ဦးဝင်းမြင့်(ပြည်မဲဆန္ဒနယ်)
ပဲခူးတိုင်း ဒေသကြီးဟာ မြို့နယ် ၂၈ မြို့နယ်ရှိပြီး အရှေ့ ၁၄ မြို့နယ်၊ အနောက် ၁၄ မြို့နယ်ဆိုပြီးတော့ ပဲခူး ရိုးမကြီးဟာ အလယ်က ခွဲခြားကာဆီးထားတဲ့အတွက် အရှေ့နဲ့အနောက်သွားဖို့ရာအတွက် ရန်ကုန်ကို ဆင်းပြီးမှ ပြန်တက်သွားလာနေရပါတယ်။ ဒါကြောင့် ယခင်အစိုးရလက်ထက်က ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီးတော့ ခွဲခြားပြီးတော့ ကျွန်တော်တို့ ပြည်မြို့က ပဲခူးတိုင်းအနောက်ပိုင်း တိုင်းခွဲ ရုံးစိုက်ကာ အုပ်ချုပ်ရေးကိစ္စ၊ တရားစီရင်ရေးကိစ္စ၊ ဌာနဆိုင်ရာကိစ္စများဆောင်ရွက်ခဲ့ကြရပါတယ်။ ယခုအခါ မှာ တိုင်းရုံးကို ပဲခူးမြို့တစ်ခုတည်း သတ်မှတ်လိုက်တဲ့အတွက် အနောက်ပိုင်းမြို့နယ်များရှိတဲ့ အစိုးရဝန်ထမ်းများ၊ အများပြည်သူများဟာ တိုင်းရုံးစိုက်ရာ ပဲခူးမြို့ကိုသွားလာရတဲ့အခါမှာ ပြည်မှ ရန်ကုန်သို့ မိုင် ၂၀၀ ခရီးကို ရန်ကုန်-ပြည် မီးရထားဖြင့် သွားပြီးတော့ ရန်ကုန်မှ ပဲခူးကို ခရီးဆက်ကြ ရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်မြို့ဟာ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ ဖြတ်သန်းသွားလာရာ ဆုံချက်နေရာကျသော မြို့ကြီးတစ်မြို့ဖြစ်ပြီး ကားလမ်း၊ ရထားလမ်း၊ ရေလမ်းတို့ဖြင့် ခရီးသွားရာ ဥဒဟိုသွားလာကြရတဲ့ အချက်အချာကျတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ကုန်သည်ပွဲစားများနဲ့ ကူးသန်းရောင်းဝယ်စည်ကားတဲ့မြို့လည်းဖြစ်ပါတယ်။ ပြည်မြို့မှာ အလျား ၄၅၀၀ ပေ၊ အကျယ် ၃၅၀၀ ပေရှိတဲ့ လေယာဉ်ကွင်းတစ်ခုရှိပြီးတော့ ဖော်ကာ F- 27 လေယာဉ်များအထိ ဆင်းသက်နိုင်အောင် ၁၉၆၉ ခုနှစ်က လေယာဉ်ကွင်းကို တိုးချဲ့ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ခရီးသည်တင်လေယာဉ် အဆင်းအတက်ပေးခြင်းမရှိခဲ့တဲ့အတွက် ခရီးသွား အများပြည်သူများဟာ လေကြောင်းကို အသုံးပြုခွင့်မရခဲ့ကြဘဲ ကုန်းလမ်း၊ ရထားလမ်းကိုသာ အားထားအသုံးပြုနေရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်-ပြည်မီးရထားလမ်းဟာ ပဲခူးရိုးမ အနောက်ပိုင်းမှာ တစ်ခုတည်းသော မီးရထားလမ်းဖြစ်ပြီး တိုးတက်လာတဲ့ လူဦးရေကြောင့် ရထားခရီး သွားလာသော ခရီးသည်များ နေ့စဉ်နှင့်အမျှ တိုးတက်များပြားလာနေပါတယ်။ သို့ရာတွင် ရန်ကုန်-ပြည်အမြန်ရထားဟာ တစ်နေ့လျှင် တစ်ကြိမ်သာ ပြေးဆွဲနေပါသဖြင့် ခရီးသည်နဲ့ နေရာအခက်အခဲများ လွန်စွာပင်မျှတခြင်းမရှိ ဖြစ်နေပါတယ်။ သို့ဖြစ်ပါ၍ ရန်ကုန်-ပြည် အမြန် ရထားအား ပြေးဆွဲနေကျတစ်ကြိမ်အစား အနည်းဆုံးတစ်နေ့နှစ်ကြိမ် ပြေးဆွဲပေးပါရန် အစီအစဉ်ရှိ၊မရှိ မေးမြန်းပါသည်။
ရန်ကုန်-ပြည်အမှတ် (၇၁) အဆန်နှင့် (၇၂) အစုန်အမြန်ရထားကြီး ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအထိ ဘူတာအလိုက် တစ်ရက်ပျမ်းမျှ စီးနင်းတဲ့ ခရီးသည်ဦးရေ၊ တစ်လချင်းအလိုက် စီးနင်းတဲ့ ခရီးသည်ဦးရေ၊ နေ့အလိုက်စီးနင်းတဲ့ ခရီးသည်ဦးရေများကို လေ့လာဆန်းစစ်ခဲ့ပါတယ်။ ရန်ကုန်မှထွက်သော အမှတ် (၇၁) အဆန်ရထားတွင် တနင်္လာနေ့မှ စနေနေ့အထိ ရထားမထွက်မီ နာရီဝက်ခန့်အထိ ရထားလက်မှတ်များကို ဝယ်ယူရရှိနိုင်ပြီး၊ ပြည်မှထွက်သော အမှတ်(၇၂)အစုန် ရထားအတွက်လည်း စနေနေ့မှ ကြာသပတေးနေ့အထိ ရထားလက်မှတ်များကို လွယ်ကူစွာဝယ်ယူ နိုင်ကြောင်း တွေ့ရှိရပါတယ်။ အမှတ်(၇၂)အစုန်ရထားတွင် သောကြာနေ့တိုင်း၌ ပြည်မှရန်ကုန်သို့ ပြန်သော ဝန်ထမ်းခရီးသည်များရှိသဖြင့်လည်းကောင်း၊ အမှတ် (၇၁) အဆန်ရထားတွင် တနင်္ဂနွေ နေ့တိုင်း၌ ရန်ကုန်မှ ပြည်သို့ပြန်သော ဝန်ထမ်းခရီးသည်များကြောင့်လည်းကောင်း ရထားများ ကြပ်တည်းရခြင်း ဖြစ်ရပါတယ်။ လက်ရှိရထားတွင် အထက်တန်းတွဲ ငါးတွဲ၊ ရိုးရိုးတန်းတွဲ ငါးတွဲ၊ ပထမတန်းတစ်တွဲ၊ ဘရိတ်တွဲတစ်တွဲ စုစုပေါင်း ၁၂ တွဲ ချိတ်ဆွဲထားပြီး ခရီးသည်စုစုပေါင်း ၆၀၀ ခန့်ကို ထိုင်ခုံဖြင့် လက်မှတ်ရောင်းချ ပေးနိုင်ခဲ့ပါတယ်။ ထိုရထားစက်ခေါင်း၏ ဝန်ချိန်ချိတ်ဆွဲနိုင်မှုအရ နောက်ထပ်လူစီးတွဲသုံးတွဲကို ကောင်းစွာချိတ်ဆွဲနိုင်သဖြင့် စုစုပေါင်းထိုင်ခုံ ၁၈၆ ခုံပါရှိမည့် ရိုးရိုးတန်းလူစီးတွဲသုံးတွဲကို ထပ်မံချိတ်ဆွဲပေးမည်ဖြစ်ပါတယ်။ ထို့အပြင် ယခုထက်ခရီးသည်များ ပိုမိုရရှိလာပါကလည်း ရထားတွဲဆိုင်းများကို တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား ပါသည်။
