေအခြေအနေအရ ခွင့်ပြုချက်ရရှိချက် များအပေါ်မူတည်ပြီး ဆက်လက်အရေးယူဆောင်ရွက်သွားရန် သမဝါယမဝန်ကြီးဌာနအနေနဲ့ ရှမ်းပြည်နယ် သမဝါယမဦးစီးဌာနရုံးသို့ အကြောင်းကြားပေးသွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။
