သေဒဏ်တစ်သက်တစ်ကျွန်းဒဏ်ခံနေရသော စွပ်စွဲခံရသူ တရားခံများအတွက် တရားမျှတမှုရှိစေရန် အတွက် နိုင်ငံတော်ကနေပြီးတော့ ဆင်းရဲနွမ်းပါးတဲ့ တရားခံတွေအတွက် နိုင်ငံတော်စရိတ်ဖြင့် ရှေ့နေ ငှားရမ်းပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ထုချေခွင့်ပေးတယ်။ အဲဒီလို ပေးတဲ့နေရာမှာ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ ၁/၂၀၀၁ ညွှန်ကြားချက်အရ ပထမဦးဆုံး ကိုယ်စားလှယ် လွှဲစာတင်တဲ့နေ့မှာဆိုလို့ ရှိရင် ၇၅ ကျပ်သတ်မှတ်ထားပြီးတော့ ကျန်တဲ့ ရုံးချိန်းတိုင်းမှာ ရှေ့နေလိုက်ခအဖြစ် တစ်ချိန်းကို ၅၀ ကျပ်အဖြစ် သတ်မှတ်ထားတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ယနေ့အခါမှာဆိုလို့ရှိရင် နိုင်ငံတော်ျကနေပြီးတော့ ရုံးခွန်တံဆိပ်ခေါင်းတွေကို အဆတစ်ရာခန့် တိုးမြှင့်သတ်မှတ်ပေးပြီးလည်း ဖြစ်ပါတယ်။ ယနေ့ တရားခွင်မှာတရားခံများအတွက် လိုက်ပါဆောင်ရွက်ရတဲ့ ရှေ့နေအတွက် ငှားရမ်းခကို ၅၀ ကျပ် သတ်မှတ်ထားခြင်းဟာ ယနေ့ခေတ်ကာလမှာ အလုပ်ကြမ်းသမားများ တစ်နေ့ကို ၃၀၀၀၊ ၅၀၀၀ ရတဲ့အချိန်မှာ တစ်နေ့ရုံးချိန်းအနေနဲ့ ၅၀ ကျပ်ပေးခြင်းဟာ ယနေ့ခေတ် ကာလနဲ့ အလွန်ကွာခြားနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။
ဥပဒေပညာရှင်များအတွက်လည်း ဒီငွေကြေးဟာဆိုလို့ရှိရင် အင်မတန်မှ နည်းပါးနေတဲ့ အတွက် မဖြစ်သင့်မဖြစ်ထိုက်ပါ။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ နိုင်ငံတော် ရှေ့နေချုပ်ရုံးအတွက် က မရှိနွမ်းပါးတရားခံများအတွက် သေဒဏ်တစ်သက်တစ်ကျွန်းဒဏ် ကျခံနေရတဲ့ တရားခံများအတွက် တရားမျှတမှုရှိစေရန် နိုင်ငံတော်ကနေပြီးတော့ ငှားရမ်းပေးတဲ့ ရှေ့နေခကို တိုးမြှင့်သတ်မှတ်ပေးဖို့ အစီအစဉ်ရှိ၊မရှိ သိလိုသည့်အတွက် မေးမြန်းပါသည်။
လွှတ်တော်ကိုယ်စား လှယ်ကြီး ဦးညီညီမြင့်ရဲ့မေးခွန်းမှာရည်ညွှန်းတဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံး တရားစွဲနှင့် အမှုလိုက်ဆိုင် ရာညွှန်ကြားချက်အမှတ် (၁/၂၀၀၁) ဟာ သေဒဏ်ထိုက်တဲ့ပြစ်မှုနဲ့ စွပ်စွဲခံရတဲ့တရားခံဟာ ဆင်းရဲ နွမ်းပါးသဖြင့် ရှေ့နေငှားရမ်းနိုင်ခြင်းမရှိကြောင်း သက်ဆိုင်ရာတရားရုံးကိုတင်ပြလျှောက်ထားချက် အရ တရားရုံးကအကြောင်းကြားတဲ့အခါမှာ တာဝန်ခံဥပဒေအရာရှိဟာ ဥပရမှတ်ပုံတင်(၆)ခေါ်တဲ့ သေဒဏ်ထိုက်တဲ့အမှုမှာ ဆင်းရဲနွမ်းပါးသူတရားခံဘက်က လိုက်ပါဆောင်ရွက်ဖို့ရှေ့နေ ငှားရမ်းခြင်း မှတ်ပုံတင်မှာ ဖြည့်သွင်းဖို့ ဆောင်ရွက်ရတဲ့ကိစ္စတွေ ဖော်ပြထားခြင်းသာဖြစ်ပါတယ်။ သေဒဏ် ထိုက်သည့် ပြစ်မှုဖြင့်စွပ်စွဲခံရသော ဆင်းရဲနွမ်းပါးသူတရားခံများအတွက် အစိုးရစရိတ်ဖြင့်ငှားရမ်း ပေးတဲ့ရှေ့နေများ၏ အခကြေးငွေနှုန်းထားသတ်မှတ်ခြင်းနှင့်စပ်လျဉ်းပြီးတော့ ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ သဘောတူညီချက်နှင့် ရှေ့နေချုပ်ရုံးရဲ့ ၁၅-၃-၁၉၉၃ အရထုတ်ပြန်တဲ့အမိန့် ကြော်ငြာစာ နဲ့ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီအမိန့်ကြော်ငြာစာရဲ့အပိုဒ် ၂ (က) မှာ တရားရုံးချုပ်မှာ လိုက်ပါ ဆောင်ရွက်တဲ့အမှုတွေမှာ ပထမနေ့အတွက် ၁၀၀ ကျပ်နှင့် ဆက်လက်လိုက်ပါဆောင်ရွက်ရတဲ့ နေ့တွေမှာ တစ်နေ့ကို ၇၅ ကျပ်နှုန်း၊ အပိုဒ် ၂ (ခ)မှာတော့ သေဒဏ် စီရင်ပိုင်ခွင့်ရှိတဲ့အခြားတရားရုံး သို့မဟုတ် ခုံရုံးမှာလိုက်ပါဆောင်ရွက်တဲ့အမှုတွေမှာ ပထမနေ့အတွက် ၇၅ ကျပ်နှင့် ဆက်လက် လိုက်ပါဆောင်ရွက်ရတဲ့နေ့တွေအတွက် တစ်နေ့လျှင် ၅၀ ကျပ်နှုန်းလို့ဖော်ပြပါရှိပါတယ်။ ဒီသတ်မှတ် နှုန်းထားတွေဟာ ယနေ့ခေတ် အချိန်အခါနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လွန်စွာမှနည်းပါးလျက်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ တင်ပြချက်ဟာမှန်ကန်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရုံး အနေနဲ့လည်း ငှားရမ်းခစရိတ် တိုးမြှင့်ပေးဖို့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးကနေပြီးတော့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကို သဘောထားတောင်းခံခဲ့ရာမှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ကလည်း သဘောတူညီကြောင်း ပြန်ကြားချက်ရရှိပြီးဖြစ်ပါတယ်။ ခေတ်ကာလနဲ့လျော်ညီသော သင့်လျော်တဲ့နှုန်းထားဖြင့် သတ်မှတ်အတည်ပြုပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆက်လက်တင်ပြပြီးတော့ အဆိုပါ Dock Brief နှုန်းထားတိုးမြှင့်သတ်မှတ်ရေးအတွက် ဆက်လက် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။
