(ဃ)-ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ ကျန်ရှိနေသေးသော လယ်သမားတာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ (၂၈.၁.၂၀၁၃)

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်း ၁၂.၃၁ မိုင်ရှည်သော လယ်သမားတာအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ်သန်း ၈၂ သန်းဖြင့် ၃.၆ မိုင်ကို အဆင့်မြှင့်တင်ပေးလျက်ရှိ ပါတယ်။ သို့ပေမယ့် ထပ်မံဆောင်ရွက်ရမည့် ပမာဏမှာ ၈.၇ မိုင် ကျန်နေသေးပါသည်။ သို့ပါသော ကြောင့် ကျန်ရှိနေသော လယ်သမားတာ အဆင်‌့မြှင့်တင်ခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်ပေး မည့် အစီအစဉ် ရှိ၊ မရှိ သိရှိလို၍ မေးမြန်းရခြင်းဖြစ်ပါသည်။ လက်ရှိကျပ်သန်း ၈၂ သန်းဖြင့် ဆောင်ရွက်နေခြင်းသည် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးရဲ့ ကတိကဝတ် ကို ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ကြောင်းကျိုးဖော်ပြချက်ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ လယ်သမားတာသည် ကျေးရွာအုပ်စုပေါင်း ၂၇ အုပ်စု၊ စိုက်ပျိုးဧက ၂၀၂၂၆ ဧက၊ စိုက်ပျိုးတောင်သူဦးရေ ၂၇၈၈ ဦးနှင့် ဆက်စပ်ဧက ၅၀၀၀၀ ကျော်တို့သည် နှစ်စဉ် ဒါးကမြစ်ရေကြီး ချိန်တွင် စိုးရိမ်ရသော အ‌ွခေအနေနှင့် အမြဲကြုံတွေ့နေရပါသည်။ ယင်းလယ်သမားတာသည် ၁၉၈၀ ခုနှစ်တွင် လေးဆူရွေးရေတံခါး ကျိုးပေါက်ခဲ့ပါသည်။ ၁၉၉၀ ခုနှစ်တွင်လည်း လေးဆူရွေးရေတံခါးတာ ထပ်မံကျိုးပေါက်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်တွင် ရေကာတာပေါ်ရေကျော်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်တွင် လေးဆူရွေးရေတံခါးတာ ထပ်မံကျိုးပေါက်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်တွင် သရက်ချောင်းရေတံခါးနှင့်  လေးဆူရွေးရေတံခါးရေတံခါးနှစ်ခုလုံး ကျိုးပေါက်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်တွင် ရေတံခါးများ ပြုပြင် ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် ရေကြီးချိန်တွင် ကံ့ကော်တန်းလမ်း၊ ပိတောက်ပင်၊ လေးဆူရွေးနှင့် ရွေးကုန်း ရေကာတာများအပေါ် ရေကျော်ခဲ့ပါတယ်။ မြေသားများ ပြတ်ထွက်သွားပါတယ်။ မြေနစ်မြုပ်ဧက ၅၀၂၈၀ ဧကနှင့် ထိခိုက်ဧက ၂၉၈၁၅  ဧက၊ ပျက်စီးဧက ၂၀၄၇၀ ဧကတို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်တွင် သရက်ချောင်းရေတံခါး ထပ်မံကျိုးပျက်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်တွင် သရက်ချောင်း ရေတံခါး၊ လေးဆူရွေးရေတံခါးနှစ်ခုစလုံး တံခါးပွင့်ထွက်ခဲ့ပါတယ်။ သရက်ချောင်းရေတံခါးအား မြေဖို့ပြီး ပိတ်လိုက်ပါတယ်။ ၂၀၀၉ ခုနှစ်တွင် ရွေးကုန်းကျေးရွာအနီးမှာ ရေကာတာမြေသား နိမ့်ကျခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် မနှစ်က ရေကြီးချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်တော်များ၊ တပ်မတော်၊ ဌာနဆိုင်ရာများ၊ NGO များ၊ လူထုလူတန်းစားများက ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းစောင်‌့ရှောက်ကြပါတယ်။ ရေကာတာ မကျိုးပေါက်သော်လည်း တာပေါ်ရေလျှံခြင်းတို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတော် အဆင့်ကပင် ဆောင်ရွက်ခဲ့ကြပါတယ်။ သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ ၁၂.၃၁ မိုင်ရှည်သော လယ်သမားတာအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ရန်ပုံငွေ ကျပ်သန်း ၈၂ သန်းဖြင့် ၃.၆ မိုင်ကို အဆင့်မြှင့်တင်ပေးလျက်ရှိရာ ထပ်မံဆောင်ရွက်ရမည့်ပမာဏမှာ ၈.၇ မိုင် ကျန်နေသေးပါသည်။ သို့ပါသောကြောင့် ကျန်ရှိနေသေးသော လယ်သမားတာအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ဆက်လက်ဆောင်ရွက်ပေးမည့်အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါ၍ ဥက္ကဋ္ဌကြီးမှ တစ်ဆင့် လေးစားစွာ မေးမြန်းရခြင်းဖြစ်ပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးခင်ဇော်
အဖြေ

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကန်ကြီးထောင့်လယ်သမားတာ  ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းကို ကြိမ်ချောင်းရွာမှ ရွေးကုန်းရွာအထိ အလျား ၁၂.၃၁ မိုင်ခန့် ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် ၈၂ သန်းခွဲဝေ ရရှိထားပြီးဖြစ်၍ တာတမံအလျား ၃.၆ မိုင်ကို ဆောင်ရွက်ပြီးစီးမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကန်ကြီးထောင့်လယ်သမားတာ၏ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသော အလျား ၈.၇ မိုင်ကို      ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် နှစ်ဆက်လုပ်ငန်းအဖြစ် ရန်ပုံငွေတင်ပြ တောင်းခံပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။ အဆိုပါ လယ်သမားတာ ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ဖို့မြေရယူခြင်းတွင် ပတ်ဝန်းကျင်ရှိ စိုက်ပျိုးမြေ အချို့ ထိခိုက်မှုရှိမည် ွဖစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းပြီးတော့ ၎င်းကိစ္စကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း‌ဖြေကြားပါသည်။