မြန်မာနိုင်ငံတွင် ၁၉၆၅-၁၉၆၇ ခုနှစ်အထိ ရန်ကုန်မြို့တွင် ဗိုလ်တထောင်သတင်းစာ၊ မန္တလေးမြို့တွင် လူထုသတင်းစာစသည့် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ရခဲ့သည်ဆိုလျှင် မှန်ပါ သလား။ တော်လှန်ရေးကောင်စီခေတ်ကပင် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေအရ ပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့်ပေးခဲ့သည်ကို ယနေ့ ယင်းဥပဒေတည်ဆဲကာလ တွင်ပင် ပြည်ထောင်စုအစိုးရက ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်ပြုပါမည်လား။ ထုတ်ဝေခွင့်မပြုပါက အဘယ်ကြောင့်နည်းကို မေးမြန်းပါသည်။
၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေအာဏာတည်ပြီးဖြစ်တဲ့ ၁၉၆၅-၁၉၆၇ ကြားကာလအတွင်းမှာ ရှိရင်းစွဲပုဂ္ဂလိက သတင်းစာတချို့ ဆက်လက်တည်ရှိခဲ့တယ်ဆိုလို့ရှိရင် ဒီဥစ္စာ မှန်ကန်ပါတယ်လို့ ဖြေကြားလိုပါတယ်။ ဖြည့်စွက်ပြီး ဖြေကြားလိုတာကတော့ ဒီဥပဒေအရ ပုဂ္ဂလိကသတင်းစာ အသစ် များကိုတော့ ထုတ်ဝေခွင့်ပေးခဲ့ခြင်းမရှိပါကြောင်းလည်း ဖြည့်စွက်ပြီးဖော်ပြအပ်ပါတယ်။
ဆက်လက်ပြီးတော့ မေးခွန်းရဲ့ ဒုတိယပိုင်းကိုဖြေကြားသွားမှာဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရ ဟာ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေအာဏာ တည်ဆဲကာလအတွင်းမှာ ပင်လျှင် လွတ်လပ်သော ပုဂ္ဂလိကသတင်းစာများကို ထုတ်ဝေခွင့်ပြုရန် အစီအစဉ်ရှိပါကြောင်းဖော်ပြ အပ်ပါတယ်။ သို့ရာတွင် ယခုအချိန်အခါဟာ ကျွန်တော်တို့ ၂၁ ရာစုကာလ ပြောင်းလဲလာတဲ့ မီဒီယာ ရှုခင်း၊ ရှုကွက်များနှင့် သတင်းပညာ အဓိပ္ပာယ်ရှင်းလင်းဖော်ပြချက်များအရ လွတ်လပ်သော ပုဂ္ဂလိက သတင်းစာများ ကောင်းစွာရှင်သန်ပြီး တာရှည်တည်တံ့ခိုင်မြဲစေမည့် မီဒီယာပတ်ဝန်းကျင်အသစ် တစ်ရပ်ကို သက်ဆိုင်ရာစာနယ်ဇင်းအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးတော့မှ ပြုစုပျိုးထောင်လျက်ရှိကြ ပါတယ်။ ဒီမီဒီယာပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်တဲ့နေရာမှာ ကျင့်ဝတ်ဆိုင်ရာ အခြေခံမူများ ရေးဆွဲ ခြင်း၊ ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ လုပ်ငန်းစဉ်များ သတ်မှတ်ခြင်း၊ ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းများ (Code of Ethic) ရေးဆွဲခြင်း၊ ကျင့်ဝတ်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ (Code of Conduct ) ရေးဆွဲခြင်း၊ သတင်းစာနယ်ဇင်း အဖွဲ့အစည်းဆိုင်ရာ စံနှုန်းထားများ (Community Standard) ရေးဆွဲခြင်း၊ ဥပဒေကြောင်းဆိုင်ရာကိစ္စရပ်များရေးဆွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါ တယ်။ ဒါကြောင့် အထက်မှာဖော်ပြခဲ့တဲ့ ဒီ Institution ဆိုင်ရာ ဖြည့်ဆည်းမှုတွေအားလုံး ပြီးပြည့်စုံတဲ့ အထိ ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်တိုင်အောင် ထိုက်သင့်သလောက် ပြည့်စုံလုံလောက်တဲ့ အခြေအနေကို ရောက်ပြီဆိုလို့ရှိရင် လွတ်လပ်သောပုဂ္ဂလိကပိုင် နေ့စဉ်ထုတ်သတင်းစာများကို ထုတ်ဝေခွင့်ပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအနေနဲ့ စဉ်းစားဆောင်ရွက်သွားမှာ ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။
ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ပြည်သူ့လွှတ်တော်နည်းဥပဒေ ၁၁၆ နည်းဥပဒေခွဲ(ဃ) အရ ဝန်ကြီးရဲ့ဖြေဆိုချက်အပေါ်မှာ ရှင်းလင်းချက်တစ်ခုလိုအပ်ပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာစံနှုန်းနဲ့ကိုက်ညီတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ရှိပြီဆိုတာ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ရသည်၊ မရသည်အပေါ်မှာတည်နေပါတယ်။ အဲ့ဒါကြောင့် ခုနက ဝန်ကြီးဖြေကြားခဲ့တဲ့ အခြေအနေတစ်စုံတစ်ရာဆိုတာ ကာလအားဖြင့် အကြမ်းဖျင်း ၂၀၁၃ ခုနှစ် မည်သည့်အချိန်ပိုင်း လောက်မှာ ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်ပေးနိုင်တာကို ခန့်မှန်းဆိုပေမယ့် တိတိကျကျလေး ဖြေပေးရန် မေးမြန်းပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်
အခု ကျွန်တော်တို့အနေနဲ့ ဒီ Media Environment ကို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင် နေတဲ့နေရာမှာ Press Council အပါအဝင် ကျန်တဲ့အဖွဲ့အစည်းတွေအားလုံးက ခုနကတုန်းက ကျွန်တော်တင်ပြခဲ့တဲ့ Institution တွေကို ဘယ်လောက်အထိ ဆောလျင်စွာဆောင်ရွက်ပေးနိုင်မလဲ ဆိုတဲ့အချက်အပေါ်မှာ အဓိကတည်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြည်ထောင်စုအစိုးရအနေနဲ့ ဘယ်နေ့ ဘယ်ရက်ဆိုတာ အဆုံးအဖြတ်ပေးနိုင်တဲ့အခြေအနေမှာမရှိပါကြောင်း ဖြေကြားပါသည်။
