ဘားအံမြို့နယ်အတွင်းမှာ ကျန်းမာရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းပေါင်း ၇၈ ခုရှိပြီးတော့ ဘားအံပြည်နယ်ပြည်သူ့ဆေးရုံကြီးမှာ အဆောက်အအုံပေါင်း ၁၂ ခု၊ ကုသရေးဌာန ၁၁ ခုနဲ့ အထောက်အကူပြုဌာန ၂ ခုတို့ရှိကြပါတယ်။ ပြည်နယ် ပြည်သူ့ဆေးရုံကြီးကို နေ့စဉ်ပျမ်းမျှအတွင်းလူနာ ၁၃၂.၅၆ ဦး၊ ပျမ်းမျှအပြင်လူနာ ၇၈.၆၅ ဦး တို့လာရောက်ဆေးကုသမှု ခံယူလျက်ရှိကြပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဆေးရုံအဆောက်အအုံ တွေအနက်က ထိခိုက်ဒဏ်ရာနဲ့ အရိုးလူနာကုသဆောင်၊ ကလေးလူနာဆောင်နှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းလူနာဆောင်တို့ဟာ သက်တမ်းအားဖြင့် အနှစ် ၅၀ ကျော်နေပြီဖြစ်ပြီး အဆောက်အအုံနဲ့ လူနာမမျှမတဖြစ်နေပါတယ်။ သို့ဖြစ်ပါ၍ ဘားအံမြို့မှာ ဆေးရုံအဆောက်အအုံ သစ်ဆောက်လုပ်ပေးရန် လိုအပ်နေသည်ကို ကျွန်တော့်အနေနဲ့ ထင်မြင်ယူဆမိပါတယ်။ ဆေးရုံအဆောက်အအုံသစ် ဆောက်လုပ်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဘားအံမြို့၊ ပြည်သူ့ဆေးရုံကြီးမှာ လူနာတွေများပြားတဲ့အတွက် သုံးထပ် ဆောင်အဆောက်အအုံ၊ ထိခိုက်ဒဏ်ရာနှင့် အရိုးကတော့ တစ်ထပ်၊ ကလေးလူနာအတွက် တစ်ထပ်၊ မျက်စိနဲ့နား၊ နှာခေါင်းလူနာအတွက် တစ်ထပ်ဆိုပြီးတော့ ဆောက်လုပ်ရန်လိုအပ်လျက်ရှိတဲ့အကြောင်း ဘားအံပြည်သူ့ဆေးရုံအုပ်ကြီးရဲ့တင်ပြချက် ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ၂၀၁၂-၂၀၁၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကစပြီးတော့ ငွေလုံးငွေရင်းရန်ပုံငွေမှာ ထည့်သွင်းလျာထားဖို့အတွက် ဦးစားပေး အစီအစဉ်အရ ဆောင်ရွက်လျက်ရှိပါကြောင်းဖြေကြားပါသည်။
