ဂန့်ဂေါခရိုင်ဟာ ဂန့်ဂေါမြို့နယ်၊ ထီးလင်း မြို့နယ်၊ ဆောမြို့နယ်နဲ့ ကျောက်ထုမြို့နယ်ခွဲတို့နဲ့ ဖွဲစည်းထားတဲ့ခရိုင် ဖြစ်ပါတယ်။ ကျွန်တော်တို့ ခရိုင် ဟာ သစ်တောများနဲ့ဖုံးလွှမ်းနေတဲ့ဒေသများလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဂန့်ဂေါခရိုင်မှာ သစ်တော ကြိုးဝိုင်းပေါင်း ၃၃ ခုရှိကာ ဧရိယာပေါင်းကလည်း ၅၄၇၄၇၁.၉ ဧကရှိကြောင်းလေ့လာတွေ့ရှိရပါ တယ်။ အဓိကအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့အသက်မွေးမြူကြတဲ့ဒေသလည်းဖြစ်ပါတယ်။ ဒေသအတွင်းမှာလူဦးရေတွေ တဖြည်းဖြည်းတိုးပွားလာတာနဲ့အမျှ လုပ်ကိုင်စားသောက်ဖို့ လယ်ယာ မြေများကိုလည်း တိုးချဲ့ဖော်ထုတ်ကာ စားသောက်ကြရပါတယ်။ လယ်ယာမြေများ ဖော်ထုတ်ဖို့ သင့်တော်တဲ့မြေနေရာများ အခက်အခဲကြောင့် ကျွန်တော်တို့ ဒေသသားများဟာ နီးစပ်ရာသစ်တော ကြိုးဝိုင်းများအတွင်းမှာ လယ်ယာမြေများဖော်ထုတ်ပြီး မိမိရဲ့စားဝတ်နေရေးအတွက် ဖြေရှင်းကြရတာ တွေလည်းရှိပါတယ်။ အချို့ဆိုလို့ရှိရင် ဘိုးဘွားစဉ်ဆက် နှစ်ပေါင်းများစွာ လုပ်ကိုင်စားသောက်နေကြ ရတဲ့အခြေအနေလည်းများလှပြီဖြစ်ပါတယ်။ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့်လည်းပဲ တောင်သူလယ် သမားများရဲ့ အရေးကိုရှေးရှုပြီးတော့မှ တရားမဝင်သော်လည်းပဲ ဆက်လက်လုပ်ကိုင်ခွင့်တွေကို ပေးထားခဲ့တာကိုလည်းပဲ လေ့လာတွေ့ရှိရပါတယ်။
လေးစားအပ်တဲ့ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ဂန့်ဂေါခရိုင်မှာရှိတဲ့ သစ်တောကြိုးဝိုင်း ၃၃ ခု အတွင်းမှာ လယ်ယာမြေဧကပေါင်းဟာ ၁၂၆၆၈ ဧကရှိကြောင်း လေ့လာသိရှိရပါတယ်။ ပဲခူးတိုင်း ဒေသကြီး၊ အုတ်ဖိုမြို့နယ်ရှိ သစ်တောကြိုးဝိုင်း ၇ ခုမှာလည်း လယ်ယာမြေဧကပေါင်း ၃၉၄၈ ဧက ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ကျေးရွာပေါင်း ၁၂ ရွာမှာ လယ်ယာမြေဧက ၃၅၆၆ ဧကရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုတည်းမှာပဲ သစ်တောကြိုးဝိုင်းအတွင်း လယ်ယာမြေဧကပေါင်းဟာ ၄၅၆၂၉၅.၈ ဧကရှိကြောင်း လေ့လာသိရှိ ရပါတယ်။ ၎င်းအပြင်နိုင်ငံတော် သစ်တောကြိုးဝိုင်းများအတွင်း လယ်မြေ၊ ယာမြေနှင့် အခြား ကျူးကျော်မြေဧရိယာများဟာ နိုင်ငံတော်သစ်တောကြိုးဝိုင်းများရှိ ဧရိယာစုစုေပေါင်းရဲ့ ၄.