(က)-လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကျေးရွာ များတွင်သတ်မှတ်ထားသောမဲဆန္ဒဦးရေ ဖြေလျော့ ပြီးမဲရုံများ တိုးချဲ့ပေးရန်၊ဆန္ဒမဲပေးရန်သွားလာရေး အတွက်ဆောင်ရွက်ပေးရန်နှင့် ဆန္ဒမဲပေးရာတွင် ပယ်မဲမဖြစ်ပေါ်ရေးအတွက်မည်သို့စီမံထားသည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၃)ရက်မြောက်နေ့ (၁၁.၅.၂၀၁၅)

ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲနေသော ကျေးရွာအုပ်စုများတွင် သတ်မှတ်ထားသော မဲဆန္ဒဦးရေ လျှော့ပေါ့ဖြေလျှော့ပြီး မဲရုံများတိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိ၊ ကျေးလက်နေ မဲဆန္ဒရှင်များ တစ်ရွာမှတစ်ရွာသို့ ဆန္ဒမဲပေးရန် သွားရေးလာရေးနှင့် နိုင်ငံတော်အစီအစဉ်ဖြင့် ယာဉ်၊ ထွေလာ၊ စက်လှေများ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မဲဆန္ဒရှင်များအား တစ်ရွာမှတစ်ရွာသို့ သွားလာရေး အဆင်ပြေချောမွေ့စေရန် ကျေးရွာအဖွဲ့အစည်းများက ယာဉ်၊ စက်လှေ၊ ထွေလာများ စီစဉ်ဆောင် ရွက်ပေးခြင်းသည် ရွေးကောက်ပွဲဥပဒေအရ ကင်းလွတ်ခွင့်ရှိ/မရှိနှင့် ကျေးလက်နေ မဲဆန္ဒရှင်များ ဆန္ဒမဲပေးရာတွင် ပယ်မဲမဖြစ်ပေါ်ရေးအတွက် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်း ပါသည်။


အဖြေ

ဝေးလံခေါင်သီ၍ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ကျေးရွာများတွင် သတ်မှတ်ထားသော မဲဆန္ဒဦးရေ ဖြေလျော့ပြီး မဲရုံများ တိုးချဲ့ပေးရန်၊ မဲဆန္ဒရှင်များအား ဆန္ဒမဲပေးရန် သွားလာရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန်နှင့် ဆန္ဒမဲပေးရာတွင် ပယ်မဲမဖြစ်ပေါ်ရေးအတွက် မည်သို့ စီမံထားသည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၆ တွင် ကော်မရှင်သည် (က) ရပ်ကွက်ကျေးရွာအုပ်စုအလိုက် ထားရှိရမည့် မဲရုံအရေအတွက်ကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေနှင့် ဒေသအခြေအနေအပေါ် မူတည်၍ သင့်လျော်သလို သတ်မှတ်နိုင်သည် သို့မဟုတ် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်သို့လည်း တာဝန်ပေးအပ်နိုင်ပါကြောင်း၊ (ခ) မြို့နယ်ကော်မရှင်အဖွဲ့ခွဲများအား မဲရုံနေရာများ သတ်မှတ်ရန် တာဝန်ပေးအပ်နိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၉ တွင်လည်း မဲရုံများကို ဆောက်လုပ်ရာတွင် အများပြည်သူတို့ အလွယ်တကူ ဆန္ဒမဲပေးနိုင်သော နေရာများ၌ ဆောက်လုပ်ပြီး လျှို့ဝှက်ဆန္ဒမဲပေးမှုကို မထိခိုက်စေရေးအတွက် လုံခြုံမှုရှိစေရန် စီစဉ်ထားရှိရမည်နှင့် မဲရုံများတည်ရှိသည့်နေရာကို အများပြည်သူတို့ သိရှိစေရန် ကြိုတင်ကြေညာရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ၏ နည်းဥပဒေ ၃၉ နည်းဥပဒေခွဲ (က) တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ မသန်စွမ်းသူများ အပါအဝင် လွယ်ကူစွာဆန္ဒမဲပေးနိုင်ရေး သတ်မှတ်ထားသော မဲပေးချိန်အတွင်း မဲဆန္ဒရှင်များအားလုံး မဲပေးနိုင်ရေးနှင့် လျှို့ဝှက်ဆန္ဒပြုနိုင်ရေးတို့ကိုရှေးရှု၍ မဲရုံတစ်ရုံစီ၌ ဆန္ဒမဲပေးရမည့်ဦးရေနှင့် မဲရုံအရေအတွက်ကို လိုအပ်သလို သတ်မှတ်ပေးနိုင်ပါကြောင်း၊ မဲရုံဆောက်လုပ်ရာတွင် မသန်စွမ်းသူများ အတားအဆီးကင်းမဲ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်ထားရှိရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်စာအုပ်၏ အပိုဒ် ၄၀ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတစ်ခုတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၃၀၀ မှ ၃၀၀၀ အတွင်းရှိလျှင် မဲရုံတစ်ရုံ ဆောက်လုပ်ရန်နှင့် မဲရုံဆောက်လုပ်ရာတွင် မသန်စွမ်းသူ မဲဆန္ဒရှင်များပါဝင်သော မဲရုံများ၌ ယင်းမသန်စွမ်းသူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် လိုအပ်သလို စီမံဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊ မဲရုံတစ်ရုံနှင့်တစ်ရုံ အကွာအဝေးကို ဆန္ဒမဲပေးခြင်း၊  လုံခြုံရေး မထိခိုက်စေခြင်းတို့အတွက် သင့်လျော်သလို သတ်မှတ်ရမည်နှင့် မဲရုံပုရဝဏ်ကို သတ်မှတ်ကြေညာပေးရမည်ဟု ပါရှိပါကြောင်း၊ အပိုဒ် ၄၁ တွင်လည်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတိုင်းတွင် အနည်းဆုံး မဲရုံတစ်ရုံထားရှိရမည်ဖြစ်ပြီး သွားလာရေးခက်ခဲသောဒေသရှိ ကျေးရွာများအတွက် လိုအပ်လျှင် မဲရုံများကို ဖွင့်လှစ်ပေးရန် သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲများက ခွင့်ပြုပေးရမည်ဟူ၍ သတ်မှတ်ပြဋ္ဌာန်းထားပါကြောင်း။

