ဦးဝင်းမြင့်(ပြည်မဲဆန္ဒနယ်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရကအသစ်ဖွဲ့စည်းခဲ့တဲ့ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီး ဌာနရဲ့ ပြည်ထောင်စုဝန်ကြီးက ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ပြည်သူ့လွှတ်တော်သို့ ဝန်ကြီးဌာနက Source Industry ခေါ် Mother Industry များတည်ဆောက်ပြီးတော့ အမျိုးသားစက်မှုဖွံ့ဖြိုးရေး National Industry Development အခြေအနေများကို မည်သို့ဖန်တီးမည်။ National Industry Complex များ မည်သို့တည်ဆောက်မည်၊ အများပြည်သူများအတွက် စက်မှုဖွံ့ဖြိုးရန် မည်သို့ဆောင်ရွက်မည်။ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ကဏ္ဍကိုမည်သို့ပါဝင်စေမည် စတဲ့လုပ်ငန်းစဉ်များကို အကျယ်တဝင့်ရှင်းလင်း ဖြေကြားသည့်အတွက် ပြည်သူများကိုယ်စား အားတက်အားရကျေနပ်မိကြောင်း ဦးစွာပထမပြောကြား လိုပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ National Industry Complex များတည်ဆောက်ကြရာမှာ လူအား၊ ငွေအား၊ ရင်းနှီး စိုက်ထုတ်မှု၊ မြှုပ်နှံမှုများ များစွာလိုအပ်မှာဖြစ်ပါတယ်။ အခက်အခဲများ၊ စိန်ခေါ်မှုများကိုလည်း ကျော်လွှားကြရမှာဧကန်မလွဲဖြစ်ပါတယ်။ ဥပမာ - လေယာဉ်ထုတ်လုပ်မယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံရဲ့ လေယာဉ်ထုတ်လုပ်ပြီး တွေ့ကြုံနေရတဲ့ပြဿနာများအပေါ်မှာ လေ့လာသင့်ကြောင်း ထင်မြင်မိပါတယ်။ အဲဒီလို အခက်အခဲစိန်ခေါ်မှုများထဲက အောက်ပါမေးခွန်းသုံးခုကို မေးလိုပါတယ် ခင်ဗျား။
ပထမမေးခွန်းကေတော့ National Industry Complex များက ထုတ်လုပ်မယ့် ကုန်ပစ္စည်းများရဲ့ ဈေးကွက်အခြေအနေနဲ့ ရောင်းချရမယ့်အနေအထားကို မည်ကဲ့သို့စဉ်းစားထား ကြောင်းသိလိုပါတယ်။ ဒုတိယမေးခွန်းကတော့ ဈေးကွက်စီးပွားရေးရဲ့ သဘောတရားများအရ နိုင်ငံတော်ပိုင်စက်ရုံကြီးများ State Own Enterprise (SOE) ကိုလျှော့ချနေတဲ့ အခြေအနေမှာ ယင်းမဟာဗျူဟာနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို သိလိုပါတယ်။ တတိယမေးခွန်းကတော့ National Aviation and Aerospace Industry Complex များက ထုတ်လုပ်မယ့်လေယာဉ်၊ ရဟတ်ယာဉ် များကဲ့သို့သော ယာဉ်များအတွက် Certification ကို မည်ကဲ့သို့ စဉ်းစားထားကြောင်း သိလိုပါကြောင်းမေးမြန်းပါသည်။
မေးခွန်းနံပါတ် (၁) ကတော့ National Industry Complex များမှ ထုတ်လုပ်တဲ့ကုန်ပစ္စည်းများရဲ့ဈေးကွက်အခြေအနေနဲ့ ရောင်းချမယ့်အနေအထားကို မည်သို့ စဉ်းစား ထားပါသလဲဆိုတဲ့မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေကြားတဲ့အခါမှာ တိုက်ရိုက် ဖြေကြားခြင်းအား ဖြင့်တော့ နားလည်နိုင်ဖို့ခက်ခဲတဲ့အတွက်ကြောင့် ဒါကိုယ့်နိုင်ငံရဲ့ ဒီကနေ့ Conditions နောက်တစ်ခါ ကိုယ့်ပတ်ဝန်းကျင်ရဲ့ Environment Conditions နောက်ကိုယ်လက်ရှိ တွေ့ကြုံနေရတဲ့ အတွေ့အကြုံ နဲ့ ဒီပေါ်မှာဖြေရှင်းမယ့် လုပ်ငန်းစဉ်ဒီလေးချက်ပေါ်ခြုံငုံပြီးတော့ ကျွန်တော့်အနေနဲ့ တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင် ပြောင်းလဲမှုများကို အရှိန်အဟုန်နဲ့ဆောင်ရွက်လျက်ရှိပါတယ်။ အုပ်ချုပ်ရေးစနစ်မှာလည်း ကောင်းမွန် တဲ့အုပ်ချုပ်မှုစနစ် Good Governance နဲ့ သန့်ရှင်းသောအစိုးရ Clean Government ကို ဦးတည်ဆောင်ရွက်လျက်ရှိသကဲ့သို့ စီးပွားရေးစနစ်မှာလည်း ပွင့်လင်းမြင်သာမှုရှိတဲ့ ပုဂ္ဂလိက စီးပွားရေးကို အခြေပြုတဲ့ဈေးကွက်စီးပွားရေးစနစ်ဆီကို ဦးတည်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဒီမျက်မှောက်ဒေသတွင်းအခြေအနေကို သုံးသပ်မယ်ဆိုရင် ၂၀၁၅ ခုနှစ်မှာ အာဆီယံ လွတ်လပ်သော ဈေးကွက်လို့ခေါ်တဲ့ Asean Free Trade Area (AFTA) ကို ဖော်ဆောင်ရေးဟာ ဒီသက္ကရာဇ် ၂၀၀၃ လောက်ကတည်းကစပြီးတော့ အဆင့်ဆင့်ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့ Asean Concord- 2 ရဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် မလွဲမရှောင်သာရင်ဆိုင်ရမယ့် စိန်ခေါ်မှုတစ်ခုအနေနဲ့ ဖြစ်တည်နေတယ်ဆိုတာ သုံးသပ်ရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံရဲ့နိုင်ငံရေး ပြောင်းလဲမှုနဲ့ စီးပွားရေးတံခါးဖွင့်ဝါဒဖြစ်စဉ်များနဲ့ လိုက်လျောညီစွာဖြစ်ထွန်းလာမယ့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများကို အခြေပြုပြီးေတာ့ မိမိနိုင်ငံရဲ့စီးပွားရေးဘဝကို အလုံးအရင်းနဲ့ဝင်ရောက် ဖို့တာစူနေတဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံရေးကန့်သတ်ချက်များကြောင့် မြန်မာနိုင်ငံရဲ့ဈေးကွက်အခြေ အနေကောင်းတွေကို ကာလတာရှည်စွာစောင့်ဆိုင်းနေခဲ့တဲ့ ဂျပန်နိုင်ငံနဲ့ အီးယူနိုင်ငံတွေရဲ့ စီးပွားရေးနဲ့ ဈေးကွက်ပြိုင်ဆိုင်မှု အလားအလာများနှင့်စိန်ခေါ်မှုများကို ကျွန်တော်တို့ ရှုမြင်သုံးသပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီစိန်ခေါ်မှုတွေဟာ မိမိနိုင်ငံရဲ့ စီပွားရေးဘဝ အတွက် ခြိမ်းခြောက်မှု Threat တစ်ရပ်ဖြစ်သလို အခွင့်အလမ်းကောင်း Opportunity တစ်ရပ် ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုသုံးသပ်တဲ့အခါမှာ အဆုံးအဖြတ် ပေးနိုင်မယ့် အဓိက Decisive Factor က ဘာတုန်းလို့ကျွန်တော်တို့ ကြည့်ဖို့လိုပါတယ်။ အဲဒီအခါမှာ Decisive Factor ကမြန်မာနိုင်ငံရဲ့ယှဉ်ပြိုင်နိုင်စွမ်းဖြစ်တယ်ဆိုတာကို သုံးသပ်ရမှာဖြစ်ပါတယ်။ အဲဒီတော့ ယှဉ်ပြိုင်နိုင် စွမ်းကို စနစ်ပြောင်းလဲမှု System Change တစ်ခုတည်းနဲ့ ဆောင်ရွက်လို့ရသလားလို့ သုံးသပ်ဖို့ လိုပါတယ်။ သိသာတဲ့အဖြေတစ်ခုကတော့ စနစ်ပြောင်းလဲရုံနဲ့တော့ ကျွန်တော် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်လာမှာ မဟုတ်ပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုရင် Capacity Building သို့မဟုတ် တစ်နည်းအားဖြင့် Nation Building နည်းလမ်းကို တည်ဆောက်ရမယ်ဆိုတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိအခြေအနေနဲ့ နိုင်ငံတကာအတွေ့အကြုံများအရ ထင်ရှားစွာရှုမြင်သုံးသပ် နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် National Industry Complex ရဲ့ အဓိကရည်ရွယ်ချက်ကို ပြောမယ် ဆိုရင် Capacity Building သို့မဟုတ် Nation Building တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီစက်ရုံများဟာ နည်းပညာဖွံ့ဖြိုးမှုနောက်ကျနေပြီးတော့ ငွေကြေးအရင်းအနှီး၊ စက်အရင်းအနှီးတွေ အတွက် လမ်းစပျောက်နေတဲ့ ပုဂ္ဂလိကပိုင်နဲ့အများပိုင် စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်က ပံ့ပိုးပေးရန်အတွက် အဓိကရည်ရွယ်ထားခြင်းပဲ ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံကို စက်မှုနိုင်ငံ အဖြစ်တက်လှမ်းနိုင်ရေးမှာ အဟန့်အတားဖြစ်နေတဲ့ နည်းပညာဖွံ့ဖြိုးမှုလိုအပ်ချက် စက်ရုံအရင်းအနှီး လိုအပ်ချက် စွမ်းအင်လိုအပ်ချက်နဲ့ စက်မှုကုန်ကြမ်းလိုအပ်ချက်တွေကို ဖြည့်ဆည်းဖြေရှင်းပေးဖို့ အတွက် ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တစ်မျိုးသားလုံးရဲ့ စက်မှုကုန်ထုတ်လုပ်ရေးနဲ့ စက်မှုနိုင်ငံဖြစ်ထွန်းရေးလမ်းကြောင်းဆီကို ဦးတည်ပြီးတော့ ဒီကနေတစ်ဆင့် ဈေးကွက်စီးပွားရေး စနစ်ပီပြင်စွာဖြစ်ထွန်းရေးကို ရည်မှန်းချက်ထားပြီးတော့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း တင်ပြလိုပါ တယ်။ တစ်ဖက်မှာလည်း မိမိနိုင်ငံရဲ့အခွင့်အလမ်းနည်းပါးမှုကြောင့် လူမှုဘဝကိုစွန့်လွှတ်အနစ်နာခံ ပြီးတော့ တခြားနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ အင်ဂျင်နီယာတွေ၊ အတတ်ပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ၊ စီမံခန့်ခွဲသူတွေ၊ ကျွမ်းကျင်လုပ်သားတွေနဲ့ သာမန်လုပ်သားတွေပါဝင်တဲ့ လူတန်းစားအားလုံးအတွက် မိမိနိုင်ငံမှာကြီးမားကျယ်ပြန့်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ စဉ်ဆက် မပြတ်ဖြစ်ထွန်းစေကာ အိုးမကွာ အိမ်မကွာအလုပ်လုပ်နိုင်တဲ့ အခွင့်အလမ်း၊ မိမိနိုင်ငံအတွက် အလုပ် လုပ်နိုင်တဲ့ အခွင့်အရေး၊ မိမိနိုင်ငံရဲ့ သဘာဝသယံဇာတများကို ပြည်ပနိုင်ငံအားကိုးစရာမလိုဘဲနဲ့ မိမိရဲ့အစွမ်းနဲ့ဖော်ထုတ်သုံးစွဲနိုင်ရေး၊ အတ္တပရအကျိုးကျေးဇူးနှစ်ရပ်စလုံးရရှိကာ နိုင်ငံနဲ့တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့လူမှုဖွံ့ဖြိုးတိုးတက်ရေးကို အန္တိမရည်မှန်းချက်အဖြစ်ထားရှိကာအကောင်အထည် ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။
