နိုင်ငံတော်သည် ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံး မည်ဖြစ်သည့်အတွက် နိုင်ငံပိုင်လုပ်ငန်းအချို့အား ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခဲ့ရာတွင် နိုင်ငံတစ်ဝန်းရှိ နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်များအား ပုဂ္ဂလိကသို့ အပြီးလွှဲပြောင်းရောင်းချခဲ့ပြီး ၁၀-၆-၂၀၁၀ နေ့တွင် အဆိုပါပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များကို စတင်ဖွင့်လှစ်ရောင်းချခွင့်ပြု ခဲ့သည်ကိုသိရှိရပါတယ်။ အဆိုပါ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ စတင်ဖွင့်လှစ်ရောင်းချချိန် မှစ၍ ယနေ့အထိ ဒီဇယ်ကိုဈေးကွက်စီးပွားရေးစနစ်နဲ့အညီ ကမ္ဘာ့စက်သုံးဆီပေါက်ဈေးနှုန်း အတက်အကျ ပေါ်မူတည်၍ Floating Price ဖြင့်လွတ်လပ်စွာ လိုသလောက် ရောင်းချပေးနေသည်ကိုတွေ့ ရှိရပါတယ်။ ဒါပေမယ့် ပြည်တွင်းထုတ်တဲ့ဓာတ်ဆီကို တစ်ပြည်လုံးရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်း ဆိုင်များမှာ တစ်ဂါလန်လျှင်၂၅၀၀ကျပ်ဈေးနှုန်းဖြင့် တောက်လျှောက် ရောင်းချလာသည်ကိုတွေ့ရှိရပြီး ၎င်းဈေးနှုန်းသည်လည်း ကမ္ဘာ့ဓာတ်ဆီပေါက်ဈေးနှုန်းထက် သက်သာနေသည်ကို သတိပြုမိပါတယ်။ နိုင်ငံတကာသုံးဖြစ်တဲ့ 92 octane အမျိုးအစားဓာတ်ဆီကိုလည်း ပုဂ္ဂလိကလုပ်ငန်းရှင်များအား လွတ်လပ်စွာတင်သွင်းဖြန့်ဖြူး ရောင်းချခဲ့သည့်အတွက် ဒီဇယ်ကဲ့သို့ပင် ကမ္ဘာ့ဈေးနှုန်းအတက်အကျ ပေါ်မူတည်၍ Floating Price ဖြင့်လွတ်လပ်စွာ ဝယ်ယူနိုင်ကြသည်ကို တွေ့ရှိရပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ပြည်တွင်းထုတ် ဓာတ်ဆီတစ်ဂါလန်လျှင် ၂၃၅၀ ကျပ် နှုန်းဖြင့် နိုင်ငံတော်မှအရှုံးခံပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များကို ရောင်းချပေးသည့်အပြင် နိုင်ငံတော်မှပင် တစ်ပြည်လုံးသို့ တာဝန်ယူပို့ဆောင်၍ သိုလှောင်ဖြန့်ဖြူးရေးဌာနများမှထုတ်ပေးပြီး ပုဂ္ဂလိကစက်သုံး ဆီအရောင်းဆိုင်များမှ ပြည်သူလူထုအား ပြည်တွင်းထုတ်ဓာတ်ဆီ တစ်ဂါလန်လျှင် ၂၅၀၀ ကျပ် ဈေးနှုန်းဖြင့် လွတ်လပ်စွာရောင်းချစေခဲ့သည်ကိုသိရှိရပါတယ်။ ပြည်တွင်းထုတ်ဓာတ်ဆီတစ်လလျှင် ဂါလန် ၁၀ သန်းခန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည်ကို