(ခ)-ကွန်ဟိန်းမြို့နယ်၊ မြို့နယ် စာရင်းစစ်ရုံးအဆောက်အဦ ဆောက်လုပ်ရန် အစီအစဉ်ရှိ^မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ (၂၈.၁.၂၀၁၃)

ကွန်ဟိန်းမြို့နယ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနှင့် တာချီလိတ်လမ်းမကြီးတစ်လျှောက်မှာ တည်ရှိပါတယ်။ မြို့နယ်စာရင်းစစ်ရုံးမရှိသေးပါဘူး။ မြို့နယ်စာရင်းစစ်ရုံးတည်ဆောက်ရန်အတွက် ဌာနပိုင်မြေရရှိထား ပြီးတော့ ၂၀၁၁ ခုနှစ်မှာ မြေဂရန်လျှောက်ထားကြောင်းကို သိရှိရပါတယ်။ မြို့နယ်အတွင်း မြို့နယ် စာရင်းစစ်ရုံးအဆောက်အဦရလို၍ ၂၀၁၀ -၂၀၁၁ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၁၂-၂၀၁၃ ခုနှစ်မှာတစ်ကြိမ် ပြည်နယ်စာရင်းစစ်ချုပ်အထိ ဘတ်ဂျက်တင်ပြတောင်းခံခဲ့သော်လည်း ယခုအချိန်အထိ မရသေး ကြောင်းသိရှိရပါတယ်။ မြို့နယ်စာရင်းစစ်ရုံးမှာ မိမိရဲ့ကိုယ်ပိုင်အဆောက်အဦ မရှိသေး၍ အခက်အခဲ များစွာကြုံတွေ့ နေရကြောင်းကိုလည်းကြားသိခဲ့ရပါတယ်။ သို့ဖြစ်ပါ၍ ကွန်ဟိန်းမြို့နယ် မြို့နယ်စာရင်းစစ်ရုံး အဆောက်အဦဆောက်လုပ်ရန် အစီအစဉ်ရှိပါသလား။ အဆောက်အဦ ဆောက်လုပ်ရန် ၂၀၁၃-၂၀၁၄ ခုနှစ် ဘတ်ဂျက်မှာထည်‌့သွင်းပေးနိုင်ပါမည်လား။ ၂၀၁၃-၂၀၁၄ ခုနှစ် ဘတ်ဂျက်မှာ မထည်‌့သွင်းနိုင်သေးလို့ဆိုပါက အဘယ်ကြောင့်နည်း။ မည်သည့်အချိန်ကာလတွင် တည်ဆောက်ရန်စီစဉ်ထားပါသနည်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကွန်ဟိန်းမြို့နယ်စာရင်းစစ်ရုံးဟာ အခမဲ့ငှားရမ်းဖွင့်လှစ်ထားတဲ့ ရုံးဖြစ်ပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဟာ ယခင်ကာလတွေကတည်းကပဲ တစ်ပြည်လုံးမှာ ရှိတဲ့ မြို့နယ်စာရင်းစစ်ရုံးများအသီးသီးကို သူတို့ရဲ့အခြေအနေ အခက်အခဲအပေါ်မူတည်ပြီးတော့ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီးတော့ တစ်နှစ်ကို ၃ ရုံး၊ ၄ ရုံးစသည်ဖြင့် ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ကွန်ဟိန်းမြို့နယ် စာရင်းစစ်ချုပ်ရုံးအတွက် မြေဂရန်မရရှိသေးပါဘူးခင်ဗျား။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ရုံးအဆောက်အဦနှင့် ခြံစည်းရိုးကာဖို့ ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံးကို မြို့နယ်စာရင်းရုံးကတင်ပြချက်ဟာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာမှ ဆောက်ရွက်တာဖြစ်တဲ့ အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်မှာ ထည့်သွင်းလျာထားခြင်း မပြုနိုင် ခဲ့ပါဘူး။ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရရဲ့ အမျိုးသားစီမံကိန်းမှာ စာရင်းစစ် ရုံး ၁ ရုံးပဲ ဆောက်လုပ်ဖို့ပါရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမှာ ပုဂ္ဂလိကပိုင် အဆောက်အဦမှာ ငှားရမ်းပြီး တော့ ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့ လဲချားမြို့နယ်စာရင်းစစ်ရုံး ဆောက်လုပ်ဖို့ဦးစားပေးပြီးတော့ ငွေလုံးငွေရင်း လျာထားခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရ ရဲ့ အမျိုးသားစီမံကိန်းမှာ စာရင်းစစ်ရုံး ၂ ရုံး ဆောက်လုပ်ဖို့ ပါရှိပါတယ်။ အခု ကိုယ်စားလှယ် တော်ကြီးရဲ့ ဆွေးနွေးချက်များအရ အဲ့ဒီနှစ်မှာ ၂၀၁၄-၂၀၁၅ နှစ်မှာ ကွန်ဟိန်းမြို့နယ်စာရင်းရုံးနှင့် သီပေါမြို့နယ် စာရင်းရုံးများကို ငွေလုံးငွေရင်းတောင်းခံပြီးတော့ ရရှိပါက ဆောက်လုပ်သွားမည်ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။