(ဂ)-စက်သုံးဆီအရောင်းဆိုင်များ တိုးချဲ့ဖွင့်လှစ်ပေးရန်နှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၆) ရက်မြောက်နေ့ (၁၈-၁၀-၂၀၁၁)

ကျွန်တော်တို့ အခုဆိုရင် စက်မှုလက်မှုလုပ်ငန်းတွေလည်းတိုးတက်နေတယ်။ ဒီဟာတွေအတွက်  တိုးတက်အောင်လည်း ဈေးကွက်စီးပွားရေးစနစ်ကို တည်ဆောက်နေတယ်။ ဒီလိုဖြစ်နေတဲ့အခါမှာ စက်သုံးဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေနဲ့ ပုဂ္ဂလိကဆိုင်တွေ ဖွင့်ပေးပြီးတဲ့အခါကျတော့ ရောင်းချပေးနေတာတွေလည်း ရှိနေပါတယ်။ ဒါပေမယ့်လို့ စက်သုံးဆီပေးတဲ့ ဒီဇယ်ဈေးနှုန်းက ရန်ကုန်ကနေပြီးတော့ မြို့ကြီးတွေနဲ့ နယ်နဲ့ကွာဟမှု သိပ်မကွာပါဘူး။ အများဆုံးကွာရင် ၁၀၀၊ ၂၀၀။  အောက်တိန်းကလည်း ဒီအတိုင်းပါပဲ။ ဒါပေမယ့်  ဓာတ်ဆီမှာကျတော့ အစိုးရဈေးနှုန်းက ၂၅၀၀ ကျပ် တစ်ဂါလံကို နယ်တွေမှာကျတော့   ၄၂၀၀ ကျပ်၊ ၄၃၀၀ ကျပ် ဒီလိုအထိအောင်ဖြစ်ပါတယ်။ ဒီအပိုင်းမှာလည်း ပုဂ္ဂလိကဆိုင်တွေကို ကျွန်တော်တို့ ချပေးလိုက်တာ ပုဂ္ဂလိကဆိုင်အနေနဲ့လည်း ဆိုင်ကြီးတွေ နယ်တွေမှာတွေ့နေပါပြီ။ ဒါပေမယ့်လို့ တကယ်လိုအပ်တဲ့၊ သုံးစွဲသူလိုအပ်ချက် ပြည့်မီအောင် မပေးနိုင်တဲ့အပိုင်းဖြစ်နေပါတယ်။ ဒါတွေကိုလည်း နောက်ထပ် နယ်မြို့တွေမှာ ချောမွေ့စွာပေးနိုင်အောင်လို့ နောက်ထပ်ဆိုင်တွေကို လွယ်လွယ်ကူကူနဲ့ တိုးချဲ့ပြီးတော့ ပေးနိုင်မှုအတွက် ကျွန်တော်ဒီဟာကို မေးမြန်းခြင်းဖြစ်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီဆိုင်တွေ ဖွင့်ဖို့အတွက်တင်တဲ့ အခါမှာလည်း အခက်အခဲလေးတွေ တော်တော်များများတွေ့ရတယ်လို့ ဆိုပါတယ်။ ကျွန်တော် သိသလောက် ဆိုင်အနေနဲ့ကလည်း ကျွန်တော်လေ့လာလို့ရသလောက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ သူများနိုင်ငံတွေထက်စာရင် ဆိုင်ဖွင့်ပေးတဲ့ ပုဂ္ဂလိကဆိုင်အရေအတွက်က အများကြီးကို နည်းပါးသေးတာ ကျွန်တော်တွေ့ရပါတယ်။ အဲဒါကြောင့်မို့လို့ ခုကျွန်တော် ဒီမေးတဲ့မေးခွန်းက ယခုအခါမှာ ပုဂ္ဂလိကရောင်းချနေသောဓာတ်ဆီနဲ့၊ ဒီဇယ်ဆိုင်များ ပေါ်ပေါက် လာခဲ့သော်လည်း၊ ဓာတ်ဆီဝယ်ယူလိုသည့် ကားများမှာ ယခင်စနစ်ဟောင်း ကာလကဲ့သို့ ခွဲတမ်းစနစ်ဖြင့် သတ်မှတ်အရေအတွက်ကိုသာ ဝယ်ယူနေရဆဲဖြစ်နေသည်ကို တွေ့ရှိနေရပါတယ်။ ယခုအခါ နိုင်ငံတော်တွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးရန်အရှိန်ယူဆဲကာလတွင် ပုဂ္ဂလိကစွမ်းအင် အရောင်းဆိုင်များမှ ပြည်သူများအတွက် ဈေးကွက်တောင်းဆိုသည့် ဝယ်လိုအားအတိုင်း လွတ်လပ်စွာ ဝယ်ယူရရှိရန် အထူးလိုအပ်ပါတယ်။ အထူးသဖြင့် စီးပွားရေး မြို့တော်ကြီးများ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ မုံရွာနဲ့ အခြားမြို့ကြီးများတွင် စီးပွားရေးလုပ်ငန်း အခြေချလုပ်ကိုင်နေကြရာ လောင်စာဆီလိုအပ်ချက် မြင့်မားနေမည်သာဖြစ်ပါတယ်။ ထို့အပြင် ပြည်တွင်းတွင် ချက်လုပ်သည့် ဓာတ်ဆီပမာဏဖြင့် နိုင်ငံ၏ နေ့စဉ်လိုအပ်ချက်ကို ပြည့်မီအောင်ရောင်းချပေးနိုင်ရန်အတွက် အောက်ပါမေးခွန်းသုံးခုကို ကျွန်တော် မေးပါမယ်။ (၁) စွမ်းအင်အရောင်းဆိုင်များကို မြို့တိုင်းတွင် ပြိုင်ဆိုင်ရောင်းချနိုင်ရေးအတွက် တိုးချဲ့ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိပါသလား။ (၂)မရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက် ပေးနိုင်ပါမည်လဲ။ (၃) မဆောင်ရွက်နိုင်ပါက အဘယ့်ကြောင့်ပါလဲဆိုသည်ကို မေးမြန်းပါသည်။


 

ဖြေကြားသူ
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး
အဖြေ

စမ်းချောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးစိုးဝင်း မေးမြန်းထားတဲ့မေးခွန်းဖြစ်ပါတယ်။ ဒီနေရာမှာ မေးသွားတာကတော့ စောစောက စက်သုံးဆီ အ‌ရောင်းဆိုင်တွေကနေပြီးတော့ ရောင်းချမှုစနစ်တွေ၊ အဲဒီအပေါ်မှာတန်းစီဝယ်နေရတဲ့အ‌ခြေအနေဒီဟာလေးတွေ မေးမြန်းသွားပါတယ်။ ဒီဟာကလည်းပဲ အဓိကအားဖြင့်‌တော့ ဒါသဘောပေါက်တဲ့ အတိုင်းပဲ ရှင်းရှင်းတင်ပြရရင်တော့ ဒီနေ့ဖြစ်နေတဲ့ ဈေးနှုန်းကွာခြားချက်ကြောင့် ဖြစ်ပါတယ်။ အဲဒီတော့ ဒီအပိုင်းမှာလည်းပဲ ခေတ်အ‌ခြေအနေကတောင်းဆိုလာတဲ့အတိုင်းပဲ အချိန်အခါနဲ့အညီ ခုနက‌ရောင်းချမှုစနစ်တွေ ပြောင်းလဲသွားဖို့ရှိလိမ့်မယ်လို့ ဒီဟာလေးကိုတော့ တိုတိုပဲ ဖြေကြားလို ပါတယ်။ ဆိုင်တွေတိုးချဲ့ဖွင့်လှစ်ခြင်းနဲ့ ပတ်သက်လို့တော့ ဒီမှာ ကျွန်တော်တို့ ဈေးကွက်စီးပွားရေး စနစ်နဲ့အညီ ပုဂ္ဂလိကစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုဖို့ အတွက် နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်အနေနဲ့ မြန်မာပြည်တစ်ဝန်းလုံး မှာရှိတဲ့ နိုင်ငံပိုင်စက်သုံးဆီ အရောင်းဆိုင် ၂၆၁ ဆိုင်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များကို အပြီးအပိုင် လွှဲပြောင်းရောင်းချပေးခဲ့ပြီးတော့ အဲဒီ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင် ၂၆၁ ဆိုင်စလုံးကို            ၁၀-၆-၂၀၁၀ ရက်နေ့ကစပြီးတော့ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ပါတယ်။ အဲ့ဒီအပြင် အဲဒီစက်သုံးဆီ    ၂၆၁ ဆိုင်ကတော့ ယခင်တုန်းက စွမ်းအင်ဝန်ကြီးဌာနကပိုင်တဲ့ဆိုင်တွေဖြစ်ပါတယ်။ ဒါ့ကြောင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ကိုင်တွယ်ပြီးတော့ ခုနက ပုဂ္ဂလိကများကို လွှဲပြောင်း ပေးခဲ့ပါတယ်။ နောက်ထပ် အဲဒီဆိုင်များအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များက သီးခြားဆိုင်သစ်တွေ ထူထောင်ဖွင်‌့လှစ်လိုပါတယ်ဆိုရင် လုပ်နိုင် ကိုင်နိုင်အောင် ကျွန်တော်တို့ သတင်းစာကနေ ကြော်ငြာထည့်ခဲ့ပါတယ်။ အဲဒီတော့ နိုင်ငံပိုင်စက်သုံးဆီ အရောင်းဆိုင်များအပြင် စက်သုံးဆီ အရောင်းဆိုင်တွေ၊ သိုလှောင်ဖြန့်ဖြူးရေးစခန်းတွေ အသစ်တည်ဆောက်လုပ်ကိုင်ချင်တဲ့ပုဂ္ဂိုလ်များ လက်ရှိ စက်သုံးဆီရောင်းချခြင်းကို ဒေသန္တရခွင့်ပြုချက်နဲ့ပဲ လုပ်ကိုင်နေရတဲ့အတွက် ဒီဟာကို နိုင်ငံတော်က အသိအမှတ်ပြုပြီးတော့ တရားဝင်လုပ်ကိုင်ခွင့်ရလိုသူများအနေနဲ့ သူတို့လုပ်ကိုင်လိုတဲ့ နေရာဒေသရဲ့လိပ်စာ အတိအကျ၊ အကျယ်အဝန်းဖော်ပြပြီးတော့ နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိက ပိုင်ပြုလုပ်ရေးကော်မရှင်ရုံးကို အဆိုပြုလွှာများတင်သွင်းနိုင်ကြောင်း လျှောက်ထားသူများအနေနဲ့ လျှောက်ထားတဲ့ မြေနေရာဟာ စက်သုံးဆီလုပ်ငန်းလုပ်မယ်ဆိုရင် ပတ်ဝန်းကျင်ကို ဘေးအန္တရာယ် ကျရောက်စေနိုင်ခြင်းမရှိကြောင်း သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များပါရှိဖို့လိုပါတယ်။ တစ်ခါ စက်သုံးဆီအရောင်းဆိုင်များ၊ သိုလှောင်ကန်၊ သိုလှောင်ကန်စခန်းများ အသစ်တည်ဆောက်ပြီးတော့ လုပ်ငန်းလုပ်ကိုင်ချင်တဲ့ ပုဂ္ဂိုလ်တွေဟာ တင်သွင်းဝယ်ယူသိုလှောင်ရောင်းချခြင်း ဆောင်ရွက်မယ့်အစီအစဉ်ကိုတော့ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးထံမှာ စုံစမ်းမေးမြန်း နိုင်ပါကြောင်း လျှောက်ထားသူအနေနဲ့ နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် ရုံးသို့ လျှောက်လွှာများလိပ်မူပေးပို့ရန်ဖြစ်ပါကြောင်း ၂၀၁၀ ခုနှစ်၊ မတ်လဆန်းပိုင်းမှာ နေ့စဉ်ထုတ် ပြည်တွင်းသတင်းစာတွေကနေပြီးတော့ အဆိုပြုလွှာတွေ ကြေညာခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်နယ်/တိုင်းဒေသအသီးသီးမှာ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင် အသစ်များ ဖွင့်လှစ်ဖို့အတွက် နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကို မြေပိုင်ဆိုင်မှု အထောက်အထား၊ သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ထောက်ခံချက်၊ စက်သုံးဆီ ရရှိနိုင်မယ့် ကုမ္ပဏီအဖွဲ့အစည်းရဲ့ထောက်ခံချက်၊ စာချုပ်စာတမ်းစတဲ့ အဲဒီအထောက်အထားအချက် သုံးချက်ပြည့်စုံစွာနဲ့ အဆိုပြုတင်ပြလာတဲ့ အရောင်းဆိုင်များ အခု ၄၄၄ ဆိုင်ရှိပြီဖြစ်ပါတယ်။ အဲဒီ ၄၄၄ ဆိုင်အနက်ကို ကော်မရှင်ကနေ ပြန်ပြီးတော့ ကျွန်တော်တို့ စွမ်းအင်ဝန်ကြီးဌာနက ပညာရှင်တွေ၊ သတ္တုတွင်းဦးစီးဌာနက လိုအပ်တဲ့ ပညာရှင်တွေ၊ အဲဒီပုဂ္ဂိုလ်တွေနဲ့ သွားပြီးတော့ စစ်ခိုင်းပါတယ်။ စစ်ခိုင်းပြီးတော့ ကျွန်တော်တို့ရဲ့ Technically တွေ့ရှိတဲ့အချက်တွေနဲ့ ပြန်ပြီးတော့ ဒီဆိုင်တွေကတော့ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေနဲ့ကိုက်ညီတယ်။ ဒီဆိုင်တွေကတော့ မကိုက်ညီဘူးစသဖြင့် ထောက်ခံ တင်ပြချက်အပေါ်မှာမူတည်ပြီးတော့ ကော်မရှင်ကနေပြီးတော့ သူတို့ကိုအရောင်းလိုင်စင် ထုတ်ပေးခွင့် ပြုပါတယ်။ အဲဒီလို ထုတ်ပေးခွင့်ပြုသောအခါမှာ စွမ်းအင်ဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးပါတယ်။ ဒါဟာလွန်ခဲ့သော အခု ၁၀ လပိုင်း ၇ ရက်နေ့အထိ လုပ်ခဲ့တဲ့လုပ်ထုံးလုပ်နည်းဖြစ်ပါတယ်။ ၁၀ လပိုင်း ၇ ရက်နေ့အထိ ဆိုင်သစ်များ၊ သိုလှောင်ကန်စခန်းများ ဒါတွေလုပ်ဖို့ကိုင်ဖို့အတွက်ကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ကို လိပ်မူပြီးတော့ လျှောက်ရပါတယ်။ ကျွန်တော်တို့က Technically Assistant အတွက် လုပ်ပေးရပါတယ်။ သို့သော် နောက်ပိုင်းမှာတော့ကာ အဲဒီ ၇ လပိုင်း ၁၀ ရက်နေ့ကစပြီးတော့ ဒီလုပ်ငန်းသည် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ရဲ့ လုပ်ငန်းသဘာဝနဲ့ မကိုက်ညီဘူး။ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ဆိုတာ နိုင်ငံပိုင်ပစ္စည်းများကို ပုဂ္ဂလိကလက်ထဲကို လွှဲပြောင်းပေးဖို့သာ လုပ်ဖို့ ဖြစ်တယ်။ ဒီဟာကတော့ စွမ်းအင်ဝန်ကြီးဌာနနဲ့ပဲ တိုက်ရိုက်ပတ်သက်တဲ့အတွက် နောင်မှာစက်သုံးဆီ လုပ်ငန်းပေါ့။ အခု ဒါသိုလှောင်ခန်းဖွင့်တာကော၊ အရောင်းဆိုင်ဖွင့်တာကော အဲဒါတွေလုပ်ဖို့ စပြီးတော့ လျှောက်လွှာလက်ခံတဲ့အချိန်ကစပြီး ခွင့်ပြုမိန့်လိုင်စင်ထုတ်ပေးတဲ့အထိ စွမ်းအင်ဝန်ကြီး ဌာနကပဲ လုပ်ပေးပါဆိုပြီးတော့ လုပ်ပိုင်ခွင့် ကျွန်တော်တို့ကို ပြန်ပြီးတော့လွှဲပြောင်းပေးပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သတင်းစာမှာ လုပ်ထုံးလုပ်နည်းလေးတွေ ကျွန်တော်တို့ ကြော်ငြာပြန်ပြီးတော့ ထည့်ပေးပါမယ်။ နောင်မှာ လုပ်ကိုင်လိုသောပုဂ္ဂိုလ်များ ကျွန်တော်တို့နဲ့ပဲ တိုက်ရိုက်ဆက်သွယ်ပြီးတော့ ကျွန်တော်တို့ပဲ အစအဆုံး လိုင်စင်ထုတ်ပေးတဲ့အထိ ဆောင်ရွက်ပေးသွားပါမယ်။ ယခု ဦးစိုးဝင်းတင်ပြသလိုပဲ  ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းအဆင့် တွေလည်း မကြာအောင်လုပ်သွားပါ့မယ်။ မြန်မြန်ခွင့်ပြုချက်ရအောင် လုပ်ပေးပါမယ်။ အဲ့ဒီတော့ ယခင်စနစ်‌ဟောင်းအရ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က သူ့ရဲ့လုပ်ပိုင်ခွင့်အောက်မှာ ကျွန်တော် တို့ရဲ့ ဆောင်ရွက်ပေးခဲ့တဲ့ဆိုင်တွေဟာ ၂၆၁ ဆိုင် အပါအဝင် စောစောက ဆိုင်အသစ်တွေ ခွင့်ပြုမိန့်ပေးခဲ့တာ အခုအားလုံး ၃၉၁ ဆိုင် ရှိပါပြီ။ အဲဒီအပြင် ကျွန်တော်တို့က ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေကို ကဲဒီဟာတွေအပြင် သက်ဆိုင်ရာ ကိုယ့်တိုင်းနဲ့ ပြည်နယ်အလိုက်မှာ ဘယ်နေရာတွေမှာများ ထပ်ပြီးတော့ ဆိုင်သစ်တွေဖွင့်ဖို့လိုဦးမလဲ သဘောထားမှတ်ချက်ကလေးတွေ ပေးပါလို့ပြောတဲ့အခါမှာ အဲဒီကနေပြီးတော့ အဆိုပြုတင်ပြတာလဲ အခုထိ ဆိုင်ပေါင်း ၄၄၈ ဆိုင် ရှိပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ စွမ်းအင်ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်အတွင်းမှာပဲ ကျရောက် လာမှာဖြစ်တဲ့အတွက် အဲဒီ ဖွင့်လှစ်လိုသောနေရာအသစ်များ နောက်ထပ်ထပ်၍ လုပ်ချင်လို့ လျှောက်လွှာတင်လာမယ့် ပုဂ္ဂိုလ်များအတွက်ကို အားလုံးကျွန်တော်တို့ကပဲ တာဝန်ယူပြီးတော့ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးသွားပါ့မည်ဖြစ်ကြောင်း ဖြေကြားပါသည်။

Agenda တွင် (၁၀)ပါသော်လည်း (၃)ခုနှင့် အပြီးသတ်သည်။