၎င်းလမ်းပိုင်း သည် အရှည် ၆၈ မိုင်ခန့်ရှိပြီး အေးရှားဝေါလ်ကုမ္ပဏီမှ တာဝန်ယူလုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လမ်းပိုင်းဖြစ်ကြောင်း သိရှိရပါတယ်။ သိန္နီမြို့မှ နမ့်ဆလပ်ရွာအထိ လမ်းပိုင်းသည် အတော်အသင့် ကောင်းမွန်သော်လည်း ကျန်တဲ့လမ်းပိုင်းမှာ တောတောင်ထူထပ်၍လည်းကောင်း၊ သဲသောင်များ မကြာခဏပြိုကျ၍လည်းကောင်း၊ အေးရှားဝေါလ်ကုမ္ပဏီသည် အခက်အခဲများကြားမှ အနစ်နာခံပြီး ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုပါလမ်းကြောင်းသည် ကျွန်တော်တို့ “ဝ”ဒေသ၊ ကိုးကန့်ဒေသနှင့် ကွမ်းလုံခရိုင်တို့၏ အဓိကအသက်သွေးကြောလမ်းကြောင်းဖြစ်တဲ့အပြင် တရုတ်ပြည်နဲ့လည်း အရေးပါသော ကုန်သွယ်ရေးလမ်းကြောင်းတစ်ကြောင်း ဖြစ်ပါတယ်။ သို့ရာတွင် နမ့်ဆလပ်ရွာနဲ့ ကွမ်းလုံမြို့အကြား လမ်းပိုင်းသည် သဲတောင်များကိုဖြတ်၍ လမ်းဖောက်လုပ်ထားသောကြောင့် မိုးရာသီတွင် သဲတောင်များပြိုကျ၍ လမ်းပိတ်ဆို့မှုများမကြာခဏကြုံတွေ့နေရပါတယ်။ တောတောင် ထူထပ်၍ လမ်းအကွေ့အကောက်များတဲ့အတွက် ကားတိုက်မှု၊ ကားတိမ်းမှောက်မှုလည်း ကြုံတွေ့နေရ ပါတယ်။ သို့ဖြစ်ပါ၍ ၎င်းအခက်အခဲများကို ကျော်လွှားနိုင်ရန် သိန္နီမြို့မှ ချင်းရွှေဟော်မြို့အထိ ဆက်သွယ်ထားသောလမ်းပိုင်းကို လမ်းအကျယ်ချဲ့ပြီး ပိုမိုကောင်းမွန်သော အဆင့်မြင့်လမ်းအဖြစ် နိုင်ငံတော်အစိုးရမှ ပြုလုပ်ပေးနိုင်မည့်အစီအစဉ်ရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ သိန္နီမြို့မှချင်းရွှေဟော်မြို့ကို ဆက်သွယ်ထားသော လမ်းပိုင်းဟာ ၆၆ မိုင်ရှိပါတယ်။ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းအပိုင်းကို ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင်ကုမ္ပဏီဖြစ်တဲ့ အေးရှားဝေါလ် ကုမ္ပဏီကနေပြီးတော့ ၁၉၉၉ ခုနှစ်၊ ဇူလိုင်(၉)ရက်နေ့မှစတင်ပြီး B.O.Tစနစ်နဲ့ ဆောင်ရွက်လျက်ရှိပါ တယ်။ လမ်းအမျိုးအစား ကတော့ ကတ္တရာလမ်းအဆင့်ဖြစ်ပါတယ်။ အေးရှားဝေါလ်ကုမ္ပဏီနဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းမှာ မိုင်တိုင် ၃၅/၀ နဲ့ မိုင်တိုင် ၄၀/၀ မှာရှိတဲ့ မူလသစ်သား တံတား နှစ်စင်းကို ၆၀ တန်ခံနိုင်သော အရှည် ၃၅ ပေ၊ အကျယ် ၂၄ ပေရှိတဲ့ သံကူကွန်ကရစ်တံတား အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ပါတယ်။ နားတီးရွာအထွက်မှာရှိတဲ့ ၂၉/၀ မိုင်နဲ့ ၃၀/၀ တို့မှာရှိတဲ့ ၁၀၀ ပေအရှည်နဲ့ ၅၀ ပေအရှည်ရှိတဲ့ ဘေလီတံတားနှစ်စင်းကိုလည်း ရေလယ်တိုင်နဲ့ ကမ်းကပ်ခုံ အသစ်များ ပြန်လည်တည်ဆောက်ပေးခဲ့ပါတယ်။
သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းမှာ မိုင်တိုင် ၃၅/၀ မိုင်၊ ၃၈/၀ မိုင်၊ ၃၉/၀ မိုင်နဲ့ ၄၂/၀ မိုင် နေရာမှာရှိတဲ့ လမ်းကွေ့ကျဉ်းတဲ့ နေရာများကိုလည်း တောင်နံရံများချဲ့ပြီးတော့ ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ ကျန်လမ်းကျဉ်းတဲ့ အပိုင်းများကိုလည်း လမ်းတာဘောင်ချဲ့ခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လမ်းပေါက်များအား ကြိုတင်ရောကျောက်ကတ္တရာဖြင့် ဖာထေးခြင်း၊ ကတ္တရာထပ်ပိုးလွှာတင်ခင်းခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သိန္နီ-ကွမ်းလုံလမ်း အပိုင်း မိုင်တိုင် ၄၁/၀ မိုင်နဲ့ မိုင်တိုင် ၄၆/၀ မိုင်အတွင်းမှာရှိတဲ့ သဲတောင်ကိုလည်း နှစ်စဉ်ပြိုကျလေ့ရှိ တဲ့အတွက် လမ်းပိတ်ဆို့မှုမဖြစ်ရန်အတွက် ြမေထိုးစက်တစ်စီး အသင့်ထားရှိပြီးတော့ အေးရှားဝေါလ် ကုမ္ပဏီကနေပြီးတော့ လမ်းပြင်ဆင်ရေးအဖွဲ့များနဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၎င်းလမ်းအပိုင်းမှာ တရုတ်ကျွမ်းကျင်ပညာရှင်များဖြင့်ပြုပြင်ပြီး နည်းလမ်းရှာရန်အတွက် အေးရှားဝေါလ်ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိပါတယ်။ ယခုလည်း တရုတ်ကျွမ်းကျင်ပညာရှင်များ ရောက်ရှိလေ့လာပြီး ပြန်သွားကြပြီဖြစ်ပါတယ်။ အရေးပေါ်လမ်းအသုံးပြုရန်အတွက်လည်း ၃၁/၀ မိုင်ကနေပြီး ၄၆/၀ မိုင်အကြား နားတီး၊ အထက်ပန်ဝမ်၊ နမ့်လောက်၊ ကာမိုင်း၊ မြင်းစီပါး၊ ဖာဆန်၊ သဲတောင် ရှောင်ကွင်း လမ်း၂၇မိုင် ၄ဖာလုံကိုလည်း ဖောက်လုပ်ပေးပြီး ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းအပိုင်းအား အေးရှားဝေါလ် ကုမ္ပဏီမှ B.O.Tစနစ်ဖြင့် လမ်း၊ တံတား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါ တယ်။ သိန္နီမြို့မှ ချင်းရွှေဟော်မြို့အထိ လမ်းအပိုင်းများကို လမ်းအကျယ်ချဲ့ပြီး ပိုမိုကောင်းမွန် သော အဆင့်မြင့်လမ်းဖြစ်ရန်အတွက် အင်ဂျင်နီယာဝန်ထမ်းကိုးဦး၊ လုပ်သားအင်အား ၉၀ဦး၊ လမ်းပြင်ဆင် ထိန်းသိမ်းခြင်း အဖွဲ့ခြောက်ဖွဲ့၊ စက်ယန္တရားအင်အား ၁၄ စီးဖြင့် အေးရှားဝေါလ်ကုမ္ပဏီမှ ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားပါသည်။
