မြန်မာနိုင်ငံဟာ ၂၀၁၅ခုနှစ်တွင် လွတ်လပ်သော အာဆီယံဈေးကွက် AFTA အတွင်းသို့ ဝင်ရောက်တော့မည်ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းပေါင်း ၄၀၀၀၀ ကျော်ရှိနေပြီး အာဆီယံလွတ်လပ်သော ဈေးကွက်အတွင်း အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ထုတ်လုပ်ယှဉ်ပြိုင်နိုင်စွမ်းမရှိပါက ကုန်သွယ်ရေးလိုငွေပြလာပြီး နိုင်ငံ၏စီးပွားရေးကို ဆိုးကျိုးသက်ရောက်လာစေနိုင်သည့်အပြင် မိမိတို့၏ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်ပြီး အလုပ်လက်မဲ့ပြဿနာများ ထူပြောလာနိုင်သည်အထိ ဖြစ်လာနိုင်ပါသည်။ ပထမအကြိမ် လွှတ်တော်မှာလည်း ဒီအသေးစား၊ အလတ်စားတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ချေးငွေထုတ်ပေးဖို့ရာ တင်ပြပေးခဲ့ပါတယ်။ တင်ပြတဲ့ အခါမှာ နိုင်ငံတော်ကလည်း ထုတ်ချေးပါတယ်။ အဲဒီအပိုင်းမှာ နိုင်ငံတော်အနေနဲ့ ထိုလုပ်ငန်းများ ဘဏ္ဍာငွေအထောက်အပံ့ပေးရေး အစီအစဉ်များ လုပ်ဆောင်လာနေသည်ကို ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိလာရပါတယ်။ အဆိုပါစက်မှုလုပ်ငန်းများအတွက် ချေးငွေဥပဒေတစ်ရပ် ဖြစ်ပေါ်လာရာ၌ ယင်းစက်မှုဖွံ့ဖြိုးရေးချေးငွေတို့ကို စက်မှုဇုန်များမှ တစ်ဆင့်ချေးမည့်အစား စက်မှုလက်မှုလုပ်ငန်းများ သို့ တိုက်ရိုက်ချေးငှားပါက အတိုးနှုန်းလျှော့ရခြင်းမှာ ထိရောက်နိုင်မှုရှိမည် ဖြစ်ပါသည်။ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအြခေခံဥပဒေပုဒ်မ ၃၀ အရ နိုင်ငံတော်သည် စက်မှုလက်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေး အတွက် လိုအပ်သည့်နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်းအစရှိသည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရမည်ဟု ဆိုထားပါသည်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရှင်သန်ပြီး ကြီးထွားလာစေရန် ရည်ရွယ်၍ ထိုလုပ်ငန်းများအပေါ် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ပေးရေး လုပ်ဆောင်နေမှုအြခေအနေများကို အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းရှင်များအကျိုးငှာ လွှတ်တော်သို့ အောက်ပါမေးခွန်းသုံးရပ်ကို မေးမြန်း အပ်ပါတယ်ခင်ဗျား။ (၁) ထိုအသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများကို နိုင်ငံတော်မှ တိုက်ရိုက် ချေးငှားရန်အစီအစဉ်ရှိ၊ မရှိသိလိုပါတယ်။ မေးခွန်းနံပါတ် (၂) အစီအစဉ်ရှိပါက မည်သည့်အချိန် ကာလတွင် အကောင်အထည် ဖော်ရန်ရှိပါမည်နည်း။ မေးခွန်းနံပါတ် (၃) ပြုလုပ်ပေးမည့် အစီအစဉ် မရှိသေးပါက အဘယ့်ကြောင့်ပါနည်းကို မေးမြန်းပါသည်။
အာဆီယံစီပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်ရန် အတွက် မဏ္ဍိုင်လေးခုအနက် တတိယမဏ္ဍိုင်ဖြစ်တဲ့ သမမျှတသောစီးပွားရေးဖွံ့ဖြိုးမှု Equitable Economic Development ရဲ့ အဓိကဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဟာ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး Small & Medium Enterprises Development ဖြစ်ပါတယ်။ အာဆီယံအသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ရဲ့ Focal Point အဖြစ် အမှတ်(၂)စက်မှုဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။
ဒီ့အပြင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှာ ဖွဲ့စည်းထားတဲ့ ဆပ်ကော်မတီ ၁၂ ရပ် မှာလည်း အသေးစားနဲ့အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဆပ်ကော်မတီကို အလေးထားထည့်သွင်း ဖွဲ့စည်းထားကြောင်းလည်း တင်ပြအပ်ပါတယ်။ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းနဲ့ ပူးပေါင်းပြီးတော့ SMEs Development တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးတင်ပြ အပ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိတဲ့နေရာမှာ ပြည်ပပို့ကုန်ဆောင်ရွက်ပေးနိုင်သည့်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီး လိုအပ်မည် ဆိုပါက မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းရဲ့စိစစ်မှုဖြင့် မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေး ဘဏ်မှသင့်တော်တဲ့ငွေကြေးပမာဏကို သင့်တော်တဲ့အတိုးနှုန်းဖြင့် ချေးငှားထုတ်ပေးလျက်ရှိပါတယ်။ ယခုတင်ပြတဲ့အချိန်အထိ စုစုပေါင်း ၃၀.၃၉၆ ဘီလီယံအထိ ချေးငှားထုတ်ပေးထားပြီး ဖြစ်ပါတယ်။ သို့သော် လတ်တလောအနေနဲ့ နိုင်ငံတော်အစိုးရမှ တိုက်ရိုက်ချေးငှားထုတ်ပေးထားခြင်း မရှိသေးပါ ကြောင်းလည်း အသိပေးတင်ပြအပ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ လာမယ့်ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရအနေနဲ့ လယ်ယာအမတော်ကြေး ကဲ့သို့ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ဘဏ်မှတစ်ဆင့် သင့်တော်တဲ့ငွေပမာဏကို ထုတ်ချေးနိုင်ရေးအတွက် စီစဉ်ကြိုးပမ်းလျက်ရှိကြောင်းလည်း တင်ပြအပ်ပါတယ်။ ကျွန်တော်တို့ ဘဏ်က တစ်ဆင့် SMEs Finance Centre ကို ဖွဲ့စည်းပြီးတော့ တင်ပြပါ SMEs များကို ထောက်ပံ့ပေးခြင်းများ ပီပီပြင်ပြင်ဆောင်ရွက် သွားအောင်လည်း လျာထားလျက်ရှိကြောင်း ထပ်မံ တင်ပြအပ်ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့လည်း နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်နှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့နိုင်ရေးအတွက် ၁-၉-၂၀၁၁ ရက်နေ့ကစပြီး ချေးငွေအပေါ်ကောက်ခံတဲ့ အတိုးနှုန်းထားအား ၁၅ ရာခိုင်နှုန်းအထိ လျော့ပေါ့ သတ်မှတ်ပေးခဲ့တာလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများအသိပဲ ဖြစ်ပါတယ်။ ဒ့ီအပြင် စက်မှုလုပ်ငန်းများနဲ့ စိုက်ပျိုးရေးလုပ်ငန်းများရဲ့ ချေးငွေအတွက်လည်း အတိုးနှုန်းအား ၁၄ ရာခိုင်နှုန်း အထိ လျော့ပေါ့ပေးခဲ့ကြောင်းဖြေကြားပါသည်။