နံပါတ်နှစ်ကတော့ တစ်ဆက်တစ်စပ်တည်းပဲဖြစ်ပါတယ်။ မေးခွန်းအမှတ်စဉ်(၂)ကဈေးကွက် စီးပွားရေးရဲ့သဘောတရားအရ နိုင်ငံပိုင်စက်ရုံများ(SOE) State Own Enterprises များကိုပင် လျှော့ချနေရတဲ့အခြေအနေမှာ ဒီမဟာဗျုုဟာနဲ့ ကိုက်ညီမှုရှိပါသလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒီတော့ ဒီနေရာမှာ ကျွန်တော်တို့ National Industry Complex က ထုတ်လုပ်မယ့်ဟာက အကြိမ်ကြိမ် ြပောပြီးတဲ့အတိုင်းပဲ Capital Goods Production ဖြစ်ပါတယ်။ ပစ္စည်းထုတ်မှာမဟုတ်ပါဘူး။ စက်ရုံကိုထုတ်မှာဖြစ်ပါတယ်။ အဲ့ဒီတော့ Consumer Goods Production မဟုတ်တဲ့အတွက်ကြောင့် ဈေးကွက်အြခေကိုစဉ်းစားတဲ့ သဘာဝချင်းတူညီမှုမရှိပါဘူး။ ဒီဈေးကွက်အြခေအနေနဲ့ရောင်းချမယ့် အနေအထားကိုတော့ ဒီ Capital Goods Production ရရှိပြီးတဲ့အခါမှာ Consumer Goods Production ကို ထပ်ဆင့်ထုတ်လုပ်မယ့် ပုဂ္ဂလိကကဏ္ဍနဲ့ တစ်ဦးချင်းကစဉ်းစားရမယ့်ကိစ္စရပ် ဖြစ်ပါတယ်။ ဒီကနေ့ ဈေးကွက်စီးပွားရေး သဘောတရားအရ လျှော့ချနေတဲ့ နိုင်ငံပိုင်စက်ရုံတွေဟာ Capital Goods Production တစ်ခုမှ မပါပါဘူး။ Consumer Goods Industry တွေသာ ဖြစ်ပါတယ်။ Consumer Goods Industry တွေထဲမှာမှ အင်မတန်မှပေါ့ပါးပြီးတော့ လူတကာ ထုတ်လုပ်နိုင်တဲ့ Light Industry တွေပဲဖြစ်ပါတယ်။ အဲဒီတော့ ဒီစက်မှုနိုင်ငံတွေကို ကျွန်တော်တို့ သုံးသပ်မယ်ဆိုလို့ရှိရင် Capital Goods Industry တွေဟာ ဒီနိုင်ငံရဲ့ အဓိကမောင်းနှင်အားများ ဖြစ်တယ်ဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ နိုင်ငံပိုင်ကဏ္ဍလက်အောက် စက်ရုံများမှာ Capital Goods Industry ရယ်လို့ ပီပီပြင်ပြင်ဖြစ်ထွန်းတဲ့စက်ရုံဆိုလို့ တစ်ရုံမှ မရှိသေးပါဘူး။ လက်ရှိနိုင်ငံပိုင်စက်ရုံများမှာ Capital Goods Industry သဘာဝနဲ့ အနည်းငယ် နီးစပ်တဲ့စက်ရုံများကိုပင်လျှင် လောလောဆယ်မှာတော့ ပုဂ္ဂလိကပိုင်ပြုလုပ်ဖို့ သင့်လျော်မှုမရှိသေး ကြောင်းသုံးသပ်နိုင်ပါတယ်။ မိမိနိုင်ငံရဲ့နည်းပညာ၊ စက်မှုအတွေ့အကြုံနဲ့အရင်းအနှီးဆိုင်ရာ ပကတိ အနေအထားများအရ ဒီ MNC တွေပေါ်ထွန်းဖို့လည်း အလွန်တရာကွာဝေးလျက်ရှိသေးတဲ့ အနေ အထားဖြစ်ပါတယ်။ နိုင်ငံတကာမှာ ကြည့်မယ်ဆိုရင်တော့ ဒီ Capital Goods Industry တွေကို အစိုးရပိုင် ဒါမှမဟုတ် Multi-National Corporation ခေါ်တဲ့ MNC များကသာ ထုတ်လုပ်ကြောင်း တွေ့ရှိရတာဖြစ်ပါတယ်။ ဥပမာ- တရုတ်နိုင်ငံမှာဆိုရင် Capital Goods Industry အားလုံးကို အစိုးရပိုင်းက ထုတ်လုပ်တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် ဒီ Capital Goods Indurstry ကို Misubishi, Misubi, Misushiter ခေါ်တဲ့ MNC များက