(င)-အသေးစား၊ အလတ်စား ရေအားလျှပ်စစ်ထုတ်လုပ်ရာတွင် BOT စနစ်ဖြင့် အများပိုင် ကုမ္ပဏီများအား ခွင့်ပြု အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၁၃.၃.၂၀၁၃)

 

ကျွန်တော်တို့နိုင်ငံရဲ့လျှပ်စစ်ကို နိုင်ငံတော်အစိုးရက နေတာဝန်ယူပြီးတော့ ထုတ်လုပ်ဖြန့်ဖြူးပေးနေတာဖြစ်တဲ့အတွက် နိုင်ငံတော်တစ်ဝန်းလုံးမှာ စီမံကိန်းတွေချပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့လူဦးရေတိုးလာမှု၊ သုံးစွဲသူများပြားလာမှုကြောင့် လိုအပ်ချက်ဟာအမြဲတမ်းဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရပ်ရွာတွေမှာ တစ်ပိုင်တစ်နိုင် ကိုယ့်အားကိုယ်ကိုး အသေးစား၊ အလတ်စားထုတ်လုပ်ပြီးတော့ ကိုယ့်ရပ်ရွာကို မီးလင်းဖို့အတွက်ကြိုးစားနေကြတာဖြစ်ပါတယ်။ ပဲခူးတိုင်း ပြည်ခရိုင်မှာ တောင်နဝင်း ဆည်ဆိုတာရှိပါတယ်။ အဲ့ဒီ တောင်နဝင်းဆည်ဟာ အရင်စီမံကိန်းတုန်းက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက် စီမံကိန်းမှာ ဒီဇိုင်းရေးဆွဲပြီးတော့ ပိုက်ကြီးများကိုချန်ထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ အငုတ်နဲ့အတူ လျှပ်စစ်ထုတ်လုပ်နိုင်ဖို့အတွက် ကျွန်တော်ဟာ ပထမအကြိမ် စတုတ္ထအစည်းအဝေးမှာ နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်တော်တို့ကိုကူညီပေးနိုင်မလားလို့ ကျွန်တော်ကြယ်ပွင့်ပြမေးခွန်းမေးခဲ့ပါ တယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဒါကိုတော့ လုပ်ဖို့အစီအစဉ်မရှိသေးဘူး။ BOT နဲ့ လုပ်ရင်တော့ဖြစ်နိုင်တယ်ဆိုပြီးတော့ ဖြေကြားခဲ့ပါတယ်။ အဲ့တော့ ပဲခူးတိုင်းဒေသကြီး တောင်ငူမှာ သောက်ရေခပ်(၂)ဆိုတဲ့စီမံကိန်းဟာ အဲ့ဒီလိုအကောင်အထည်ဖော်ခဲ့ပြီးတော့ အခုအချိန်ဆိုရင် မီးကလည်းရရှိပြီးဖြစ်ပါတယ်။ အဲ့ဒီရဲ့အတွေ့အကြုံကိုသိလိုတဲ့အတွက် ကျွန်တော်အောက်ပါမေးခွန်း များကို မေးမြန်းလိုပါတယ်ခင်ဗျား-

 (၁) သောက်ရေခပ်(၂)ရေအားလျှပ်စစ်စီမံကိန်းအား အကြိုစူးစမ်းလေ့လာမှုများ ပြုလုပ်ရာမှာ နိုင်ငံတော်ပိုင်ငွေကြေးဖြင့်ဆောင်ရွက်ခဲ့ပါသဖြင့် ငွေကြေးမည်မျှကုန်ကျခဲ့ပါသလဲ။ အချိန် မည်မျှကြာခဲ့ပါသလဲ။

(၂) ပုဂ္ဂလိကကုမ္ပဏီများနဲ့ဆောင်ရွက်ရာမှာ

          (က)    ကုမ္ပဏီကကုန်ကျခဲ့တဲ့ပြည်တွင်းငွေကြေးပမာဏ

          (ခ)     နိုင်ငံတော်အစီအစဉ်ဖြင့်ချေးပေးခဲ့တဲ့ နိုင်ငံခြားငွေပမာဏ၊ အတိုးနှုန်း၊ ပေးဆပ်ရ သည့်  ကာလ

