ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှာ ထုတ်ဝေတဲ့ ရုံးလုပ်ငန်းလက်စွဲစာအုပ်မှာ အရေးကြီးပုဂ္ဂိုလ်များရဲ့ အင်္ဂါစဉ်အမည်များကို ဖော်ပြ ထားတာတွေ့ရှိရပါတယ်။ အဆိုပါအင်္ဂါစဉ်အမည်စာရင်းမှာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့ရဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ စာရင်းလည်းပါဝင်သည်ကို တွေ့ရှိရပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများနဲ့ ဒုတိယဥက္ကဋ္ဌများရဲ့ အင်္ဂါစဉ်အမည်စာရင်းကတော့ ပါဝင်ခြင်းမရှိတာကို တွေ့ရပါတယ်။ သို့ပါ၍ အောက်ပါမေးခွန်းများကို လေးစားစွာ မေးမြန်းအပ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများနဲ့ ဒုတိယဥက္ကဋ္ဌများဟာ အဆိုပါအင်္ဂါစဉ်အမည်စာရင်းမှာ မည်သည့် အတွက်ကြောင့် ထည့်သွင်းခြင်းမပြုသည်ကို သိရှိလိုပါတယ်။ အင်္ဂါစဉ်အမည်စာရင်းမှာ ထည့်သွင်း မည်ဆိုပါကလည်း မည်သည့်အဆင့်တွင် ရှိသည်ကို သိရှိလိုပါကြောင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရဲ့ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌများကိုလည်း အင်္ဂါစဉ်အမည် စာရင်းမှာ ထည့်သွင်းဖော်ပြပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လ ထုတ်ဝေတဲ့ ရုံးလုပ်ငန်းလက်စွဲ စာစောင်ရဲ့ အခန်း(၈) စာမျက်နှာ ၁၃၆ တွင် ဖော်ပြထားတဲ့ ပြည်ထောင်စုအင်္ဂါစဉ်သည် နိုင်ငံတော်အဆင့်အခမ်းအနားများ ကျင်းပပြုလုပ်ခြင်း၊ နိုင်ငံတော်သမ္မတက ဦးဆောင်သော အစည်းအဝေးများပြုလုပ်ခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာန အချင်းချင်းဆက်သွယ် ဆောင်ရွက်ခြင်းစသည့် ဦးစီးဆောင်ရွက်ရမည့် အစိုးရအဖွဲ့ရုံးလုပ်ငန်းများ အတွက်သာ ရည်ရွယ်ပြီး ထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်များရဲ့ ဥက္ကဋ္ဌများအနေနဲ့ ဦးစီးဆောင်ရွက်ရန် တာဝန်မရှိပါသဖြင့် အဆိုပါအင်္ဂါစဉ်တွင် ထည့်သွင်းမဖော်ပြ ခြင်း ဖြစ်ပါတယ်။ ၎င်းတို့ရဲ့အဆင့်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ပုဂ္ဂိုလ်များရဲ့ ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်အယောင်များဆိုင်ရာ ဥပဒေအရ ပြည်ထောင်စုဝန်ကြီးအဆင့်နဲ့ ညီမျှကြောင်း တွေ့ရှိ ရပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသတို့ရဲ့ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့များရဲ့ ဥက္ကဋ္ဌများကို လည်း အင်္ဂါစဉ်မှာ ထည့်သွင်းဖော်ပြရန် အစီအစဉ် မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
