(ဂ)-ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် အားကစားကွင်းအားပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး နဝမနေ့ (၆.၁၁.၂၀၁၂)

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်မှာဆိုလို့ရှိရင် အားကစားနှင့် ကာယပညာဦးစီးဌာနပိုင်တဲ့ အားကစားကွင်းဟာ ယခုအခါမှာဆိုရင် မြက်ပင်တွေ ထူထပ်ပေါများ နေပြီးတော့ ကျွဲ၊ နွား တိရစ္ဆာန်တွေကျောင်းတဲ့နေရာအဖြစ်သို့ ရောက်ရှိနေပါတယ်။ ဒါ့အပြင် ပွဲကြည့် စင်ဆိုလို့ရှိရင်လည်း အခင်းတွေပြိုပျက်ခြင်း၊ အမိုးတွေပြိုပျက်ခြင်းတို့ ဖြစ်နေတဲ့အတွက် အားကစား ကွင်းဟာ လုံးဝသုံးလို့မရပါဘူး။ ယနေ့ လူငယ်တွေအတွက် အကောင်းဆုံး စည်းရုံးရေး လက်နက် ဖြစ်တဲ့ အားကစားကိုပြုပြင်ပေးဖို့အတွက် ဒီလိုရုပ်ပိုင်းဆိုင်ရာတွေတိုးတက်ဖို့ လိုအပ်တဲ့အတွက် ကြောင့်မို့လို့ ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ်အားကစားကွင်းကို ယခင်ကလည်းတွက်ချက်ပြီးတော့ ပြုပြင်ဖို့အတွက်တင်ပြထားပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဒီအားကစားကွင်းနှင့်ပတ်သက်ပြီးတော့ အားကစားဝန်ကြီးဌာနအနေနဲ့ ပြုပြင်ပေးရန်အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် ပြုပြင်ပေးပါမည်နည်း။ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဆိုတာ သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း
အဖြေ

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင် ဒေသကြီး ၄ ခုမှာ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် အားကစားဝန်ကြီးဌာနအနေဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြိုင်ပွဲကျင်းပရန် အချိန်ကာလ ၁၂ လခန့်သာ ကျန်ရှိပါသဖြင့် လက်ရှိ အချိန်မှာ လိုအပ်သည့် အားကစားကွင်း၊ အားကစားရုံများနှင့် အားကစားရွာတည်ဆောက်ခြင်း လုပ်ငန်းများကို နိုင်ငံတကာအဆင့်မီရန် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် မြန်မာ့အားကစားအဖွဲ့များအောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ရေးကဏ္ဍများတွင်လည်း ငွေကြေးအရင်းအနှီးမြောက်မြားစွာ ကုန်ကျခံပြီးဆောင်ရွက်လျက်ရှိပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် အားကစားကွင်းပြုပြင်ပေးရန် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၂၀၁၂-၂၀၁၃  ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၃-၂၀၁၄  ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်များမှာ ထည့်သွင်းလျာ ထားခြင်းမရှိသေးပါကြောင်းနှင့် ၂၀၁၄-၂၀၁၅  ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအစီအစဉ်ဖြင့် ရန်ပုံငွေထည့်သွင်းလျာထားနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါတယ်။ အုတ်တွင်းမြို့နယ် အားကစားကွင်းရှိ မြက်ပင်များရှင်းလင်းရေးနှင့် သပ်ရပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် ဒေသဆိုင်ရာ အာဏာ ပိုင်များနှင်‌့ညှိနှိုင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။