 (၃) ကုမ္ပဏီနဲ့အဆိုပြုစဉ်ကတွက်ချက်တင်ပြထားတဲ့

          (က)    Pay out Time

          (ခ)     Internal Rate of Return-IRR      

          (ဂ)     Discount Rate

          (ဃ)    Profit to Investment Ratio

          (င)     Life Circle Analysis များပြုလုပ်ခဲ့ခြင်းရှိ/မရှိ

(၄)     ယခုအခါ သောက်ရေခပ်(၂)ရေအားလျှပ်စစ်စီမံကိန်းပြီးစီးသည်‌့အတွက် နိုင်ငံတော် ဓာတ်အားစနစ်ကိုရောင်းချရာမှာ အရောင်းအဝယ်စာချုပ် (Power Parching  Agreement-PPA) ချုပ်ဆိုရာမှာ မည်သည့်နှုန်းထား၊ မည့်သည့်ကာလချုပ်ဆိုခဲ့ပါ သလဲ။

(၅)     ကုမ္ပဏီမှဓာတ်အားခနှုန်းထားများကို စီမံကိန်းကုန်ကျငွေအပေါ်မှာ မူတည်ပြီး တွက်ချက်ရာမှာ

          (က)    နှစ်စဉ်ကုန်ကျငွေများအပေါ်မှာမူတည်ပြီးတော့ နှစ်စဉ်တောင်းခံပါသလား။

          (ခ)     နှစ်ရှည်ကာလ (Multi Year Turret-MYT) စနစ်ဖြင့်တောင်းခံပါသလား။

          (ဂ)     ကုမ္ပဏီ၏ကုန်ကျမှုအပေါ်မူတည်သည့် Cost Plus Method စနစ်ဖြင့် တောင်းခံပါသလား။

          (ဃ)    စက်ရုံလုပ်ဆောင်မှုအပေါ်မူတည်သည့် Performance Base Regulation စနစ်ဖြင့် တောင်းခံပါသလားဆိုတဲ့အချက်များကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

မေးခွန်းအပိုဒ် (က) နှင့်ပတ်သက်၍ သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်း၏ အကြိုစူးစမ်း လေ့လာခြင်း လုပ်ငန်းများ၊ အကြိုတည်ဆောက်မှု လုပ်ငန်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာနအနေဖြင့် ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်မှစတင်၍ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ် အထိ ၃ နှစ်ကြာ နိုင်ငံတော်ပိုင်ငွေကြေးပမာဏ ၅၆၃ သန်းကျပ်အား စိုက်ထုတ်သုံးစွဲ၍ဆောင်ရွက်ခဲ့ ပါတယ်။ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ သောက်ရေခပ်(၂)ရေအားလျှပ်စစ် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရွှေစွမ်းအင်ကုမ္ပဏီလီမီတက်သို့ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ကို ၇-၁၁-၂၀၀၇ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ စိုက်ထုတ်သုံးစွဲထားသည့်ငွေများအနက် ၇-၁-၂၀၁၁ ရက်နေ့မှာ ကျပ်သန်း ၅၀ အားလည်းကောင်း၊ ၃၁-၁၂-၂၀၁၂ ရက်နေ့မှာ ကျပ် ၅၁၃ သန်း အားလည်းကောင်း ရွှေစွမ်းအင်ကုမ္ပဏီလီမီတက်မှ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီး ဌာနသို့ ပြန်လည်ပေးချေခဲ့ပြီးဖြစ်ပါတယ်။

မေးခွန်းအပိုဒ်(ခ)(ဂ)(ဃ)နှင့်ပတ်သက်၍ တစ်ပေါင်းတည်းပြန်လည်ဖြေဆိုပေးပါမယ်ခင်ဗျား။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့တင်ပြခဲ့သည့် အဆိုပြုလွှာတွင် သောက်ရေခပ်(၂)ရေအား လျှပ်စစ်စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ပြည်တွင်းငွေကျပ်သန်းပေါင်း ၂၃၄၉၄၃.၆၇၄ သန်း၊ အမေရိကန်ဒေါ်လာ ၈၈.၉၂၈ သန်းအပါအဝင်ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲများမှ တိုင်းရင်းသားလုပ်ငန်းရှင်များကို နိုင်ငံတော်ရဲ့စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ် တစ်အားပါဝင်ဆောင်ရွက်လာစေရန်ရည်ရွယ်ပြီး နိုင်ငံတော်အစီအစဉ်ဖြင့် နိုင်ငံခြားချေးငွေများကို ရရှိနိုင်ရေးအတွက်ကူညီဆောင်ရွက်ပေးခဲ့ရာ သောက်ရေခပ်(၂)ရေအားလျှပ်စစ်စီမံကိန်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM Bank of China မှ Preferential Buyer's Credit အဖြစ် အမေရိကန်ဒေါ်လာ ၆၃.၉ သန်းကိုချေးယူရရှိခဲ့ပါတယ်။ ချေးငွေကိုတစ်နှစ်လျှင်အတိုး ၃ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၅ နှစ်၊ အရစ် ၂၀၊ တစ်ရစ်လျှင်အမေရိကန်ဒေါ်လာ ၃၄၅၆.၀၀၀ သန်းစီဖြင့် တစ်နှစ်လျှင် နှစ်ကြိမ်ပေးဆပ်ရပါမည်။ စုစုပေါင်းပေးဆပ်ရမည့်ကာလမှာ ၁၀ နှစ်ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ အဆိုပြုတင်ပြလာသည့် စီးပွားရေးဆိုင်ရာတွက်ချေကိုက်မှုစိစစ်ချက် (Financial Analysis -FA ) ကို ဝန်ကြီးဌာနမှအပြန်အလှန်သုံးသပ်လျက်ရှိရာ အချက်အလက်များမှာအောက်ပါအတိုင်း ဖြစ်ပါတယ်-