အထက်ဖော်ပြပါ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်တို့ပါ သတ်မှတ်ပြဋ္ဌာန်းချက်များအရ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ရပ်ကွက်၊ ကျေးရွာအုပ်စုတိုင်းတွင် အနည်းဆုံး မဲရုံတစ်ရုံ (မဖြစ်မနေ) ထားရှိရမည်ဖြစ်ပြီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် သင့်လျော်သောမဲဆန္ဒ ရှင်အရေအတွက်ရှိခြင်း၊ ခရီးလမ်း ဝေးကွာခြင်းတို့ကို ထောက်ရှု၍ လိုအပ်လျှင် မဲရုံဖွင့်လှစ်ပေးသွားရန် အစီအစဉ်ရှိပါကြောင်း၊ အဓိကအားဖြင့် မဲဆန္ဒရှင်များ လွတ်လပ်လွယ်ကူစွာ လျှို့ဝှက်ဆန္ဒမဲပေးနိုင်ရေးကို ဦးတည်ပြီး မဲရုံအရေအတွက်နှင့် မဲရုံ တည်နေရာကို ရွေးချယ်သတ်မှတ်ရခြင်း ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသော ဝေးလံခေါင်သီပြီး ခက်ခဲသောကျေးရွာ အုပ်စုများတွင် ဥပဒေပြဋ္ဌာန်းချက်အရ မဖြစ်မနေ မဲရုံဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး သတ်မှတ်ထားသော မဲဆန္ဒရှင်ဦးရေထက် လျော့နည်းခြင်း သို့မဟုတ် သင့်လျော်သော မဲဆန္ဒရှင်အရေအတွက်ရှိပါက မဲရုံဖွင့်လှစ်ခွင်‌့ရှိပါသဖြင့် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်းညှိနှိုင်း အကြံပြု ဆောင် ရွက်စေလိုပါကြောင်း။

တစ်ရွာမှတစ်ရွာသို့ ဆန္ဒမဲပေးရန် သွားလာရေးအတွက် နိုင်ငံတော်အစီအစဉ်ဖြင့် ယာဉ်၊ ထော်လာဂျီ၊ စက်လှေ အစရှိသည့် ယာဉ်များ စီစဉ်ဆောင်ရွက်ပေးရန် ယခုအချိန်တွင် အစီအစဉ်မရှိသေးပါကြောင်းနှင့် နိုင်ငံရေးပါတီ တစ်ခုခုမှသော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးမှသော်လည်းကောင်း၊ ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ် တစ်ဦးဦးမှသော်လည်းကောင်း မဲဆန္ဒရှင်များ သွားလာရေးအတွက် ယာဉ်၊ ထော်လာဂျီ၊ စက်လှေ စသည့် တစ်မျိုးမျိုးကို စီစဉ်ဆောင်ရွက်ပေးခြင်းမှာ သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းနိုင်ပြီး မဲဆွယ်ခြင်းသဘော သက်ရောက်နေပါသဖြင့် ဆောင်ရွက်ခွင့်မရှိပါကြောင်း။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆန္ဒမဲပေးရာတွင် ပယ်မဲများမဖြစ်ပေါ်စေရန်အတွက် သတိပြုရန် လိုအပ်သောအချက်များကို သတင်းစာ၊ ဂျာနယ်များမှ ကြိုတင်အသိပညာပေးခြင်း၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နှင့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ဆင့်ပွားပညာရေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မဲရုံများတွင်လည်း အများပြည်သူသိရှိနိုင်ရန် ပယ်မဲနမူနာများကို ကြော်ငြာသင်ပုန်းများတွင် ကပ်ထားပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးသိန်းရီ(ထန်းတပင်မဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

