ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ၊ တရားစီရင်ရေးမူမှာ ပုဒ်မ ၃ (ခ)မှာ ဥပဒေကန့်သတ်ချက်မှအပ အများပြည်သူရှေ့မှောက်မှာ တရားစီရင်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီလိုပါပဲ ပုဒ်မခွဲ (ဂ)မှာ ဥပဒေအရ ခုခံချေပပိုင်ခွင့် ပေးထား ပါတယ်။ အဲ့ဒီအပြင် အပြစ်ပေးတဲ့အခါမှာ (ဆ)အရ အကျင့်စာရိတ္တပြုပြင်ဖို့ကိုသာ အပြစ်ပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံလွတ်လပ်ရေးရပြီးကာစကတည်းက လက်မှတ် ရေးထိုးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၆ မှာ လူပုဂ္ဂိုလ်ကို ဥပဒေ အခန်းကဏ္ဍကို အသိအမှတ်ပြုသလို လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၇ မှာတော့ ဥပဒေအရ တူညီရမည့်အပြင် ဥပဒေရဲ့အကာအကွယ်ကို ခြားနားမှုမရှိဘဲ မခံစေရလို့ ပြဋ္ဌာန်းခဲ့ပါတယ်။ သို့သော် ကျွန်တော်တို့နိုင်ငံရဲ့ သင်ခန်းစာယူရမယ့်ပြီးခဲ့တဲ့ သမိုင်းဖြတ်သန်းမှုအရ ဘာပြောပြော ကျွန်တော်တို့ စစ်ခုံရုံးတို့၊ သီးသန့်ခုံရုံးတို့နဲ့ နိုင်ငံသူနိုင်ငံသားများကို တရားစီရင်ခဲ့တာရှိပါတယ်။ အဲ့ဒါနှင့်ဆက်စပ် ပြီးတော့ ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကျွန်တော် မေးမြန်းလိုတဲ့မေးခွန်းကတော့ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇ တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်ဖြစ်ရာ ယခင်အစိုးရလက်ထက်က စစ်ခုံရုံးဖြင့် စစ်ဆေးစီရင် ပြစ်ဒဏ်ချမှတ်ခဲ့သည့်ကိစ္စရပ်များတွင် အများပြည်သူရှေ့မှောက်၌ မဟုတ်ဘဲ အကျဉ်းထောင်များ၌ ဖွင့်လှစ်စီရင်ခဲ့သည့် အဆိုပါစစ်ခုံရုံးများနှင့် အထူးရုံးများတွင် ရှေ့နေရှေ့ရပ် ငှားရမ်းခွင့်မရှိဘဲ ချမှတ်ခဲ့သည့်အမိန့်များ မည်၍မည်မျှရှိပါသနည်း။ ပြည်ထောင်စုအစိုးရက အမည်ပျက်စာရင်း (Blacklist) ကြေညာခံရမည့် စီးပွားရေးကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်ပရောက် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်အချို့အား ယနေ့ကာလတွင် အမည်ပျက်စာရင်းမှ ပယ်ဖျက်ခဲ့သလို စစ်ခုံရုံးနှင့် အကျဉ်းထောင်အထူးရုံးများက ပြစ်ဒဏ်ချမှတ်ခဲ့သော ကိစ္စရပ်များအပေါ် ဥပဒေနှင့်အညီ ပြန်လည်သုံးသပ်ပြီး နစ်နာဆုံးရှုံးခဲ့ရသော နိုင်ငံသားများ၏ အခွင့်အရေးကို မည်သို့ရရှိခံစားခွင့် ပေးနိုင်ရေး အစီအစဉ်ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က (က) ယခင်အစိုးရလက်ထက်က စစ်ခုံရုံးများနဲ့ စစ်ဆေးစီရင် ပြစ်ဒဏ်ချမှတ်ခဲ့သည့် ကိစ္စရပ်များမှာ အများပြည်သူရှေ့မှောက်မဟုတ်ဘဲနဲ့ အကျဉ်းထောင်များမှာ ဖွင့်လှစ်စီရင်ခဲ့တဲ့ စစ်ခုံရုံးများနှင့် အထူးရုံးများတွင် ရှေ့နေရှေ့ရပ်ငှားရမ်းခွင့်မရှိဘဲ ချမှတ်ခဲ့ သည့်အမိန့်များ မည်မျှရှိပါသနည်း။ (ခ) စစ်ခုံရုံးနှင့် အကျဉ်းထောင်အထူးရုံးများက ပြစ်ဒဏ်ချမှတ်ခဲ့ သောကိစ္စရပ်များအပေါ်မှာ ဥပဒေနှင့်အညီ ပြန်လည်သုံးသပ်ပြီးတော့ နစ်နာဆုံးရှုံးခဲ့ရသော နိုင်ငံသား များ၏ အခွင့်အရေးများကို မည်သို့ရရှိခံစားနိုင်ခွင့်ပေးနိုင်ရေး အစီအစဉ်ရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အဘက်ဘက်မှ ယိုယွင်းနေတဲ့ အခြေအနေကို အချိန်မီ ထိန်းသိမ်းနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ လမ်းပန်း ဆက်သွယ်မှုလုံခြုံချောမွေ့စေရေးတို့အတွက် တပ်မတော်က နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို လုံးဝတာဝန်ယူဆောင်ရွက်ကြောင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ကြေညာချက် အမှတ် (၁/၈၈) ကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကြေညာပြီးတဲ့နောက်မှာ အချုပ်အခြာအာဏာသုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးဆောင်ရွက်ခဲ့တဲ့ကာလတစ်ရပ်မှာ နိုင်ငံတော် တည်ငြိမ်ရေးနှင့် အေးချမ်းသာယာရေးထိခိုက်သည့်ပြစ်မှုများကို စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်ခဲ့တာမျိုး ရှိခဲ့ပါတယ်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် စစ်တိုင်းမှူးတွေကို မိမိတို့ ကြီးကြပ်ကွပ်ကဲရတဲ့ စစ်တိုင်းနယ်မြေများအတွင်းမှာ စီမံခန့်ခွဲရေးနှင့် တရားစီရင်ရေးဆိုင်ရာ မာရှယ်လော (Martial Law) အာဏာကို ကျင့်သုံးနိုင်ရန်အတွက် မာရှယ်လော (Martial Law) အမိန့်အမှတ် (၁/၈၉) ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စစ်တိုင်းမှူးများအနေနဲ့ တရားစီရင်ရေး ဆိုင်ရာ မာရှယ်လော (Martial Law) အာဏာကို ကျင့်သုံးတဲ့နေရာမှာ ပြစ်မှုကျူးလွန်သူများကို တည်ဆဲဥပဒေအရ ဖွဲ့စည်းထားတဲ့ တရားရုံးဖြင့်ဖြစ်စေ၊ မိမိတို့က ဖွဲ့စည်းတဲ့ စစ်ခုံရုံးများဖြင့်ဖြစ်စေ ကြားနာစစ်ဆေးစီရင်နိုင်ကြောင်းနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ထုတ်ပြန်ထား တဲ့အမိန့်ကို ဖြစ်စေ၊ အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့အမိန့်ကိုဖြစ်စေ၊ သက်ဆိုင်ရာ စစ်တိုင်းမှူးက ထုတ်ပြန်တဲ့အမိန့်ကိုဖြစ်စေ ဆန့်ကျင်တဲ့အမှုများကို စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်ရမည်ဖြစ်ကြောင်း မာရှယ်လော (Martial Law) အမိန့်အမှတ် (၂/၈၉) မှာ ဖော်ပြထားပါတယ်။ အဆိုပါအမိန့်မှာ စစ်ခုံရုံးများအား ပြစ်မှုဆိုင်ရာပြစ်မှုများကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်ရန်ကိုလည်းကောင်း၊ စစ်ခုံရုံးက ချမှတ်တဲ့ ဆုံးဖြတ်ချက်များဟာ အပြီးအပြတ်ဖြစ်စေရမည်ဖြစ်ပြီးတော့ သေဒဏ် ဒါမှမဟုတ် တစ်သက်တစ်ကျွန်းဒဏ် စီရင်ခဲ့ပါက ထိုသို့ စီရင်ခြင်းဟာ သက်ဆိုင်ရာ စစ်တိုင်းမှူး၏ အတည်ပြုချက် ရရှိမှသာ အတည်ဖြစ်သည်ကိုလည်းကောင်း ဖော်ပြထားပါတယ်။ စစ်ခုံရုံးက ချမှတ်တဲ့ အမိန့်များ နှင့်စပ်လျဉ်းပြီးတော့ ထောင်ဒဏ်သုံးနှစ်စီရင်ပါက ရက်ပေါင်း ၃၀ အတွင်းမှာ သက်ဆိုင်ရာ စစ်တိုင်းမှူးထံ ပြင်ဆင်မှုတင်သွင်းနိုင်ခြင်းရှိကြောင်းကိုလည်းကောင်း၊ သေဒဏ်သို့မဟုတ် တစ်သက် တစ်ကျွန်းဒဏ် သို့မဟုတ် ၃ နှစ်ထက်ကျော်သော ပြစ်ဒဏ်ကို စီရင်ပါက ရက်ပေါင်း ၃၀ အတွင်း ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ထံ ပြင်ဆင်မှုတင်သွင်းနိုင်ကြောင်းကိုလည်းကောင်း အဆိုပါအမိန့်မှာ ကုစားခွင့်အခွင့်အရေးအနေနဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တာဝန်ယူတဲ့အချိန်မှာ တည်ဆဲဥပဒေများကို ဖောက်ဖျက်တဲ့၊ ကျူးလွန်တဲ့ အမှု များကို စစ်ဆေးစီရင်တဲ့နေရာမှာ တပ်မတော်မှအရာရှိများနှင့် ဖွဲ့စည်းထားတဲ့ စစ်ခုံရုံးများဖြင့် စစ်ဆေး စီရင်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်ခုံရုံးနှင့် စစ်ဆေးစီရင်ခဲ့တဲ့ အမှုပေါင်း ၃၁၄ မှု ရှိပါကြောင်း တင်ပြအပ်ပါ တယ်။ စစ်ခုံရုံးနှင့်စစ်ဆေးတဲ့နေရာမှာ အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ နောက် စစ်ခုံရုံးများကို ဖွဲ့စည်းခဲ့တဲ့ကာလဟာ ၁၉၈၉ ခုနှစ်ကဖြစ်ပြီးတော့ ယခုအခါ နှစ်ပေါင်း ၂၀ ကျော်လွန် လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီကြားထဲအတောအတွင်းမှာလည်း နိုင်ငံတော်ကနေပြီးတော့ နိုင်ငံတော်အစိုးရ က ပြစ်ဒဏ်ကျခံနေရသူများကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁)အရ လွတ်ငြိမ်းချမ်းသာခွင့်ကို အကြိမ်ကြိမ်ပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ပေါင်းများစွာက စီရင် စစ်ဆေးခဲ့တဲ့ စစ်ခုံရုံးနှင့်ပတ်သက်ပြီးတော့ ချမှတ်ခဲ့တဲ့အမိန့်များအပေါ်မှာ အခုအခါ ပြန်လည်သုံးသပ် ရန် အကြောင်းမရှိတော့ပါကြောင်း ပထမအပိုင်းအနေနဲ့ ဖြေကြားအပ်ပါတယ်။
ဆက်လက်ပြီးတော့ အထူးတရားရုံးများနှင့်ပတ်သက်ပြီးတော့ ဖြေဆိုသွားမှာ ဖြစ်ပါတယ်။ ဥပဒေအရ ကန့်သတ်ထားချက်မှ အပ ပြည်သူ့ရှေ့မှောက်မှာ တရားစီရင်ခြင်းဆိုတဲ့ တရားစီရင်ရေးမူတစ်ရပ်ကို ၁၉၈၈ ခုနှစ် တရားစီရင်ရေးဥပဒေမှာလည်းကောင်း၊ ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေနှင့် တည်ဆဲပြည်ထောင်စုတရားစီရင်ရေးဥပဒေတို့မှာလည်းကောင်း ပြဋ္ဌာန်း ထားပါတယ်။ ပြဋ္ဌာန်းထားပြီး တရားရုံးများက ယင်းအမှုများနှင့်အညီ ပြည်သူများရှေ့မှောက်မှာ တရားစီရင်ကြပါတယ်။ သို့သော်လည်း ယခင်အစိုးရလက်ထက်က အမှုအချို့မှာ အမှုသည်များ၊ သက်သေများ၊ သက်သေခံပစ္စည်းများကို လျင်မြန်စွာတင်ပို့နိုင်ခြင်းဖြင့် တရားရုံးများက မှန်ကန်မြန်ဆန် စွာနဲ့ စစ်ဆေးစီရင်ရာ၌ အထောက်အကူဖြစ်စေရန်အတွက်လည်းကောင်း၊ အမှုသည်များ၊ သက်သေ များ၊ တရားခံများ၏ လုံခြုံရေးအတွက်လည်းကောင်း အင်းစိန်အကျဉ်းထောင်ရဲ့ အပြင်ဘက်မှာရှိတဲ့ အကျဉ်းဦးစီးဌာန ဝင်းအတွင်းမှာရှိတဲ့ အဆောက်အအုံမှာ တရားရုံးထိုင်ဖွင့်လှစ်ပြီးတော့ စစ်ဆေးခဲ့တာ များရှိခဲ့ပါတယ်။ အခြားနေရာများမှာလည်း အထူးရုံးများနှင့် စစ်ဆေးခဲ့တဲ့အမှုများရှိခဲ့ပါတယ်။
အထူးတရားရုံးနှင့် စစ်ဆေးစီရင်ခဲ့တဲ့ အမှုများနှင့်ပတ်သက်ပြီးတော့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေနဲ့ အမှုများကို ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးပြီးတော့ ပထမဦးစွာ ရှေ့နေချုပ်ရုံးကို ဥပဒေထင်မြင်ချက်အကြံဉာဏ်များ တောင်းခံပါတယ်။ ရှေ့နေချုပ်ရုံးရဲ့ ဥပဒေအကြံပြုချက်၊ ဥပဒေ ပုဒ်မများနှင့်အညီ အမှုကို ခိုင်လုံစွာတည်ဆောက်ပြီးတော့ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တရားစွဲဆို တင်ပို့ခြင်း ဖြစ်ပါတယ်။ တရားစွဲဆိုတင်ပို့တဲ့နေရာမှာ တရားစီရင်မှု လုံခြုံချောမွေ့စေရေး၊ အမှုများ ကြန့်ကြာမှုမရှိဘဲ လျင်မြန်စွာစစ်ဆေးနိုင်ရေးတို့အတွက် တရားရုံးချုပ်ကဖွဲ့စည်းပေးတဲ့ အထူးတရားရုံး များကို တရားစွဲတင်ပို့တာမျိုးရှိပါတယ်။ အထူးတရားရုံးများကို တရားစွဲတင်ပို့တဲ့ မည်သည့်အမှုတွင် မဆို ဥပဒေကြောင်းအရ ခုခံချေပနိုင်ရန် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၃၄၀ အရ အကျိုးဆောင် ရှေ့နေများ ငှားရမ်းလိုက်ပါဆောင်ရွက်ခွင့်ကို ပေးခဲ့ပါတယ်။ အကျိုးဆောင်ရှေ့နေများ ငှားရမ်းခွင့်ပေး ခဲ့သော်လည်းပဲ ပြစ်မှုကျူးလွန်သော တရားခံများက အကျိုးဆောင်ရှေ့နေငှားရမ်းခြင်းမပြုဘဲနှင့် မိမိ တို့ကိုယ်တိုင် ခုခံချေပတဲ့အမှုများရှိသကဲ့သို့ အကျိုးဆောင်ရှေ့နေများဖြင့် ငှားရမ်းပြီးတော့ ခုခံချေပတဲ့ အမှုများလည်း ရှိခဲ့ပါတယ်။ တရားခံများက ၎င်းတို့ကိုယ်တိုင်ခုခံချေပသည်ဖြစ်စေ၊ အကျိုးဆောင် ရှေ့နေငှားရမ်းချေပသည်ဖြစ်စေ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ၊ လုပ်ထုံးလုပ်နည်း တို့နှင့်အညီ တရားလိုသက်သေကို စစ်ဆေးနေစဉ် အပြန်အလှန်မေးမြန်းခြင်း၊ ပြန်လည်မေးမြန်းခြင်း၊ စွပ်စွဲခံရသူများအတွက် ဥပဒေနှင့်အညီ ခုခံချေပခွင့်ပေးခြင်းများကို အထူးတရားရုံးများက ခွင့်ပြုခဲ့ကြ ပါတယ်။ အထူးတရားရုံးများဆိုတာ အထူးတရားရုံးများ ရုံးထိုင်စစ်ဆေးခြင်းဟာ မူလရုံးထိုင်စစ် ဆေးရာနေရာဒေသမှ နေရာပြောင်းရွှေ့စစ်ဆေးခြင်းသာဖြစ်ပြီးတော့ စစ်ဆေးတာကတော့ ပုံမှန်အမှု စစ်ဆေးခြင်းအတိုင်းပဲ ဥပဒေနှင့်အညီ ရပိုင်ခွင့်ရှိတဲ့အခွင့်အရေးများအားလုံးကို ဥပဒေနှင့်အညီ ပေးခဲ့ပါကြောင်း တင်ပြပါတယ်။