သိရှိရပါသဖြင့် တစ်ဂါလန်လျှင် ကျပ် ၁၀၀ ရှုံးလျှင်ပင် တစ်လလျှင် စုစုပေါင်းကျပ်သန်း ၁၀၀၀ ခန့်ရှုံးမည်ဟု ခန့်မှန်းတွက်ချက်ရပါ တယ်။ ပြည်တွင်းထုတ်ဓာတ်ဆီကို တစ်ဂါလန်လျှင် ၂၅၀၀ ကျပ်ဈေးနှုန်းနဲ့ သတ်မှတ်ရောင်းချသဖြင့် ဈေးနှုန်းသက်သာသည့်အပြင် ဆီစားနှုန်းလည်းသက်သာသည့်အတွက် ပိုမိုဝယ်ယူသုံးစွဲကြသည်ကို တွေ့ရှိရပြီး ပြင်ပပေါက်ဈေးနှုန်းဖြင့် တဖြည်းဖြည်းမြင့်တက် ကွာဟမှုပေါ်မူတည်၍ အမှန်သုံးစွဲရန် မဟုတ်တော့ဘဲ တစ်ဆင့်ပြန်လည်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် ပုဂ္ဂလိကစက်သုံးဆီ အရောင်း ဆိုင်များတွင် ပြည်တွင်းထုတ်ဓာတ်ဆီ တန်းစီဝယ်ယူရခြင်းကို စီးပွားရေးလုပ်ငန်းတစ်ရပ်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါတယ်။ ၂၀၁၀ ခုနှစ်၊ ဇွန်လဆန်းပိုင်းတွင် ရန်ကုန်မြို့၌ ပြည်တွင်းထုတ်ဓာတ်ဆီ တစ်ဂါလန်ပေါက်ဈေး ၃၀၀၀ ကျပ်ခန့်ရှိခဲ့ရာမှ ဇွန်လကုန်ပိုင်းတွင် ၂၇၀၀ ကျပ်အထိ ကျဆင်းခဲ့ပြီး၊ အောက်တိုဘာလကုန်ထိ ၂၇၀၀ ကျပ်ခန့် ဈေးနှုန်းဖြင့် တည်ငြိမ်နေသည်ကို တွေ့ရှိရပါတယ်။ နိုဝင်ဘာလတွင် တစ်ဂါလန်လျှင် ကျပ် ၃၁၀၀ မှ ၃၅၀၀ အထိမြင့်တက်ခဲ့ရာမှ ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် တစ်ဂါလန်လျှင် ကျပ် ၅၀၀၀ ကျော်အထိ ပြင်ပဈေးနှုန်းမြင့်တက်ခဲ့သည်ကို တွေ့ရှိ ခဲ့ပါတယ်။ ထိုသို့ စီးပွားဖြစ်တန်းစီ၍ ပြည်တွင်းထုတ် ဓာတ်ဆီတန်းစီထုတ်ယူရောင်းစားမှုများ များပြား လာသည်နှင့်အမျှ ဆီကောက်ရောင်းသည့် လမ်းဘေးဈေးဆိုင်များမှာ ပိုမိုများပြားလာပြီး ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များတွင် တန်းစီဝယ်ယူရန် အချိန်မပေးနိုင်သည့် အမှန်သုံးစွဲမည့် ပြည်သူ လူထုမှာ ပြည်တွင်းဓာတ်ဆီ လွယ်ကူစွာဝယ်ယူနိုင်သည့် လမ်းဘေးဆိုင်များမှာသာ ပြင်ပပေါက် ဈေးနှုန်းဖြင့် အဆမတန် ဝယ်ယူသုံးစွဲနေရသည်ကို တွေ့ရှိရပါတယ်။ ဝယ်လိုအားနှင့် ထုတ်လုပ်အား မမျှတော့သည့်အတွက် ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များမှ ပြည်တွင်းထုတ်ဓာတ်ဆီကို ဝယ်ယူခွင့် စာအုပ်များဖြင့်ပြုလုပ်၍ ဈေးကွက် စီးပွားရေးစနစ်နှင့် ဖီလာဆန့်ကျင်ပြီး ခွဲတမ်းစနစ်ဖြင့် ယခင်က ကဲ့သို့ပင် ပြန်လည်ရောင်းချသည်ကို