(ဇ)-ပင်းတယမြို့နယ်နှင့်ရွာငံမြို့နယ်အတွင်းJICA မှODA Loanဖြင့်ကျေးရွာ၁၁ရွာဓာတ်အားရရှိ ရန်နှင့်ကျေးရွာမီးလင်းရေးကော်မတီများဝန်ခံ ကတိပြုစာချုပ်ပါအချက်၂၄ချက်အနက်ခေတ် ကာလနှင့်အညီဖြစ်စေရေးအတွက် ပြင်ဆင်ပြဋ္ဌာန်း သတ်မှတ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ (၂၀.၁.၂၀၁၄)

ဦးဝင်းဆွေ (ညောင်ရွှေ)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်း JICA မှ ODA Loan ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး အကောင်အထည်ဖော်ဆောင် ရွက်မည့် ကျေးရွာ ၁၁ ရွာ ဓာတ်အားရရှိရေးအတွက် ကျပ်သန်း ပေါင်း ၂၉၉.၄ သန်း အား လျာထားကြောင်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၃-၇-၂၀၁၃ ရက်နေ့တွင် ဖြေကြားခဲ့ရာ ရောက်ရှိနေသော အခြေအနေ၊ ဆောင်ရွက်ပေးမည့် အချိန်ကာလနှင့် မည်သို့မည်ပုံသုံးစွဲရန် လျာထားကြောင်းနှင့် ကျေးရွာ ကိုယ်ထူကိုယ်ထ မီးလင်းရေးကော်မတီများသည် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း ၍ ကျေးရွာ မီးလင်းရေး ကော်မတီများ၏  ခံဝင် ကတိပြုစာချုပ်ပါအချက် ၂၄ ချက်တွင် ခေတ်ကာလနှင့်မလျော်ညီသော အချက်များပါရှိကြောင်း၊ အထူးသဖြင့် လိုအပ်သော ပစ္စည်းများကို လျှပ်စစ်စွမ်းအား  ဝန်ကြီးဌာနသို့ အလှူခံခြင်း၊ အခမဲ့အကူအညီ တောင်းခံခြင်းတို့ကို မပြုလုပ်ကြောင်းနှင့် လျှပ်စစ်ဝန်ကြီးမှ ပစ္စည်းများ အခမဲ့ရရှိရေးအတွက် အခြားလူပုဂ္ဂိုလ်များကို အသုံးပြု၍ အကူအညီ တောင်းခံခြင်းများ မပြုလုပ်ကြောင်း၊ ကျေးရွာမီးလင်းရေးနှင့် ပတ်သက်၍ ကျေးရွာမှ ကိုယ့်အားကိုယ်ကိုး စုဆောင်းထားရှိသောငွေဖြင့် လုပ်နိုင်မှသာ လုပ်ငန်းဆောင်ရွက် ခွင့်ပြုမည်ဖြစ်ပြီး လုပ်ဆောင်နိုင်မှုမရှိဘဲ အခြားအကူအညီတောင်းခြင်း၊ အလှူခံခြင်းများ ပြုလုပ်မည်ဆိုပါက မီးလင်းရေးဆောင်ရွက်မည့် အစီအစဉ်အား ခွင့်မပြုကြောင်းနှင့် ခွင့်ပြုပြီးဖြစ်သော်လည်း အလှူခံဆောင် ရွက်နေကြောင်း သိရှိပါက ခွင့်ပြုထားခြင်းကို ပယ်ဖျက်ပါမည် ဖြစ် ပါကြောင်း၊ ကျေးရွာမီးလင်းရေးအတွက် ကိုယ့်အား ကိုယ်ကိုး တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် ခွင့်ပြုပေးခြင်းသည် လျှပ်စစ်မီးကို ၂၄ နာရီ ဆက်သွယ် အသုံးပြုရန်အတွက် ခွင့်ပြုပေးခြင်းမဟုတ်ကြောင်းနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိလာချိန်တွင် လျှပ်စစ်မီးကို အဆင်သင့် ဆက်သွယ်အသုံးပြုနိုင်ရန်အတွက် ကြိုတင် တည်ဆောက် ရန် ဆောင်ရွက်ခြင်းကိုသာ ခွင့်ပြုခြင်းဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ လျှပ်စစ်ဓာတ်အားကို သုံးရက် တစ်ကြိမ်ရမည်စသည်တို့ဖြစ်ရာ ခေတ်ကာလနှင့် မညီသော အချက်များအား ခေတ်ကာလနှင့် အညီ ဖြစ်စေရေး အတွက် ပြင်ဆင်ပြဋ္ဌာန်း သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန် တွင် ပြင်ဆင်ပြဋ္ဌာန်း သတ်မှတ်ပေးမည်ကို သိရှိလို ကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေး
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွးဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်များ အတွင်း JICA ODA Loan ဖြင့် ကျေးရွာ ၁၆ ရွာ လျှပ်စစ်မီးရရှိရေးအတွက်  JICA နှင့် ၇-၆-၂၀၁၃ ရက်နေ့တွင်  Loan Agreement ချုပ်ဆိုခဲ့ပြီးဖြစ်သည့်အတွက်  ချေးငွေဆိုင် ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်ဆောင်ရွက် လျက် ရှိပါကြောင်း၊ Consultant ရွေးချယ်မှုကိစ္စနှင့် ပစ္စည်းဝယ်ယူရေးအတွက် ကန်ထရိုက်စာချုပ်ချုပ်ဆိုရန် JICA မှ Expert များလာရောက် ဆွေးနွေးလျက် ရှိပြီဖြစ်ပါကြောင်း၊  JICA ချေးငွေ အနက် ၁၁/ဝ.၄ ကေဗွီ ဓာတ်အားခွဲရုံများအတွက် ရရှိမည့်ချေးငွေကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေမှာ ထည့် သွင်းလျာထားပြီးဖြစ်သည့်အပြင် ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းများအတွက် ရရှိမည့်ချေးငွေကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ဆက်လက်ထည့်သွင်းလျာထားပေးသွားမည် ဖြစ်ပါကြောင်း၊