ထုတ်လုပ်တာဖြစ်ပါတယ်။ တောင်ကိုရီးယား နိုင်ငံမှာဆိုရင် Hundai, Daewoo, Samsung ဆိုတဲ့ MNC တွေက ထုတ်လုပ်တာဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုအနေအထားတွေရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံမှာ ဒီလို Multi National Corporation တွေ ဖြစ်ထွန်းဖို့ အလားအလာဝေးကွာလျက်ရှိသေးတဲ့အတွက်ကြောင့် နိုင်ငံတော်က သာလျှင်တာဝန်ယူဆောင်ရွက်ရမယ့် အြခေအနေဖြစ်ပါတယ်။ ဒီနေရာမှာ ငွေကြေးအရင်းအနှီးတစ်ခု တည်းနဲ့လုံလောက်တာမဟုတ်ဘဲနဲ့ နည်းပညာနဲ့အတွေ့အကြုံများစွာ လုံလောက်တာဖြစ်တဲ့အတွက် ကြောင့် နိုင်ငံတော်ကနေပြီးတော့ နည်းပညာနဲ့အတွေ့အကြုံလုံလောက်မှုရှိတဲ့ ဌာနကိုတာဝန်ပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ဒါကြောင့်ဈေးကွက်စီးပွားရေး သဘောတရားများနှင့် အညီကျင့်သုံးလျက်ရှိတဲ့ SOE များလျှော့ချတဲ့ အြခေအနေမှာ ဒီမဟာဗျူဟာနဲ့ ကိုက်ညီမှုရှိပါသလား ဆိုတဲ့အပိုင်းကို ဒီမဟာဗျူဟာနဲ့တော့ ဆန့်ကျင်မှုမရှိကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။
တတိယမေးခွန်းဖြစ်တဲ့ National Aviation and Aerospace Industry Complex များမှထုတ်လုပ်တဲ့ လေယာဉ်၊ ရဟတ်ယာဉ်များကို Certification ဘယ်လိုစဉ်းစားပါသလဲ။ ဒါတွေထုတ်လုပ်ဖို့ ခုနက အင်ဒိုနီးရှားနိုင်ငံကဲ့သို့သော ဖြစ်ရပ်မျိုးကို ဘယ်လိုရှောင်ရှားမလဲဆိုတဲ့ မေးခွန်းမျိုးဖြစ်ပါတယ်။ အဲဒီတော့ National Aviation and Aerospace Industry Complex တည်ထောင်ရေးဟာ မြန်မာနိုင်ငံရဲ့အနာဂတ် Capacity Building ကို ရည်မှန်းတည်ဆောက်ခြင်း ဖြစ်ပါတယ်။ Aviation and Aerospace Industry Complex ရဲ့လုပ်ငန်းသဘောသဘာဝအရ နှစ်ပေါင်း ၅၀ လောက် အချိန်ယူတည်ဆောက်ရတာကို နိုင်ငံတကာအတွေ့အကြုံများအရ လေ့လာ တွေ့ရှိရမှာဖြစ်ပါတယ်။ အဲဒီတော့ Aviation and Aerospace Technology ရဲ့သဘာဝဟာလည်း အရပ်ဘက်သုံး၊ စစ်ဘက်သုံး နှစ်ဘက်သုံးနိုင်တဲ့ Dual use Technology အမျိုးအစားဖြစ်ပါတယ်။ Aviation and Aerospace Industry ဟာ တစ်နည်းအားဖြင့်လည်း Technology based Industry နဲ့ Knowledge based Industry တို့ရဲ့ အဆင့်မြင့်နည်းပညာပေါင်းစည်းမှု High Level Technology Integration အဖြစ် ရှုမြင်သုံးသပ်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလမ်းကြောင်းကို ရောက်ရှိနိုင်ရေးအတွက် အခြေခံအဆောက်အအုံများ Infrastructure များကနေစပြီးတော့မှ တည်ဆောက်သွားဖို့ရည်မှန်းထားပါတယ်။ ဒီလို မဟာ ဗျူဟာရည်မှန်းချက်ထားရှိတဲ့အားလျော်စွာ ကာလရှည်စီမံချက် Long term Plan နဲ့အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် လုပ်ငန်း ဖြစ်ပါတယ်။ ဒီလိုဖြစ်သည့်အားလျော်စွာ ယခုအချိန်ကပင် လုပ်ငန်းများကို အဆင့်အတန်းအလိုက်၊ အနေအထားအလိုက်၊ အဆင့်ဆင့်ဆောင်ရွက်သွားမှသာ ကျွန်တော်တို့ အနာဂတ်မျိုးဆက်သစ်များ အတွက်ကောင်းမွန်တဲ့အမွေကောင်းများထားရှိနိုင်မှာဖြစ်တာကို သတိပြုနိုင်ရန်တင်ပြခြင်းဖြစ်ပါတယ်။