(က)    ပြည်တွင်းရင်းနှီးမှုပမာဏ ပြည်တွင်းကျပ်သန်းပေါင်း ၂၃၄၉၄၃.၆၇၄၊ ပြည်ပငွေ အမေရိကန်ဒေါ်လာ ၈၈.၉၂၈ သန်းဖြစ်ပါတယ်။

(ခ)     ကုန်သွယ်ခွန်ကင်းလွတ်ခွင့်

          (ဂ)     ကုန်သွယ်ခွန်ပေးဆောင်မှု

          (ဃ)    ဝင်ငွေခွန်ကင်းလွတ်ခွင့်

          (င)     ဝင်ငွေခွန်ပေးဆောင်မှုစသည်တို့ကို နိုင်ငံတော်မှလက်ရှိထုတ်ပြန် ပြဋ္ဌာန်းထားသည့် နည်းဥပဒေများအတိုင်း လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်။

          (စ)     ဓာတ်အားခပါတစ်ယူနစ်နှင့် Internal Rate of Return (IRR) တို့ကို Win-Win Situation ဖြစ်စေရန်အတွက် တွက်ချက်ညှိနှိုင်းဆဲဖြစ်ပါတယ်။

အထက်ပါအပိုဒ်မှာဖော်ပြပါရှိသည့် ရင်းနှီးမြှုပ်နှံမှုပမာဏအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့တင်ပြခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၁၁-၉-၂၀၁၂ ရက်နေ့တွင်ကျင်းပခဲ့ သည့် (၂၉/၂၀၁၂) ကြိမ်မြောက် အစည်းအဝေးမှအတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါတွင် သောက်ရေခပ်(၂)ရေအားလျှပ်စစ်စီမံကိန်းပြီးစီးနေပြီဖြစ်၍ စီမံကိန်းမှထွက်ရှိလာသည့် လျှပ်စစ် ဓာတ်အားများကို ကြိုတင်စာရင်းမှတ်စနစ်ဖြင့်ဝယ်ယူဖြန့်ဖြူးလျက်ရှိပါတယ်။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအောက်ရှိ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမည့်ဌာနအနေဖြင့် ထွက်ရှိလာသည့်ဓာတ်အားအနက် ဝယ်ယူမည့်ဓာတ်အား ပမာဏရာခိုင်နှုန်း၊ ဓာတ်အားခနှုန်းထားများနှင့်ပတ်သက်၍ အကြိမ်ကြိမ် အသေးစိတ်ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ပါကြောင်းဖြေကြားအပ်ပါတယ်။ နိဂုံးချုပ်အနေဖြင့် နောက်ဆုံး မေးခွန်းဖြစ်သည့် အပိုဒ်(င)အတွက် ရွှေစွမ်းအင်ကုမ္ပဏီမှဓာတ်အားခနှုန်းထားများကို စီမံကိန်း ကုန်ကျငွေအပေါ် မူတည်၍တွက်ချက်ရာတွင် နှစ်စဉ်ကုန်ကျငွေများအပေါ်အခြေခံလျက် နှစ်စဉ် တင်ပြတောင်းခံသွားရမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဝင်းမြင့် (ပြည်မဲဆန္ဒနယ်) က ဆက်စပ် မေးခွန်းမေးမြန်းပါသည်။