နိုင်ငံရေးပါတီအဖွဲ့ အစည်းကသော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းကသော်လည်းကောင်း ယာဉ်၊ ထော်လာဂျီများကို စီစဉ်ပေးမည်ဆိုပါက ပုဒ်မ ၅၈ ပုဒ်မခွဲ(က)အရ ငြိစွန်းသည်ဟု ရှင်းသွားသည်နှင့် စပ်လျဉ်း၍ လက်ရှိတရားဝင် အုပ်ချုပ်ရေးအဖွဲ့အစည်းက မဲဆန္ဒရှင်များ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် စီစဉ်ပေးမည်ဆိုပါက ဥပဒေအရ ကင်းလွတ်ခွင့်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဦးဝင်းကို (အဖွဲ့ဝင်)

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ ပုဒ်မခွဲ (ခ) တွင် မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကိုကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန်အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပါရှိပါကြောင်း၊ ပုဒ်မခွဲ (က) တွင် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်၊ ယင်းနေရာတွင် ရွေးကောက်မှုဆိုင်ရာအခွင့်အရေးဆိုသည့်  ပြဋ္ဌာန်းချက်၏ Definition ကို ပုဒ်မ ၂ ပုဒ်မခွဲ (ဎ) တွင် ပါရှိပါကြောင်း၊ ပုဒ်မ ၂ ပုဒ်မခွဲ (ဎ) တွင် ရွေးကောက်မှုဆိုင်ရာအခွင့်အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်သောအခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲ နေနိုင်သောအခွင့်အရေး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှ နုတ်ထွက်နိုင်သော အခွင့်အရေး၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်သောအခွင့်အရေး သို့မဟုတ် မဲပေးခြင်းမပြုဘဲနေနိုင်သော အခွင့်အရေးကိုဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါကြောင်း၊  ဆိုလိုရင်းအချက်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်း ပြိုင်ချင်ပြိုင်နိုင်ပြီး မပြိုင်ချင်ပါက မပြိုင်ဘဲနေနိုင်ပြီး နုတ်ထွက်ခွင့်လည်း ရှိပါကြောင်း၊ ထို့အပြင် မဲပေးခွင့်လည်းရှိပြီး မပေးလိုပါက မပေးဘဲနေ၍ ရသည်သည့် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့်ရရှိစေရန် ယင်းအခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်သော်လည်းကောင်း ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင်၊ နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြားအခွင့်အရေးတစ်ခုခုကို အသုံးပြုလျက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းလို့ ထိုကဲ့သို့ ပြဋ္ဌာန်းထားပါကြောင်း၊ အဓိပ္ပာယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းကသော် လည်းကောင်း၊ နိုင်ငံရေးပါတီ တစ်ခုခုကသော်လည်းကောင်း သူတို့၏ အစီအမံဖြင့် ယာဉ်၊ ရထားများကို စီစဉ်ပြီး မဲဆန္ဒရှင်များကို ပို့ဆောင်ပေးခြင်းသည် ရွေးကောက်မှုဆိုင်ရာအခွင့်အရေးကို တစ်နည်းတစ်ဖုံအားဖြင့် လွှမ်းမိုးသက်ရောက်သော အခွင့်အရေးသဘော ဖြစ်သည့် အတွက် ပုဒ်မ ၅၈ ပုဒ်မခွဲ(က)နှင့် ငြိစွန်းနိုင်သည့်ဟု ဆိုလိုခြင်း ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့အစည်းများဖြစ်သော နိုင်ငံတော်၏ အုပ်ချုပ်ရေး အဖွဲ့အစည်းများက ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ ဆောင်ရွက်ရင်ဥပဒေနဲ့ငြိစွန်းခြင်း ရှိ/မရှိကို မိမိတို့အနေဖြင့် ညှိနှိုင်းဆောင်ရွက်ရခြင်း မရှိသေးသည့်အတွက် ယင်းမေးခွန်းကို တစ်ခါတည်း ဖြေဆိုနိုင်ခြင်းမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။