တွေ့ရှိရပါတယ်။ ဈေးနှုန်းကွာဟကျယ်ပြန့်များပြားလာသည်နှင့် အမျှ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် ပြင်ပသို့ သတ်မှတ်ဈေးနှုန်းထက်ပို၍ ရောင်းချမှုများလည်းရှိသည်ကို သိရှိရပါတယ်။ နိုင်ငံတော်အစိုးမှ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များအား ပြည်တွင်းထုတ်ဓာတ်ဆီတစ်ဂါလန်လျှင် ၂၅၀၀ ကျပ် ဈေးနှုန်းဖြင့် တစ်ပြေးညီ၊ တစ်ပြည်လုံးတွင် ပုံသေရောင်းချစေခြင်းသည် နိုင်ငံတော်အစိုးရမှ ကျပ်သန်းပေါင်းများစွာ အကုန်ကျခံ၍၊ အရှုံးခံ၍ ပြည်သူလူထုအပေါ်စေတနာဖြင့် စီစဉ်ဆောင်ရွက် ပေးခြင်းဖြစ်သော်လည်း ပြည်သူလူထုအနေဖြင့် အမှန်တကယ် အကျိုးမခံစားရသည်ကို တွေ့ရှိရပါ တယ်။ လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် အငြိမ်းစားလစာတိုးမြှင့်ပေးခြင်း၊ အခွန်အခများ လျှော့ပေါ့ သတ်မှတ်ပေးခြင်း၊ ကင်းလွတ်ခွင့်ပြုသည်များကို ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံတော်၏ ဦးစားပေး လုပ်ငန်းအစီအစဉ်များအရ ဆောင်ရွက်လုပ်ကိုင်သွားရမည့်လုပ်ငန်းများအတွက် ဘဏ္ဍာငွေများစွာ လိုအပ်သည်ကို ဤလွှတ်တော်တွင် ဆောင်ရွက်နေသည့် အမေး၊ အဖြေ မေးခွန်းများအရ ပေါ်လွင် ပါတယ်။ နိုင်ငံတော်၏စီးပွားဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ဆောင်ရွက်ရေးသည် တစ်နိုင်ငံလုံး ၏ တစ်မျိုးသားလုံးနှင့် သက်ဆိုင်ပါသဖြင့် နိုင်ငံတော်၏ဘဏ္ဍာငွေလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် နိုင်ငံတော်က ပြည်တွင်းထုတ်ဓာတ်ဆီအရှုံးခံ၍ ရောင်းချနေခြင်းသည် အမှန်လိုအပ်၍ ဝယ်ယူသုံးစွဲရတဲ့ ပြည်သူလူထုအတွက်အကျိုးမပြုဘဲ လူတစ်စု၊ တစ်ဖွဲ့အတွက်သာ အကျိုးစီးပွား ဖြစ်ထွန်းနေသည်အတွက်လည်းကောင်း၊ ပြည်သူလူထုတန်းစီဝယ်ယူနေခြင်း၊ အကျင့်စာရိတ္တ ပျက်ပြားခြင်း၊ မကြာခဏ လူစုလူဝေးဖြစ်ပေါ်ပြီး မလိုလားအပ်သောပြဿနာများ ပေါ်ပေါက်နိုင်ခြင်း၊ တန်းစီပြီးမဝယ်ယူနိုင်သည့်အခါ အပြင်တွင် အရောအနှောရောင်းချနေသော ဓာတ်ဆီများကို ဝယ်ယူ သုံးစွဲရခြင်း စသည့်အခြေအနေများကို သုံးသပ်ပြီး ဓာတ်ဆီကို ကမ္ဘာ့ပေါက်ဈေး၊ မြန်မာ့ဈေးကွက် အတိုင်း လွတ်လပ်စွာရောင်းချနိုင်ခြင်း၊ ဓာတ်ဆီတင်သွင်း ခွင့်ပြုခြင်း အခြေအနေများကို သုံးသပ်၍ လိုအပ်သည့်အစီအမံများ ဆောင်ရွက်ရန်ရှိ၊ မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်းမှာ ဖော်ပြထားတဲ့အတိုင်းပဲ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ စက်သုံးဆီ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ၂၀၁၀ ခုနှစ်၊ ဇွန်လကစပြီးတော့ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ လုပ်ငန်းရှင်တွေက ပြည်ပက တင်သွင်းလာတဲ့ စက်သုံးဆီတွေအပေါ်မှာ တရားဝင်ကျသင့်တဲ့ အခွန်အခပေးဆောင်စေပြီးမှ ထိုက်သင့်တဲ့ အမြတ်အစွန်းရယူပြီး ဈေးနှုန်းရှင်နှင့်လွတ်လပ်စွာ ဖြန့်ဖြူးရောင်းချခွင့်ပြုခဲ့ပါတယ်။
စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းကို ပုဂ္ဂလိကသို့မလွှဲမီ နိုင်ငံတော်ကပဲ စက်သုံးဆီ အားလုံးကို တာဝန်ယူပြီးတော့ ဖြန့်ဖြူးစဉ်ကာလတုန်းက ဖြန့်ဖြူးမှုနှင့် ပြည်ပတင်သွင်းမှု ကိန်းဂဏန်း တွေကို ပြန်လည်စိစစ်တဲ့အခါမှာ ဒီဇယ်ဆီကို ပျမ်းမျှတစ်နှစ်ကိုဂါလန် သန်း ၁၂၀ ခန့် တင်သွင်း ဖြန့်ဖြူးခဲ့ရပါတယ်။ ဓာတ်ဆီမှာတော့ ပြည်တွင်းထုတ်ဓာတ်ဆီနဲ့ အဲဒီအချိန်က ခွဲတမ်းစနစ်နဲ့ အဆင်ပြေစွာဖြန့်ဖြူးနိုင်ခဲ့ကြောင်းစိစစ်တွေ့ရှိရပါတယ်။ အဆင့်မြင့်ဓာတ်ဆီဖြစ်တဲ့ Ron နံပါတ် 92၊ 92 Ron ဓာတ်ဆီကိုတော့ ပျမ်းမျှတစ်နှစ်ကို ဂါလန်တစ်သန်းခွဲလောက် တင်သွင်းပြီးတော့ ဖြန့်ဖြူးခဲ့ရ ပါတယ်။ အဲဒါကြောင့် ယခင်တုန်းက ပြည်တွင်းထုတ်ဓာတ်ဆီကို အဆင်ပြေပြေဖြန့်ဖြူးရောင်းချ နိုင်ခဲ့တဲ့အတွက် ပုဂ္ဂလိကစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း စတင်ဆောင်ရွက် ခွင့်ပြုတဲ့အချိန်မှာ အဲဒီဓာတ်ဆီကို ပြည်တွင်းကပဲ ထုတ်လုပ်နိုင်ခြင်း၊ ပုဂ္ဂလိကအနေနဲ့လည်း ဒီဓာတ်ဆီကို ဒီဇယ်လို လွယ်လွယ်ကူကူသယ်ယူပို့ဆောင် သိုလှောင်ဖြန့်ဖြူးနိုင်မှုမရှိသေးခြင်း၊ နောက်တစ်ခါ ပြည်သူလူထုအနေနဲ့လည်းပဲ ယခင်တုန်းကဝယ်ယူရရှိတဲ့ တစ်ဂါလန် ၂၅၀၀ကျပ် ဆိုတဲ့ သက်သာတဲ့ဈေးနှုန်းနဲ့ ဆက်လက်ဝယ်ယူသုံးစွဲစေလိုခြင်းစတဲ့ စေတနာတွေကြောင့် လုပ်ငန်းရှင်တွေကို တစ်ဂါလန်ကို ၂၃၅၀ ကျပ်ဈေးနှုန်းနဲ့ စွမ်းအင်ဝန်ကြီးဌာနက ရောင်းချပေးပါတယ်။ တစ်နိုင်ငံလုံးအနှံ့ ၂၃၅၀ ကျပ်ဈေးနဲ့ပဲအရောက်ပို့ပြီးတော့ ဖြန့်ဖြူးရောင်းချစေခဲ့ပါတယ်။ လုပ်ငန်းရှင်များကတော့ သူတို့ လက်လီဖြန့်ရောင်းတဲ့အခါမှာ တစ်ဂါလန်ကို ၂၅၀၀ ကျပ်ဈေးနှုန်းနဲ့ တစ်နိုင်ငံလုံး တစ်ပြေးညီ ပြည်သူလူထုကို လွတ်လွတ်လပ်လပ်ဖြန့်ဖြူးရောင်းချစေခဲ့ပါတယ်။ အဲဒီလို ပြည်တွင်းထုတ်ဓာတ်ဆီကို တစ်ဂါလန် ၂၅၀၀ ကျပ်ဈေးနဲ့ လွတ်လွတ်လပ်လပ် ဖြန့်ဖြူးရောင်းချပေးခဲ့တဲ့အတွက် ပြင်ပပေါက် ဈေးနှုန်း တဖြည်းဖြည်းမြင့်တက်ကွာဟလာမှု အပေါ်မှာမူတည်ပြီးတော့ အမှန်သုံးစွဲဖို့မဟုတ်တော့ဘဲ တစ်ဆင့်ပြန်လည်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်တွေမှာ ပြည်တွင်းထုတ် ဓာတ်ဆီတန်းစီဝယ်ယူကြခြင်းဆိုတဲ့လုပ်ငန်းကို စီးပွားရေးလုပ်ငန်းတစ်ရပ်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက် လာကြတာတွေ့ပါတယ်။ အဲဒီလိုဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းဝယ်ယူဖို့ အချိန်မပေးနိုင်ကြတဲ့ အမှန်သုံးစွဲမယ့် ဝန်ထမ်းတွေ၊ ပြည်သူလူထုတွေဟာလည်းပဲ အချိန်မပေးနိုင်တော့တဲ့အတွက် အပြင်မှာပဲ လွယ်လွယ်ကူကူရတဲ့ လမ်းဘေးဆိုင်တွေမှာ မတန်တဆပြင်ပပေါက်ဈေးနဲ့ အဆမတန် ဝယ်ယူသုံးစွဲရခြင်းလည်း အမှန်ပဲရှိခဲ့ပါတယ်။ နောက်လွတ်လွတ်လပ်လပ်ရောင်းချပေးတဲ့အတွက် ဝယ်လိုအားနဲ့ရောင်းလိုအား မမျှတော့တဲ့အခါမှာ ယခင်တုန်းကအတိုင်းပဲခွဲတမ်းစနစ်ကို ပြန်ပြီးတော့ စာအုပ်နဲ့လုပ်ရတဲ့ မကောင်းတဲ့လုပ်ဆောင်ချက်တွေလည်းပဲ ပြန်ပြီးတော့ လုပ်ဆောင်လာရတာ တွေ့ပါတယ်။ နောက် စက်သုံးဆီပြတ်လပ်မှုမဖြစ်အောင် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ဒီပုဂ္ဂလိက စက်သုံးဆီဆိုင်တွေကို သူတို့ရဲ့ဖြန့်ဖြူးရောင်းချတဲ့ ရောင်းချမှုတွေကို မိမိဝန်ထမ်းတွေ ထားပြီးတော့ စောင့်ကြည့်နေတဲ့ကြားကပဲ စက်သုံးဆီဈေးနှုန်း ကွာဟချက်များလာတာနဲ့အမျှ ပုဂ္ဂလိက အရောင်းဆိုင်တွေကနေ ပြည်သူလူထုဆီကို အပြည့်အဝဖြန့်ဖြူးရောင်းချခြင်းမပြုတော့ဘဲနဲ့ ပြင်ပကို သတ်မှတ်ဈေးနှုန်းထက် မတန်တဆပိုပြီးတော့ ရောင်းချနေမှုများရှိကြောင်း မကြာခဏတိုင်ကြားမှု တွေလည်း ကျွန်တော်တို့ဆီကို အမှန်ပဲရောက်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ မေးခွန်းရှင်မေးမြန်း ထားသလိုပဲ နိုင်ငံတော်အစိုးရအနေနဲ့ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တွေက ပြည်တွင်းထုတ် ဓာတ်ဆီကို တစ်ဂါလန် ၂၅၀၀ ကျပ်ဈေးနှုန်းနဲ့ တစ်ပြေးညီသတ်မှတ်ရောင်းချတဲ့အတွက် ပုဂ္ဂလိက စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်ပြုခဲ့တဲ့ ၂၀၁၀ ခုနှစ်၊ ဇွန်လကနေပြီးတော့ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ အထိ နိုင်ငံတော်အနေနဲ့ သယ်ယူပို့ဆောင်ခနှင့် ဝန်ဆောင်စရိတ်တွေအပါအဝင် စုစုပေါင်း ကုန်ကျစရိတ် ၂၆.၆၄ ဘီလီယံကျော် အကုန်အကျခံအရှုံးခံပြီးတော့ ဆောင်ရွက်ပေးခဲ့ပါတယ်။ အခုလို နိုင်ငံတော်က အကုန်အကျခံအရှုံးခံပြီး ပြည်သူလူထုအပေါ် စေတနာနဲ့ စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ပေမယ့် ပြည်သူလူထုဟာ အမှန်တကယ်အကျိုးမခံစားရဘူးဆိုတာ စောစောက တင်ပြချက်တွေ အရ သိသာပါတယ်။ လူတစ်စုတစ်ဖွဲ့သာ အကျိုးစီးပွားဖြစ်ထွန်းနေတယ်ဆိုတာလည်း အမှန်ပဲဖြစ်ပါ တယ်။ ပြည်သူလူထုဟာ တန်းစီဝယ်ယူနေရတယ်။ အကျင့်စာရိတ္တ ပျက်ပြားမှုတွေရှိတယ်။ မကြာခဏ လူစုလူဝေးတွေ ဖြစ်ပေါ်စေတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေပေါ်ပေါက်လာနိုင်တယ်။ တန်းစီ မဝယ်နိုင်တဲ့ အခါမှာ ပြင်ပကအရည်အသွေးမစစ်မှန်တဲ့ ဓာတ်ဆီကို အဆမတန်ဈေးနဲ့ ဝယ်ယူသုံးစွဲ ရတယ်ဆိုတဲ့ဖြစ်စဉ်တွေ ပေါ်ပေါက်လာပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်နှင့် နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားအတွက် အစိုးရကအကောင်အထည်ဖော်ဆောင်ရွက်နေရတဲ့များပြားလှစွာသော လုပ်ငန်း များမှာ နိုင်ငံ့ဘဏ္ဍာငွေတွေကို အကျိုးရှိရှိသုံးစွဲနိုင်ဖို့အတွက် ပြည်တွင်းထုတ်ဓာတ်ဆီကို အရှုံးခံပြီး မရောင်းသင့်တော့ဘဲနဲ့ ဖြစ်သင့်တဲ့ဈေးနှုန်းနဲ့ ဈေးနှုန်းအရှင် ပြင်ဆင်သတ်မှတ်ရောင်းချ သင့်သည်လို့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့လည်းထင်မြင်ယူဆပါတယ်။ အဲဒါကြောင့် ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ ပြည်တွင်းထုတ်ဓာတ်ဆီတွေကို ဈေးကွက်ပေါက်ဈေးနဲ့ ပြင်ဆင်ရောင်းချရေးကိစ္စကို သင့်တော်တဲ့ အချိန်မှာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနဲ့ အဲဒီလို ဈေးနှုန်းပြောင်းလဲမယ့်ကိစ္စကိုလည်းပဲ သုံးစွဲသူပြည်သူများသို့ ကြိုတင်အသိပေးကြေညာပြီးမှ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