လက်ရှိအနေအထားမှာလည်း မိမိတို့နဲ့အဆင့်အတန်းတူ အာဆီယံဒေသတွင်းနိုင်ငံများမှာ ပင်လျှင် Aviation Industry များကို မိမိတို့လက်လှမ်းမီတဲ့အဆင့်ကနေ စတင်ဆောင်ရွက်နေပြီးတော့ အဆင့်အတန်းတစ်ခုကိုရောက်ရှိနေပြီဆိုတာကို လေ့လာသုံးသပ်ရမှာဖြစ်ပါတယ်။ ဒီကနေ့လောလောဆယ် အြခေအနေမှာလည်း ကျွန်တော်တို့ဟာ Commerical Aircraft ကဲ့သို့ Certification လိုတဲ့ လေယာဉ်မျိုးကို ချက်ချင်းလက်ငင်းထုတ်လုပ်ဖို့ ရည်မှန်းချက်ထားရှိမှာမဟုတ်ဘဲ Training Aircraft ကဲ့သို့သော လေယာဉ်ငယ်များမှ စတင်ထုတ်လုပ်ရန် ရည်မှန်းထားရှိမှာ ဖြစ်ပါတယ်။ ဒီလိုထုတ်လုပ်မှု အဆင့်အနေနဲ့လည်း Assembly, Integration and Testing (AIT), Part Manufacturing Renovation အဆင့်တွေကို Under Licence ထုတ်လုပ်ပြီး အဆင့်ဆင့်ကျော်ဖြတ်ပြီးမှသာ Airframe Fabrication အဆင့်ကိုတစ်ဆင့်ပြီးတစ်ဆင့်ကူးပြောင်း ဆောင်ရွက်သွားရန်ရည်မှန်းထားရှိပါတယ်။
Avionics နှင့်ပတ်သက်လို့လည်း ကျွန်တော်တို့ Plan မှာပါရှိပြီးဖြစ်တဲ့ National Electronic Complex ရဲ့စွမ်းဆောင်ရည်ကနေ မူတည်ပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့် ထုတ်လုပ်သွားဖို့ ရည်မှန်းထားရှိပါတယ်။ Transfer of Technology Base နဲ့ ထုတ်လုပ် ဆောင်ရွက်ခြင်းဖြစ်ပြီးတော့ Training Aircraft လေယာဉ်ငယ်များကစတင်၍ ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် Techonology Maturity and Airworthiness ရအောင် ထုတ်လုပ်ဆောင်ရွက်ခြင်းဖြစ်တဲ့ အတွက်ကြောင့် လေယာဉ်ထုတ်လုပ်မှုနည်းပညာနဲ့ အဆင့်အတန်းကို အြခေခံပြီးတော့ စနစ်တကျ ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ လေယာဉ်ထုတ်လုပ်မှုကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ မိမိတို့နိုင်ငံမှာဖွင့်လှစ်ပြီးဖြစ်တဲ့ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသတက္ကသိုလ်ကနေ ဘွဲ့ရ အနာဂတ်မျိုးဆက်သစ် လူငယ်များကိုလည်း လေကြောင်းပညာရှင် များ၊ လေကြောင်းအင်ဂျင်နီယာများ ဖြစ်ထွန်းလာအောင် စာတွေ့၊ လက်တွေ့ ပေါင်းစပ်ပြီးတော့ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်ရဲ့ အနာဂတ်ရေးအတွက် မျှော်မှန်းကာ အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အဲဒီတော့ မိမိတို့ဝန်ကြီးဌာနက ကနဦး ထုတ်လုပ်တဲ့ လေယာဉ်များဟာ လုပ်ငန်းပူးတွဲဆောင်ရွက်တဲ့ နိုင်ငံများက Aircraft(Type) Certificate ရရှိပြီးဖြစ်တဲ့အတွက်ကြောင့် Certificate of Airworthiness