ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းမှ ယခုရန်ကုန်-မန္တလေးအမြန် လမ်းမကြီးအထိ ပေါက်သော ၈ မိုင်ခွဲခန့်ရှိသော ကျောက်တံခါး-အင်းပတ်လည်လမ်းသည် ကျေးရွာချင်းဆက်လမ်း ဖြစ်ပြီးရွာပေါင်း ၅၀၊ ၆၀ ခန့်ကအသုံးပြုအားကိုးရသောလမ်းဖြစ်ခဲ့ပါတယ်။ အမြန်လမ်းမကြီးစီမံကိန်း ပေါ်ပေါက်လာသောအချိန်တွင် ထိုလမ်းကိုစီမံကိန်းမှမြေသယ်ကား၊ ကျောက်သယ်ကားများက လမ်းမ ကြီးစီမံကိန်းပြီးလျှင် ပြန်လည်ပြုပြင်ပေးမည်ဆိုကာ အသုံးပြုခဲ့သဖြင့် လမ်းရောတံတားပါအလွန် အမင်းပျက်စီးသွားပြီး လမ်းမကြီးပြီးဆုံးသွားသောအခါ ပြန်လည်ပြုပြင်ပေးခဲ့ခြင်း မရှိသောကြောင့် ယခုအခါ သွားလာရေးအလွန်ခက်ခဲရပါတယ်။ ယခုလိုမိုးတွင်းမှာဆိုလျင် ပို၍ဆိုးရွားပါတယ်။ အင်း ပတ်လည်ဆိုသည့် ရွာမှ မြို့ပေါ်သို့ ၄၊ ၅ မိုင်ခန့်သာ ဝေးသော်လည်း မိုင် ၃၀ နီးပါးခန့်ပတ်၍ သွား လာနေရပါသဖြင့် အချိန်ကုန်လူပန်းနှင့် ဒုက္ခရောက်ကြရပါသောကြောင့် နိုင်ငံတော်အနေဖြင့် ကျောက်တံခါးအင်းပတ်လည် လမ်းပျက်စီးနေသည်ကိုသိပါသလား။ သိပါလျှင် ပြင်ပေးရန်အစီအစဉ် ရှိပါသလား။ ရှိလျှင်မည်သည့်အချိန်တွင် စတင်ပြုပြင်ပေးမည်ကို သိရှိလိုပါ တယ်။ မရှိလျှင်မည်သည့် အကြောင်းကြောင့်ဆိုသည်ကိုလည်းသိလိုပါကြောင်း မေးမြန်းပါသည်။
ပြုပြင်ရန် အစီအစဉ်ရှိပါတယ်။ အဲဒီတော့ ဒီနေရာမှာ ကျွန်တော်တို့ ၂၀၁၀-၂၀၁၁ ခုနှစ်အထိ ကျောက်တံခါးမြို့နယ်အတွင်းမှာ ရန်ပုံငွေကျပ် ၂၃၁၃ သန်း သုံးစွဲခဲ့ပါတယ်။ အောင်မင်္ဂလာလမ်း-သရက်စိန်ကျောက်ချောလမ်း ၄ မိုင်၊ သူဋ္ဌေးကုန်း-ပြင်ရွာကျောက်ချောလမ်း ၁၀ မိုင်၊ ပိန်းဇလုပ်-ကညင်ကျိုး ဂဝံလမ်း ၂ မိုင်၊ သူဋ္ဌေးကုန်း- တောင်ခင်ဂဝံလမ်း ၄ မိုင်၊ ကျောက်တံခါး-သမင်-အင်းကုန် ဂဝံလမ်း ၂ မိုင်၊ ပဲနွယ်ကုန်း-ကျင်ခါးကုန်း ဂဝံလမ်း ၂ မိုင်၊ ပဲနွယ်ကုန်း-သံပုရာကုန်း မြေသားလမ်း ၉ မိုင် ကျွန်တော်တို့ ဖောက်လုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီနှစ်မှာ ကျောက်တံခါးမြို့နယ်အတွက် ရန်ပုံငွေဟာ လမ်းတံတားလုပ်ငန်းအတွက် ၅၃.၉၆ သန်းလျာထားပြီးဖြစ်ပါတယ်။ ကျောက်တံခါး အင်းပတ်လည်လမ်း မြေသားလမ်း ၈ မိုင်ကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းမှာ နယ်စပ်ရေးရာ ဝန်ကြီးဌာနကနေ စက်သုံးဆီတွေ၊ ယန္တရားတွေပံ့ပိုးပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရန်ပုံငွေ အနေနဲ့တော့ ကျောက်တံခါးမြို့နယ်စည်ပင်သာယာကနေ ရန်ပုံငွေကျပ်သန်း ၄၀ နဲ့ ဗဟိုရန်ပုံငွေ ကနေ ၇.၅ သန်းစိုက်ထုတ်ပြီးတော့ ၄၇.၅ သန်းနဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြေသား လမ်းပြုပြင်ဖောက်လုပ်ခြင်းရှစ်မိုင်နဲ့ လမ်းဘေးရေနုတ်မြောင်းများတူးဖော်ခြင်း ရှစ်မိုင်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ရာသီမရွေးသွားလာနိုင်တဲ့ဂဝံလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း နဲ့ သစ်သားတံတားများအစား ကွန်ကရစ်တံတားများဆောက်လုပ်ခြင်းကိုတော့ လာမယ့်ဘဏ္ဍာရေးနှစ်မှာ ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းဖြေကြားပါသည်။