အထူးတရားရုံးနှင့်စစ်ဆေးတဲ့ အမှုများမှာ အမှုသည်များ၊ တရားခံများအား ဥပဒေ၏ အကာအကွယ်ကို တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးပြီး အမှုသည်များ၊ တရားခံများဟာ ရှေ့နေရှေ့ရပ်ငှားရမ်းခွင့် ရှိကြပါတယ်။ တရားခံများက ၎င်းတို့ဆန္ဒအရ ရှေ့နေရှေ့ရပ်မငှားရမ်းတဲ့ အမှုများ သာရှိတဲ့အတွက် အထူးတရားရုံးများတွင် ရှေ့နေရှေ့ရပ်ငှားရမ်းခွင့်မရှိဘဲ ချမှတ်သည့်အမိန့်များ မရှိ ပါကြောင်း မေးခွန်း (က)နှင့်စပ်လျဉ်း၍ ဖြေကြားပါတယ်။ ဆက်လက်ပြီးတော့ အထူးတရားရုံးတွင် စစ်ဆေးစီရင်ခဲ့တဲ့ ပြစ်ဒဏ်စီရင်တဲ့ အမှုများမှာလည်း ပြစ်ဒဏ်ကျခံရသူများအနေနဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၇၊ ၄၀၈၊ ၄၁၀ တို့အရ အယူခံတင်သွင်းနိုင်ပြီးတော့ တရားရုံးအဆင့်ဆင့်ကို အယူခံတင်သွင်းခဲ့ကြတာလည်း တွေ့ရှိရပါတယ်။ နိုင်ငံတော်အစိုးရကလည်း ပြစ်ဒဏ်ကျခံနေရသူများ ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာတွေကိုလည်း ရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် တရားခံများအနေနဲ့ ဥပဒေနှင့်အညီ ရရှိပိုင်ခွင့်ရှိတဲ့ အခွင့်အရေးများကို ရရှိခံစားခွင့်ပေးပြီးဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ဒါကြောင့် စစ်ခုံရုံးနှင့် အထူးတရားရုံးများက ရှေ့နေရှေ့ရပ်ငှားရမ်းခွင့်မရှိဘဲ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ကိစ္စရပ်များအပေါ် ဥပဒေနှင့်အညီ ပြန်လည် သုံးသပ်ပြီးတော့ နစ်နာဆုံးရှုံးခဲ့သော နိုင်ငံသားများ၏ အခွင့်အရေးကို မည်သို့ရရှိခံစားနိုင်ခွင့်ပေးရေး အစီအစဉ်ရှိ၊ မရှိဆိုတဲ့ မေးခွန်းနှင့်ပတ်သက်ပြီး ဖြေဆိုခဲ့တဲ့အတိုင်းပဲ အထူးတရားရုံးများမှာ ရှေ့နေ ရှေ့ရပ်ငှားရမ်းခွင့်မရှိဘဲ ချမှတ်ခဲ့တဲ့အမိန့်များ မရှိတဲ့အတွက် ပြန်လည်သုံးသပ်ပေးရန် အစီအစဉ် မရှိပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စစ်ခုံရုံးကချတဲ့အမှုတွေမှာ အကျဉ်းနည်းနဲ့ ချတဲ့အမှုတွေမှာ လက်ကျန် ဘယ်လောက်ရှိသလဲတော့ ဖော်ပြထားခြင်းမရှိပါဘူး။ သို့သော် အခုပြည်ထောင်စုတရားသူကြီး ဖြေတဲ့ အထဲမှာ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် ညှိနှိုင်းပြီးတော့ ဖြေတာဖြစ်တဲ့အတွက် စစ်ခုံရုံးကချခဲ့တဲ့၊ ကျန်ခဲ့ တဲ့အကျဉ်းသားတွေကို ခုနပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ လက်ကျန်များကို ကျင့်ထုံးပုဒ်မ ၄၀၁ အရ ပြစ်ဒဏ်ကနေလွတ်ငြိမ်းခွင့်ပြုဖို့ရှိပါသလား။ နောက်ဒုတိယမေးခွန်းကတော့ အထူးရုံးတွေမှာ ရှေ့နေ ငှားခွင့်ပေးပါတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် သင်ခန်းစာအနေနဲ့ ပြောတာပါ။ အခု မရမ်းကုန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်အမှုမှာ ရှေ့နေအဖြစ်လိုက်ပါခွင့် ကြိုးစား ခဲ့ပါတယ်။ သို့သော်မူလရုံးမှာ ကျွန်တော်မရခဲ့ပါဘူး။ ဒါက နမူနာလေးတစ်ခုပါ။ ကျွန်တော့်ကိုယ်တွေ့။ အခုလည်း ကျွန်တော့်ကို မြစ်ကြီးနားအကျဉ်းထောင်ကနေ အကျဉ်းသားထောင်ဝင်အမှတ် အစ-၀၅၀၈၉၈၉ ဦးရဲမင်း မြစ်ကြီးနားအကျဉ်းထောင်မှာ သူ့ဇနီးကနေ ရှေ့နေငှားခွင့်မရဘဲနှင့် ထောင်ဒဏ် နှစ် ၄၀ ကျော် ပြစ်မှုတိုင်းကို အမြင့်ဆုံးချမှတ်ခဲ့တယ်။ အသနားခံမှသာ အနှစ် ၂၀ ပဲရှိတယ်။ အခု အချိန်ထိ ထောင်ထဲမှာ ၇ နှစ် ၈ လ နေပြီးတော့ ဦးရဲမင်းရဲ့ ဒုက္ခတွေကို သူ့ဇနီးကတင်ပြလာပါတယ်။ အဲ့ဒီလိုအကျဉ်းသားမျိုးတွေကို ငှားရမ်းခွင့်မရှိခဲ့ကြောင်း အထောက်အထားရှိတဲ့အတွက် အဲ့ဒီလို အမှုမျိုးတွေကို တရားရုံးချုပ်က တရားစီရင်ရေးဥပဒေပုဒ်မ ၂၀ အရ အရေးယူလောက်တဲ့ပြဿနာ အဖြစ် ပြန်လည်ကြားနာဖို့ အစီအစဉ်ရှိပါသလား။ သို့မဟုတ်လို့ရှိရင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အရ ဒီလိုရှေ့နေရှေ့ရပ်မပါဘဲနဲ့ ခံခဲ့ရတဲ့သူတွေကို ရှေ့နေငှားနိုင်ပါတယ်။ အင်မတန်လည်း ရှေ့နေငှားဖို့ ကြိုးစားခဲ့တဲ့သူတွေပါ။ အဲ့ဒီလို တရားမမျှတဘဲနှင့် စီရင်ခြင်းခံရတဲ့ သူတွေရဲ့ ကြေကွဲစရာ အဖြစ်ဆိုးတွေကို နိဂုံးချုပ်နိုင်ဖို့အတွက် ပြည်ထောင်စုတရားရုံးတွေနဲ့ အထူးအရေးယူလောက်တဲ့ ပြဿနာသော်လည်းကောင်း၊ ပြည်ထဲရေး၊ ကာကွယ်ရေးနှင့်ညှိနှိုင်းပြီးတော့ နိုင်ငံတော်သမ္မတဆီအထိ ပြစ်ဒဏ်သက်ညှာခွင့်ရရန် ဆောင်ရွက်ပေးနိုင်မည်လား။ ဒါဟာ ကျွန်တော်မေးရင်းနဲ့ တစ်ဆက်တည်း မှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးသည် အမျိုးသားလုံခြုံရေးကောင်စီမှာပါတဲ့အတွက် အဲ့ဒီလို အကျဉ်းသမားတွေရဲ့ မိသားစုဘဝကို ဥက္ကဋ္ဌကြီးသိရှိဖို့ ကျွန်တော့်ဆီ ရောက်နေတဲ့ စာတွေကိုလည်း ဥက္ကဋ္ဌကြီးဆီပေးပို့မှာပါ။ ဒါတွေကို ကျွန်တော်တို့ လွှတ်တော်ကနေ ပြီးခဲ့တဲ့အချိန်ကို အပြစ်မတင် ပါဘူး။ လူ့အခွင့်အရေးတကယ်နစ်နာဆုံးရှုံးတဲ့သူတွေကို ကုစားပေးခြင်းအားဖြင့် ကျန်ရစ်သူမိသားစုရဲ့ မျက်ရည်တွေကို သုတ်ပေးနိုင်ရင် လွှတ်တော်ရဲ့အပေါ်မှာ ပြည်သူလူထု အားကိုးမှုအများကြီးရမှာ ဖြစ်တဲ့အတွက် အခုလို ဆက်စပ်မေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွန့်
