ရှမ်းပြည်နယ်၊ နောင်ချိုမြို့ဟာအဝင်တံခါးမြို့ဖြစ်ပါတယ်။ လက်ရှိသုံးစွဲနေတဲ့ ကျွန်တော်တို့ လျှပ်စစ် ဓာတ်အားကတော့ ပြင်ဦးလွင်ဓာတ်အားခွဲရုံမှတစ်ဆင့် မဟာဓာတ်အားလိုင်းမှရရှိပါတယ်။ ရရှိမှု အနေအထားကို တစ်ကဏ္ဍစီဖော်ပြသွားပါမယ်။ ရရှိမှုအနေအထားကတော့ ကျွန်တော်တို့ ပြည်နယ် အဝင် ကားလမ်းပေါ်မှာရှိတဲ့ ကျေးရွာငါးရွာ၊ ဆင်ဖြူတောင်သကြားစက်ရုံ၊ ဆင်းရွှေလီသကြားစက်ရုံ နှစ်ရုံ၊ ခြေမြန်တပ်ရင်းသုံးရင်းနဲ့ မြို့ပေါ်သာရရှိပါတယ်။ လျှပ်စစ်ဓာတ်အားမရရှိသေးတဲ့ကဏ္ဍကတော့ ရတနာသိင်္ဂီသတ္တုတွင်း၊ ယခု ဆောက်လုပ်လျက်ရှိတဲ့ ဘိလပ်မြေစက်ရုံ၊ အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အပါအဝင် တပ်ရင်းလေးရင်းနဲ့အတူ ကျန်ကျေးရွာအုပ်စု ၃၀၊ ကျေးရွာ ပေါင်း ၂၄၁ ရွာ တို့က လုပ်သားပြည်သူများဟာ လျှပ်စစ်ဓာတ်အားကိုသုံးစွဲဖို့ မရရှိသေးပါဘူး။ နောင်ချိုအနေနဲ့ ဓာတ်အားခွဲရုံတစ်ခု တည်ဆောက်ပေးမယ်ဆိုပါက စက်ရုံ၊ အလုပ်ရုံများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မိသားစုများ၊ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသများအား လျှပ်စစ်ဓာတ်အားရရှိပြီး နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း အထောက်အကူပြုပါတယ်။ ဒါကြောင့်မို့ ပထမအချက်အနေနဲ့ နောင်ချိုမြို့တွင် ဓာတ်အားခွဲရုံတည်ဆောက်ပေးရန် အစီအစဉ်ရှိပါသလား။ နံပါတ်နှစ်တည်ဆောက် ပေးမည်ဆိုပါက မည်သည့်အချိန်ကာလတွင် ပြုလုပ်မည်ဖြစ်ပါကြောင်း မေးမြန်းပါသည်။၏
နောင်ချိုမြို့ကို လက်ရှိအခြေအနေ အားဖြင့် ပြင်ဦးလွင်မှာရှိသော ဓာတ်အားခွဲရုံမှတစ်ဆင့် ၃၃ ကေဗွီဓာတ်အားလိုင်းနဲ့ ဓာတ်အားပေး ထားတဲ့ ၃၃/၁၁၊ ၅ အမ်ဗွီအေ၊ ကျွန်းတပင်ဓာတ်အားခွဲရုံမှတစ်ဆင့် ၁၁ ကေဗွီဓာတ်အားလိုင်း ၂၁.၅ မိုင်ဆွဲပြီး ဓာတ်အားပေးထားပါတယ်။ ဓာတ်အားပေးထားတဲ့ ၁၀.၀၄ ကေဗွီထရန်စဖော်မာပေါင်း ၂၅ လုံးရှိပြီး တပ်ဆင်ဝန်အားဟာ ၃၆၈၀ အမ်ဗွီအေဖြစ်ပါတယ်။ နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ပိုမို ထွက်ရှိလာမည့် ဓာတ်အားပမာဏနဲ့လိုက်လျောညီထွေမှုရှိတဲ့ ဓာတ်အားစနစ်တိုးချဲ့ပို့လွှတ်နိုင်ရေး အထူးစီမံကိန်းများချမှတ်ဆောင်ရွက်ရင်း ဒေသအသီးသီးကိုလည်း လျှပ်စစ်ဓာတ်အားများတိုးချဲ့ ဖြန့်ဖြူးရန်စီမံလျာထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။ နောင်ချိုမြို့နယ်အတွင်း အများပြည်သူများ အတွက် ဓာတ်အားပိုမိုအသုံးပြုနိုင်ရန် လာမည့်ဘဏ္ဍာရေးနှစ်မှာ ဓာတ်အားခွဲရုံတစ်ရုံတည်ဆောက် ခြင်းလုပ်ငန်းကို ထည့်သွင်းလျာထားပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး ဓာတ်အားခွဲရုံဆောက်လုပ်ပြီးပါက ဓာတ်အားလိုင်းနဲ့ဆက်သွယ်ပြီးတော့ နောင်ချိုမြို့နှင့် နောင်ချိုမြို့ပတ်ဝန်းကျင်ဓာတ်အားရရှိရေးများ ဆက်လက်ဆောင်ရွက်ပေးသွားနိုင်မှာဖြစ်ပါကြောင်းမေးမြန်းပါသည်။