ရယူရေးကင်းလွတ်ခွင့် ရရှိပြီးတော့ မြန်မာနိုင်ငံလေကြောင်း ပိုင်နက်အတွင်းမှာ ပျံသန်းနိုင်မှာဖြစ်ပါတယ်။ ဒီလိုအဆင့်အတန်း ကနေ တစ်ဆင့်ပြီးတစ်ဆင့် ရေရှည်မှာတော့ Aircraft and Helicopter အမျိုးမျိုးထုတ်လုပ် နိုင်ရေးဆီကို ရေရည်အစီအမံနဲ့ ဦးတည်ဆောင်ရွက် သွားရမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ဒီနေရာမှာ နည်းပညာနဲ့ပတ်သက်ပြီးတော့ ခေတ်နောက်ကျမှု ကို အမျိုးသားရေးအမြင်ဖြင့် ရှုမြင်ရန် လိုအပ်ကြောင်း တင်ပြလိုပါတယ်။ တစ်နည်းအားဖြင့် မဟာဗျူဟာအမြင်နဲ့ရှုမြင်ဖို့ဖြစ်ပါတယ်။ နည်းပညာကွာဟမှုဟာTechnology Gap လို့ ကျွန်တော်တို့ International စာအုပ်တွေမှာ ခေါ်ပါတယ်။ ဒီ Technology Gap ဟာ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာ Sovereignty ကို ထိခိုက်ရတဲ့ အြခေအနေကို ဆိုက်ရောက်နိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ မိမိနိုင်ငံရဲ့ပကတိ အနေအထားမှာလည်း အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဉ်လျှင် နည်းပညာ ကွာဟမှုကြီးမားနေတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒီလိုနည်းပညာကွာဟမှုကို အြခေပြုပြီးတော့ ယှဉ်ပြိုင်နိုင်စွမ်း မရှိတဲ့အတွက် ကြောင့် အလုပ်အကိုင်အခွင့် အလမ်းတွေနည်းပါးလာတဲ့အတွက် အိမ်နီးချင်းနိုင်ငံသို့ မိမိအလုပ်သမား ဦးရေ ၃၀၀၀၀၀၀ ခန့် သွားရောက်လုပ်ကိုင်နေရတဲ့ ပကတိဖြစ်ရပ်ကို သုံးသပ်ရှုမြင်အပ်ပါတယ်။ ဒီကနေတစ်ဆင့် လူမှုစီးပွားရေးအကျိုးဆက်များဟာ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာကို သက်ရောက်မှုများ ရှိလာနိုင်ပါတယ်။ Technology Gap ကျဉ်းမြောင်းဖို့ အတွက် အင်တိုက် အားတိုက် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ တစ်ဖက်မှာလည်း ဆန့်ကျင်ဘက်အစွန်း တရားတစ်ရပ် ဖြစ်တဲ့ Contradicted Criteria တစ်ခုဖြစ်တဲ့ Technology Trap ကိုလည်း သတိဖြင့် ရှောင်ကြဉ်ဖို့လိုအပ်ကြောင်း ကျွန်တော်တို့ ရှုမြင်ပါတယ်။ ခုနက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တင်ပြခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ လေယာဉ်ထုတ်လုပ်မှုကိစ္စရပ်ကဲ့သို့ ဖြစ်ပါတယ်။ မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေနဲ့ အဆိုပါ Criteria and Condition များကိုကောင်းစွာသိရှိနားလည်ပြီးဖြစ်တဲ့ အားလျော်စွာ Technology Trap ကိုအထူးသတိပြု ရှောင်ရှားပြီး မိမိနိုင်ငံ၏ အချုပ်အခြာအာဏာ ကိုခြိမ်းခြောက်မှုပြုနေတဲ့ Technology Gap ကနေလွတ်မြောက်စေနိုင်တဲ့ တစ်ခုတည်းသောနည်း လမ်းဖြစ်တဲ့ စက်မှုနိုင်ငံအဖြစ်တက်လှမ်းရေးလုပ်ငန်းစဉ်များကို ကြီးမားသောသတိဝိရိယဖြင့် မဆုတ် မနစ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။
