(က)-မိုင်းဖြတ်မြို့တွင် ဒေသခံပြည်သူများကိုအလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၂၈-၉-၂၀၁၁)

မိုင်းဖြတ်မြို့သည် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သွားရာ ပြည်ထောင်စုလမ်းမကြီး၏အလယ်ဗဟိုတွင် တည်ရှိသောခရိုင်မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် လက်လုပ်လက်စားဦးရေမှာ မြို့နယ် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ရှိပါတယ်။ ပထဝီဝင်အနေအထားအရ လယ်ယာများကိုသာအားထားရ ပြီးလုပ်ကိုင်စားသောက်ရတဲ့အတွက် စီးပွားရေးလုပ်ငန်းအထိုက် အလျောက်လေးသာ အဆင်ပြေမှုရှိ ခဲ့ပါတယ်။

မိုင်းဖြတ်မြို့ရဲ့ တောတောင်သဘာဝရေမြေကပေးတဲ့ အနေ အထားမှာ ပြည်သူလူထုမဆောင်ရွက်နိုင်တဲ့ ဓာတ်သတ္တုများ၊ ကျောက်မီးသွေးများ၊ အဖိုးတန်ရွှေများ၊ သစ်လုပ်ငန်းများအများအပြားရှိပါတယ်။ ဖော်ပြပါလုပ်ငန်းများကို ပြင်ပကုမ္ပဏီကြီး ၅ ခုမှ စက်ယန္တရားကြီးများဖြင့် တရားဝင်အပြိုင်အဆိုင်ဝင်ရောက်လုပ်ကိုင်လျက်ရှိပါတယ်။ ဒေသခံပြည်သူ များအနေနဲ့ ၎င်းတို့ရဲ့ကုမ္ပဏီအလုပ်အကိုင်များ လုပ်ကိုင်ခွင့်အခွင့်အလမ်းများမရရှိခဲ့ပါ။ သဘာဝ တောတောင်ရေမြေပတ်ဝန်းကျင်များ နေ့စဉ်နဲ့အမျှထိခိုက်နေပါတယ်။ နောင်တွင် ရာသီဥတု အပြောင်းအလဲများပါ ကြုံလာနိုင်ဖွယ်ရာရှိပါတယ်။ သို့ဖြစ်ပါ၍ အဆိုပါ ယနေ့ ဒီအချိန်၊ ဒီကာလမှာ ယထာဘူတကျတဲ့ဖြစ်စဉ်များကို ရေရှည်နောင်လာနောင်သားများအထိ မည်ကဲ့သို့ထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်း၊ စောင့်ရှောက်ခြင်းအစီအမံများရှိ၊ မရှိနှင့်လုပ်ငန်းရှင်ကုမ္ပဏီကြီးများရဲ့အကျိုး၊ ဒေသခံ ပြည်သူများရဲ့အကျိုးသဟဇာတဖြစ်အောင် မည်ကဲ့သို့စီမံဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်
အဖြေ

အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အလုပ်အကိုင်နဲ့ အလုပ်သမားရှာဖွေရေးရုံးများဖွင့်လှစ်ပြီးတော့ အလုပ်ရှာဖွေသူများကို ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်များ၊ အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာဆိုလို့ရှိရင် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများကို ကျိုင်းတုံနဲ့တာချီလိတ် မြို့နယ်တို့မှာဖွင့်လှစ်ထားလျက်ရှိပါတယ်။ မိုင်းဖြတ်မြို့နယ်ရဲ့ အလုပ်သမားရေးရာကိစ္စတွေကိုတော့ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး၊ ကျိုင်းတုံခရိုင်ရုံးကနေပြီးတော့မှ တာဝန်ယူဆောင်ရွက် ပေးလျက်ရှိပါတယ်။ မိုင်းဖြတ်မြို့နယ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းအား သတ္တုတွင်းဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရယူပြီးတော့ ဆောင်ရွက်နေတဲ့ကုမ္ပဏီ ၄ ခု ရှိပါတယ်။ အဲ့ဒီ ကုမ္ပဏီများအနက် ဝမ်ဆားလို့ ဒေသမှာ နွေဦးရနံ့သတ္တုတူးဖော်ရေးကုမ္ပဏီ၊ ဟူပိုးသတ္တုတူးဖော်ရေးကုမ္ပဏီ၊ မော်ဖသတ္တုတူးဖော်ရေး ကုမ္ပဏီတို့က လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြပြီး မကာဒေသမှာ ကမ္ဘောဇစက်မှုလုပ်ငန်းများကုမ္ပဏီက လုပ်ကိုင်ခွင့်သက်တမ်းတိုးလျှောက်ထားလျက် ဆောင်ရွက်ဆဲဖြစ်ကြောင်းသိရှိရပါတယ်။ သတ္တုတူး ဖော်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ရာမှာ ဒေသခံအလုပ်သမားများကို အသုံးပြုဆောင်ရွက်လျက်ရှိ ကြောင်းလည်းသိရှိရပါတယ်။ သတ္တုတွင်းလုပ်ငန်းများနဲ့ပတ်သက်ပြီးတော့ ကျွမ်းကျင်တဲ့အလုပ်သမား ဖြစ်ဖို့လိုအပ်သော်လည်းပဲ သတ္တုမိုင်းတည်ဆောက်ရေးလုပ်ငန်းတွေမှာတော့ အလုပ်ကြမ်း၊ အထွေထွေ အလုပ်သမားများလိုအပ်ပါတယ်။ လက်ရှိအနေနဲ့ နွေဦးရနံ့သတ္တုတူးဖော်ရေးကုမ္ပဏီက ဒေသတွင်းမှ အလုပ်သမား ၅၄ ဦးကိုအသုံးပြုလျက်ရှိကြောင်းသိရှိရပါတယ်။ ဟူပိုးသတ္တုတွင်းကုမ္ပဏီကတော့ ရန်ကုန်မှ ၂၁ ဦးနဲ့ ဒေသခံ ၃ ဦး၊ ပေါင်း ၂၄ ဦးရှိကြောင်းသိရှိရပါတယ်။ မော်ဖသတ္တု တူးဖော်ရေးကုမ္ပဏီကတော့ ကျိုင်းတုံနဲ့ ဒေသခံအလုပ်သမား ၃၁ ဦးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။ ဒီလုပ်ငန်းတွေမှာ ဆောင်ရွက်တဲ့အလုပ်သမားများကို မြန်မာအလုပ်သမားများသာ ခန့်ထားဖို့အတွက် သတ္တုတွင်းဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ထဲမှာလည်းပဲ ဖော်ပြထားကြောင်းသိရှိရပါ တယ်။ သစ်ထုတ်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ လွယ်မွေကုမ္ပဏီဟာ မိုင်းဖြတ်ဒေသ တည်ဆောက်ရေးလုပ်ငန်းတွေမှာ သက်ဆိုင်ရာခွင့်ပြုချက်ဖြင့် သစ်ထုတ်လုပ်ခြင်း၊ အဆောက်အဦများ တည်ဆောက်ခြင်းများ ပြုလုပ်ခဲ့တာရှိပါတယ်။ ထိုစဉ်က ဒေသခံလုပ်သား ၂၀၀ ခန့်အလုပ်ရရှိခဲ့ ကြောင်းလည်းသိရှိရပါတယ်။ ယခုအခါ ၎င်းကုမ္ပဏီဟာ ဆောက်လုပ်ရေးလုပ်ငန်းများမရှိတော့ပါ ဘူး။ သို့ပါသော်လည်းပဲ ရာဘာစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ရှိတဲ့အတွက် ဒေသခံအလုပ် သမား ၂၀၀ ခန့်ငှားရမ်းလုပ်ကိုင်ရန်ရှိကြောင်းလည်းသိရှိရပါတယ်။ ယခုအခါ မြန်မာ့သစ်လုပ်ငန်းက ၂၀၁၁-၂၀၁၂ ခုနှစ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်မှာ သစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိတော့ဘဲ မိုင်းဆတ်မြို့နယ်၊ မိုင်းပုကြီးကြိုးဝိုင်း၊ မိုင်းပုကြီးကြိုးပြင်၊ မိုင်းကန် ကြိုးဝိုင်း(၁)၊ မဲကင်ဂူကြိုးဝိုင်းတို့မှာ သစ်ထုတ်လုပ်ရေးကုမ္ပဏီ ၃ ခုတို့က သစ်ထုတ်လုပ်ရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိကြပြီး သစ်လုံးများအား တာချီလိတ်မြို့ သစ်ဆိပ်သို့ပို့ဆောင်သယ်ယူရေး ဆောင်ရွက်လျက်ရှိပါတယ်။ သစ်ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရာမှာ ခုတ်လှဲသည်မှ သစ်ဆိပ် ရောက်သည်အထိ စက်လွှလုပ်သား၊ ဆင်၊ စက်၊ ယာဉ်၊ ယန္တရားများဖြင့် အဆင့်ဆင့်ဆောင်ရွက်ရခြင်း ဖြစ်တဲ့အတွက် ကျွမ်းကျင်မှုလိုအပ်ပါသဖြင့် ကျွမ်းကျင်ဝန်ထမ်းများ ခန့်ထားဆောင်ရွက်လျက်ရှိ ကြောင်းလည်းသိရှိရပါတယ်။ ဒေသခံများအနေနဲ့ကတော့ တောတွင်းသစ်ကွက်များတွင် ပင်ထောင် ရှာဖွေခြင်းအတွက် တောကျွမ်းသူငှားရမ်းအသုံးပြုခြင်း၊ သစ်ဆိပ်အစောင့်၊ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်များအဖြစ်ခန့်ထားလျက်ရှိကြပြီး ကျွမ်းကျင်လာပါက ဆင်ဦးစီး၊ ယာဉ်၊ ယန္တရားမောင်း များအဖြစ် အလုပ်အကိုင်အခွင့်အလမ်းများ စီစဉ်ဆောင်ရွက်ပေးကြောင်းသိရှိရပါတယ်။ သို့ပါ၍ မိုင်းဖြတ်ဒေသအတွင်း လွယ်မွေကုမ္ပဏီမှ ရာဘာစိုက်ပျိုးရေးလုပ်ငန်းအတွက် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိမှာဖြစ်ပြီး၊ သစ်ထုတ်လုပ်ရေးလုပ်ငန်းမှာတော့ ဒေသခံများအနေနဲ့ လုပ်ငန်း လိုအပ်ချက် ကျွမ်းကျင်မှုနှင့်ကိုက်ညီလို့ရှိရင် နယ်မြေခံအလုပ်အကိုင်နဲ့ အလုပ်သမားရှာဖွေရေးရုံး များနှင့်ဆက်သွယ်ပြီး အလုပ်အကိုင်ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ဖြေကြားပါသည်။