တောင်နဝင်းအတွက် အကြိုစူးစမ်းလေ့လာမှုများပြုလုပ်နိုင်ဖို့ နိုင်ငံတော် အစိုးရက ကူညီပေးနိုင် ပါသလား။  အစီအစဉ်ရှိပါသလား။ နံပါတ် (၂) က နိုင်ငံခြားချေးငွေရဖို့ရော ကူညီပေးနိုင်ဖို့ အစီအစဉ် ရှိပါသလား။ ကျွန်တော်မေးလိုပါတယ်။ ဒါပေမယ့် အစီအစဉ်ရှိပါသလားလို့ မေးတဲ့အခါတိုင်းမှာ ဖြေသွားမှာကို ကျွန်တော်စိုးရိမ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလျှပ်စစ်နှင့် ပတ်သက်လို့ပြဿနာတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ပြည်မှာဆိုရင် ပြီးခဲ့တဲ့နှစ် ကလည်း ဖယောင်းတိုင် မီးထွန်းပြီးတော့ ဆန္ဒတွေပြကြတယ်။ ဒီနှစ်မှာလည်း ပြီးခဲ့တဲ့အပတ်ထဲမှာပဲ ဆန္ဒတွေပြကြတယ်။ အဲ့ဒီအချိန်မှာ သူတို့ကို ကျွန်တော်တို့ရှင်းပြတာက နိုင်ငံတော်အစိုးရက ရှိတာ ကိုတော့မျှပေးနေတယ်။ ကျွန်တော်တို့ပြည်သူကလည်း ကူညီကြရမယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော် တို့ပြည်သူကူညီနိုင်တဲ့ ဟာတွေ ဘာတွေရှိသလဲဆိုတော့ ကျွန်တော်တို့ပြည်ပိုင်းမှာ ခုနက တောင်နဝင်း ဆည်ကနေပြီးတော့ လျှပ်စစ်ထုတ်နိုင်ဖို့ အခြေအနေရှိပါတယ်။ အဲ့တော့ သူတို့ကိုပြောတာ လွှတ်တော် ကြီးကနေတစ်ဆင့် နိုင်ငံတော်အစိုးရကို အကူအညီတောင်းမယ်လို့ဆိုပြီးတော့ ဒါကိုသူတို့ကို ကျွန်တော် ပြောခဲ့ပါတယ်။ ဒီရောက်တော့ လွှတ်တော်မှတစ်ဆင့်မေးကြတဲ့အခါမှာ အစီအစဉ်ရှိ၊ မရှိဆိုပြီး မေးကြ ရတာဖြစ်ပါတယ်။ အဲ့တော့ ဒီတာဝန်ရှိပုဂ္ဂိုလ်များကလည်း အစီအစဉ်ရှိရင်ရှိ၊ မရှိရင် မရှိလို့ ဖြေကြပါတယ်။ ဒါပေမယ့် လွှတ်တော်မှာ အကူအညီတောင်းပါတယ်။ အကူအညီပေးပါရန်ဆိုရင်တော့ မကူညီနိုင်ဘူးလို့ဖြေမှာမဟုတ်တဲ့အတွက် ဒီမေးခွန်းကို ကူညီပေးပါရန်ဆိုပြီး မေးမြန်းလိုပါကြောင်း၊

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး

ပထမတစ်ကြိမ် ဒီတောင်နဝင်းဆည်က ရေအားလျှပ်စစ်ထွက်နိုင်ချေ ၂ မဂ္ဂါဝပ်ရှိတဲ့အတွက် ဆည်လည်းတည်ဆောက်ပြီးတာကြာပြီဖြစ်လို့ အဲဒီမှာ ရေအားလျှပ်စစ်စက်ရုံတည်ဆောက်မယ်ဆိုရင် ထွက်ရှိလာမယ့်ဓာတ်အားနဲ့ လုပ်ဆောင်ရမယ့် စူးစမ်းလေ့လာမှုနှင့် ဆည်ရဲ့ခိုင်ခံ့မှုတို့ကိုသေချာတွက်ချက်ပြီးလုပ်ရမှာဖြစ်ကြောင်း၊ တည်ဆောက်ရမှာ ခက်ခဲကြောင်းတွေ့ရှိရတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ထွက်ရှိလာတဲ့ဓာတ်အား တွက်ချေကိုက်မှုနည်းပါး တယ်ဆိုပြီးတော့မှ ဖြေကြားခဲ့ပြီးဖြစ်ပါတယ်။ တကယ်လို့များ ဒါကိုဆက်လက်ပြီးတော့မှ စူးစမ်းလေ့လာ မှုလုပ်မယ်ဆိုရင်တော့ ဝန်ကြီးဌာနအနေနဲ့ လိုအပ်သောကူညီမှုများ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။