နိုင်ငံများဟာ အရေးပေါ်ကာလ အခက်အခဲအခြေအနေဖြစ်ပေါ်လာတဲ့အချိန်အခါမျိုးမှာ ၎င်းတို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာဖြစ်စေ၊ အခြားသီးခြားဥပဒေများမှာဖြစ်စေ ဒီအခက်အခဲနှင့်ပတ်သက်ပြီးတော့ စစ်ခုံရုံးနှင့် စစ်ဆေးစီရင်ပိုင်ခွင့်တွေကို ရေးဆွဲပြဋ္ဌာန်းထားတာ တွေ့ရှိရပါတယ်။ အရေးပေါ်ကာလအခြေအနေကို State of Emergency, State of Exception, State of Alarm, State of Cease, State of Martial Law ဆိုပြီးတော့ နိုင်ငံများမှာ ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရပါတယ်။ အဲ့ဒီအတိုင်းပဲ အသုံးအနှုန်းတူညီခြင်းမရှိပေမယ်လို့ အရေးပေါ်အခြေအနေတစ်ရပ် ပေါ်ပေါက်လာ လို့ရှိရင် ဒီနိုင်ငံများဟာ ယင်းအခြေအနေကို ကျော်လွားနိုင်ရန်အတွက် ဖမ်းဆီးထိန်းသိမ်းတာတို့၊ စစ်ခုံရုံးနှင့်စစ်ဆေးတာတို့နှင့်စပ်လျဉ်းတဲ့အထူးအာဏာကို အပ်နှင်းထားတာကိုလည်းကောင်း တွေ့ရှိရ ပါတယ်။ ဒါကြောင့် နိုင်ငံသားများရဲ့ အခွင့်အရေးများကို အဲ့ဒီလို ကန့်သတ်ထားတာမျိုးကိုလည်း ပြန်ပြီးတော့ အဲ့လိုအချိန်အခါမျိုးမှာလည်း ရှေ့တော်သွင်းစာချွန်တော် လျှောက်ထားခြင်းကိုပင်လျှင် ရပ်ဆိုင်းထားတာမျိုးလည်း တွေ့ရပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ အရေးပေါ်အခြေအနေကြုံတွေ့ရတဲ့ အခါကာလမှာ ယင်းနိုင်ငံရဲ့ တည်ငြိမ်ရေးနှင့်အေးချမ်းသာယာရေးအတွက် စစ်တရားရုံးတွေ၊ အထူးတရားရုံးတွေနဲ့အမှုများကို စစ်ဆေးစီရင်ရတဲ့ ဖြစ်စဉ်များ ရှိခဲ့ပါတယ်။ ဥပမာ သာဓကအားဖြင့် အမေရိကန်နိုင်ငံမှာဆိုရင်လည်း ပြည်တွင်းစစ်ကာလမှာ နိုင်ငံတည်ငြိမ်ရေးအတွက် စစ်တရားရုံး များနှင့် လည်းကောင်း၊ ပါကစ္စတန်နိုင်ငံမှာဆိုရင်လည်း စစ်အုပ်ချုပ်ရေးကာလအတွင်းမှာ စစ်အုပ်ချုပ် ရေးနှင့် လည်းကောင်း တရားစီရင်ခဲ့တာ တွေ့ရပါတယ်။ ထိုနည်းတူ အီဂျစ်နိုင်ငံမှာလည်း အရေးပေါ် အခြေအနေကာလဆိုပြီးတော့ Emergency Law နဲ့ကျင့်သုံးဆောင်ရွက်တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ၁၉၈၉ အခြေအနေများအရ အရေးပေါ်အခြေအနေများမှာ စစ်တရားရုံးများနှင့် ဖွဲ့စည်းတည်ထောင်ပြီးတော့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် ပထမရှင်းလင်း တင်ပြခဲ့တဲ့ အတိုင်းပဲ ၁၉၈၉ ကစပြီးတော့ ယခုအချိန်အတွင်းမှာ ကျွန်တော်တို့ လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ် ပေးခဲ့ကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဆက်စပ်မေးခွန်းနှင့်စပ်လျဉ်းပြီးတော့ နောက်ထပ် လွတ်ငြိမ်း ချမ်းသာခွင့်ပြုဖို့ အစီအစဉ်ရှိပါသလားဆိုတဲ့ မေးခွန်းနှင့်ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ ဖြေကြားနိုင်ခြင်းမရှိပါကြောင်း ရိုးသားစွာတင်ပြအပ်ပါတယ်။ ဒုတိယဆက်စပ်မေးခွန်းနှင့် ပတ်သက် ပြီးတော့ အထူးတရားရုံးများမှာ ရှေ့နေငှားရမ်းခွင့်ပြုတယ်ဆိုသော်လည်းပဲ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ခွင့်မရဘူးဆိုတဲ့ လက်တွေ့သာဓကတွေရှိခဲ့ကြောင်း တင်ပြတာရှိပါတယ်။ ဒါနှင့်ပတ်သက် လို့ တင်ပြရမယ်ဆိုရင် တရားရုံးများအနေနဲ့ကတော့ ဥပဒေမှာပါတဲ့ အခွင့်အရေးအားလုံးကို တရားခံ များ ပြည့်ဝစွာရရှိအောင်အတွက် ဆောင်ရွက်ပေးတာရှိပါတယ်။ ဒီလိုရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ခွင့်မရတာဟာ တရားရုံးများက တားဆီးထားတာမဟုတ်ဘဲနှင့် ပေးထားတဲ့အခွင့်အရေးကို တရားခံများက ရယူဖို့ဆောင်ရွက်တဲ့နေရာမှာ လိုအပ်တာများရှိကောင်းရှိနိုင်ပါတယ်။ ဥပဒေအရ ပေးတဲ့အခွင့်အရေးကို ရရှိအောင်ကြိုးစားဖို့ကတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲ တရားခံများအနေနဲ့ ကြိုးစားဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ အကျိုးဆောင်များငှားရမ်းပေးတဲ့ကိစ္စနှင့်ပတ်သက်လို့ကတော့ တရားရုံးများအနေနဲ့ကတော့ သေဒဏ်ထိုက်တဲ့အမှုများမှာသာလျှင် နိုင်ငံတော်အစိုးရရဲ့ စရိတ်နှင့် တရားခံအတွက် အကျိုးဆောင်များငှားရမ်းပေးခြင်းရှိပါတယ်။ ကျန်တဲ့အမှုများမှာတော့ တရားခံများ ဟာ မိမိတို့ကိုယ်တိုင်ပဲ အကျိုးဆောင်ကို ငှားရမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အကျိုးဆောင်ရရှိအောင်အတွက် ဆောင်ရွက်ဖို့ကတော့ တရားခံများရဲ့တာဝန်သာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ဆက်လက်ပြီးတော့ တင်ပြရမယ်ဆိုရင် အဲ့ဒီလို အကယ်၍များ တရားရုံးက အကျိုးဆောင်ငှားရမ်းခွင့်၊ လိုက်ပါဆောင်ရွက်ခွင့်မပေးခဲ့ဘူးဆိုရင်လည်း အဲ့ဒီအချိန်မှာကတည်းက တရားရုံးကိုတင်ပြနိုင်ပါတယ်။ တရားရုံးကို တင်ပြပြီးတော့ အကျိုးဆောင်ငှားရမ်းဖို့အခက်အခဲတွေ ရှိနေတဲ့အကြောင်း တင်ပြလျှောက်ထားမယ်ဆိုရင် ထိုအချိန်က တရားရုံးများက လိုအပ်တဲ့ ကူညီပံ့ပိုးမှု များကို ဆောင်ရွက်ပေးဖို့ရှိပါကြောင်း တင်ပြအပ်ပါတယ်။ ဆက်လက်ပြီးတော့ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အမှုတွေ အထူးအယူခံခွင့်ရှိပါသလားဆိုတဲ့မေးခွန်းနှင့်ဆက်စပ်ဖြေရမယ်ဆိုရင် အထူးအယူခံခွင့်အတွက်ကတော့ တရားရုံးတစ်ရုံးက ချမှတ်ထားတဲ့ အမိန့်တစ်ရပ်ရပ်အပေါ်မှာ အထူး အယူခံခွင့်ရှိတဲ့အကြောင်းကို ပြည်ထောင်စုတရားစီရင်ရေးဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် စည်းကမ်းသတ်ကာလအတွင်း ကျရောက်မယ်ဆိုရင် အထူးအယူခံခွင့်တင်နိုင်ရန်အတွက် ပြည့်စုံရမယ့် အချက်အလက်များနှင့်ပြည့်စုံမယ်ဆိုလို့ရှိရင်တော့ အထူးအယူခံခွင့် တင်ပြခြင်းကို တင်ပြဆောင်ရွက် နိုင်ပါကြောင်း တရားရုံးက ဥပဒေနှင့်အညီ စဉ်းစားသုံးသပ်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