 နိုင်ငံတော်အတွင်း ဓာတ်အားလိုအပ်ချက် မြင့်မားလာသည်နှင့်အမျှ ဓာတ်အား ပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ ဓာတ်အားခွဲရုံများအားလုံး အကောင်အထည်ဖော်ရာတွင် နှစ်စဉ် ဘဏ္ဍာငွေ ခွင့်ပြုမှုအပေါ်မူ တည်ပြီး ဆောင်ရွက် ရခြင်းဖြစ်သည့်အတွက် ရပ်ကွက်နှင့်ကျေးရွာများ အတွင်း ဖြန့်ဖြူးရေးလိုင်းများကို  ပြည့်စုံစွာ အမြန်ဆုံးလျာ ထားကျခံရေးအတွက် လတ်တလောအခြေအနေတွင် အခက်အခဲရှိခြင်းကြောင့် ဒေသခံပြည်သူများမှ ကိုယ်ထူ ကိုယ်ထ ပူးပေါင်းဆောင်ရွက်စေလျက်ရှိခြင်း ဖြစ်ပါကြောင်း၊

 ထိုသို့ဆောင်ရွက်ရာတွင်လည်း ယခင်ကာလများက ရရှိခဲ့သော အတွေ့အကြုံများအပေါ်အခြေခံ၍ မီး လင်းရေးကော်မတီများထံမှ ကတိခံဝန်ချက် ၂၄ ချက်ဖြင့် ထည့်သွင်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါကြောင်း၊  သို့သော် ယခုအအခြေအနေတွင် မလိုအပ်ခြင်းမရှိတော့ခြင်းကြောင့် အချက်အများစုကို ပယ်ဖျက် သွားမည်ဖြစ်ပါကြောင်း၊  အချက်ပေါင်းများစွာကို ပြင်ဆင်ရန်အတွက် အချို့သောမီးလင်းရေးကော်မတီများ၊ တိုင်းဒေသကြီးနှင့် တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးများကရရှိထားသော အတွေ့အကြုံများပေါ်မူတည်၍ လည်းကောင်း၊  ငွေကြေးပိုင်း ဆိုင်ရာနှင့်  စီမံခန့်ခွဲမှုဆိုင်ရာများကို သက်ဆိုင်ရာမီးလင်းရေးကော်မတီသည် ပြည်နယ်အစိုးရနှင့် မီးသုံးစွဲသူများ၏ ဆန္ဒနှင့်အညီ ဆောင်ရွက်ရန်နှင့် ကျွမ်းကျင်မှုဆိုင်ရာကိစ္စများအတွက်သာ ဝန်ကြီးဌာနက သဘောတူညီချက် ပါဝင်ရယူဆောင်ရွက်သွားရန်သာဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အားလုံးလက်ခံ လိုက်နာဆောင်ရွက်နိုင်သော အချက်များနှင့်သာ သဘောတူညီမှုရယူသွားရန် စီစဉ်လျက်ရှိပြီး အမြန် ဆုံးဆောင်ရွက်ပေး သွားမည် ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားပါသည်။