၅ ရာခိုင်နှုန်း ရှိကြောင်း လေ့လာသိရှိရတဲ့အတွက်လည်း နိုင်ငံတော်ရဲ့ သစ်တောကြိုးဝိုင်းများအတွင်းမှာ လယ်ယာမြေဧကများစွာ ရှိနိုင်ကြောင်းကိုလည်း သုံးသပ်လို့ရနိုင်ပါတယ်။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်ကြီးများရဲ့ မြို့နယ်များမှာလည်း သစ်တောကြိုးဝိုင်းများအတွင်း လယ်ယာမြေများ ရှိနေကြောင်း၊ အချို့မြို့နယ်များမှာ ကျေးရွာများပင် သစ်တောကြိုးဝိုင်းအတွင်း ရှိနေကြကြောင်း ဆွေးနွေးပြောပြကြလို့ သိရှိရပါတယ်။ လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ သစ်တောကြိုးဝိုင်းများ အတွင်း လယ်ယာမြေများ လုပ်ကိုင်စားသောက်နေကြတဲ့ တောင်သူလယ်သမားများဟာ အများ အားဖြင့် ဆင်းရဲကြတာများပါတယ်။ ဘာလို့လဲဆိုတော့ လုပ်ကိုင်ကြရတဲ့ လယ်ယာမြေဧကများဟာ လည်း တစ်ဦးကိုအများဆုံး နှစ်ဧကမှသုံးဧကလောက်ပဲရှိကြလို့ ဖြစ်ပါတယ်။ ရှိကြတဲ့ လယ်ယာမြေ လေးများကိုအမှီပြုပြီး မိသားစုစားဝတ်နေရေးအတွက် အခြားလုပ်ငန်းများလည်း လုပ်စရာမရှိလို့ လုပ်နေကြရခြင်းလည်းဖြစ်ပါတယ်။ စီးပွားချမ်းသာဖို့အရေးထက် ဘဝရှင်သန် ရပ်တည်ဖို့အရေးများ ဖြစ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပြည်သူများနဲ့ နိုင်ငံတော်အတွက် ပြည်သူ့အစိုးရကြီးလည်း ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။ လွှတ်တော်ကြီးများလည်း ရှိနေကြပြီဖြစ်ပါတယ်။ ပြည်သူများရဲ့ အသံတွေလည်း လွှတ်တော်ကြီးက ကြားနေကြရပါပြီ။ ပြည်သူများရဲ့ဆန္ဒတွေ လွှတ်တော်ကြီးက သိနေကြပါပြီ။ ပြည်သူတို့ရဲ့ မျှော်လင့်ချက်တွေ လွှတ်တော်ကြီးက ဖော်ဆောင်ပေးနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့အကျိုးပြု၊ နိုင်ငံ့အကျိုးပြုဥပဒေများကိုလည်း လိုအပ်ပါက လွှတ်တော်ကြီးမှ ပြုပြင်ဆောင်ရွက်အတည်ပြုပေးနိုင်ကြပြီဖြစ်ပါတယ်။ အခုလည်း သစ်တောကြိုးဝိုင်းများအတွင်းမှ လယ်ယာမြေများဟာ နိုင်ငံတော်အကျိုး၊ ပြည်သူများရဲ့ အကျိုးအတွက်ဖြစ်နေတဲ့အတွက် လိုအပ်ပါက ဥပဒေများပြင်ဆင်ရေးဆွဲကြရန်လည်း လိုအပ်မှာ ဖြစ်ပါတယ်။
လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံအဝန်းရှိ သစ်တောကြိုးဝိုင်းများအတွင်း လယ်ယာမြေ များအပေါ်အမှီပြုပြီး ဘဝရှင်သန်ရပ်တည်ရေးအတွက် လုပ်ကိုင်စားသောက်နေကြရတဲ့ များလှစွာ သော တောင်သူလယ်သမားများနဲ့ မိသားစုဝင်များရဲ့အရေးဟာလည်း နိုင်ငံတော်ရဲ့အရေးပဲဖြစ်ပါ တယ်။ ကျွန်တော့်အနေဖြင့်လည်း သစ်တောကြိုးဝိုင်းများအတွင်းမှ လယ်ယာမြေများမှာ လုပ်ကိုင် စားသောက်နေကြရတဲ့ တောင်သူလယ်သမားများနှင့် မိသားစုဝင်များအားလုံး စိတ်ချမ်းမြေ့စွာ လုပ်ကိုင်စားသောက်စေလိုပါတယ်။ နိုင်ငံတော်အတွက် သစ်တောကြိုးဝိုင်းများအတွင်းရှိ လယ်ယာမြေ များမှ ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာငွေများလည်း မှန်မှန်ကန်ကန်ရရှိစေလိုပါတယ်။ နိုင်ငံတော်ရဲ့ ရိက္ခာဖြစ်တဲ့ လယ်ယာထွက်ကုန်သီးနှံများ ပိုမိုထွက်ရှိရေးနဲ့ စာရင်းတွက်ချက်ရာမှာလည်း မှန်ကန်မှု ရှိစေလိုပါတယ်။ တောင်သူလယ်သမားအား နိုင်ငံတော်ရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအစီအစဉ်များ မှာ သစ်တောကြိုးဝိုင်းများအတွင်းမှ တောင်သူလယ်သမားများကိုလည်း တန်းတူညီမျှအခွင့်အရေးများ လည်းရရှိစေလိုပါတယ်။ လယ်ယာမြေဥပဒေနဲ့အညီ တရားဝင်လုပ်ကိုင်ခွင့်ရတဲ့ လယ်ယာမြေများ ကဲ့သို့ အကာအကွယ်များလည်း ရရှိစေလိုပါတယ်။ ပေါင်နှံခြင်း၊ လွှဲပြောင်းခြင်း၊ အပြီးအပိုင် လွှဲပြောင်းခြင်း၊ အမွေဆက်ခံနိုင်ခွင့်ရှိခြင်း အစရှိတဲ့အခွင့်အရေးများလည်း ရရှိစေလိုပါတယ်။ လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် မေးမြန်းလိုတဲ့မေးခွန်းကတော့ နိုင်ငံအဝန်းရှိ သစ်တော ကြိုးဝိုင်းများအတွင်းမှ ရှိပြီးသားလယ်ယာမြေများအား ဥပဒေနှင့်အညီ တရားဝင်လုပ်ကိုင်ခွင့်ရသော လယ်ယာမြေများအဖြစ် နိုင်ငံတော်နဲ့ တောင်သူလယ်သမားများရဲ့ အကျိုးစီးပွားအတွက် ရည်မှန်းကာ နိုင်ငံတော်အနေဖြင့် မည်ကဲ့သို့အစီအစဉ်များ စီမံဆောင်ရွက်ထားကြောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျွန်တော်တို့ဝန်ကြီးဌာန လက်အောက်တွင်ရှိသော သစ်တောဦးစီးဌာနဟာ နိုင်ငံတော် ကိုယ်စား ဂေဟစနစ်နဲ့ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရန်၊ ရေအရင်းအမြစ်များထိန်းသိမ်းရန်၊ တိုင်၊ မျော၊ သစ်၊ ထင်း၊ဝါးနဲ့ အခြားသစ်တောထွက်ပစ္စည်းများကို ပြည်သူများအား အစဉ်အမြဲထောက်ပံ့ပေးနိုင် ရန်အတွက်ကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများကို သစ်တောဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ ဖွဲ့စည်းထိန်းသိမ်းကာကွယ် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ ၁၉၈၀ ခုနှစ်တုန်းက နိုင်ငံ့ဧရိယာရဲ့ ၅၇ ရာခိုင်နှုန်းခန့်ရှိခဲ့ရာမှ ၂၀၁၁ခုနှစ်မှာ ၄၇ ရာခိုင်နှုန်း လောက်ထိကျဆင်းသွားပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးအနေဖြင့် သစ်တောကဏ္ဍရဲ့ နှစ် ၃၀ ပင်မစီမံကိန်းအတွင်းမှာ ရည်မှန်းထားချက်အရ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများကို နိုင်ငံဧရိယာရဲ့ ၃၀ ရာခိုင်နှုန်းရှိအောင်ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ယနေ့အထိ ၂၄ ရာခိုင်နှုန်းဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ သတ်မှတ်လျာထားချက်များပြည့်မီအောင် သစ်တောဥပဒေ ပုဒ်မ ၄၊ ၅ နဲ့ ၆ ပါပြဋ္ဌာန်းချက်များနဲ့အညီ ဆက်လက်ဖွဲ့စည်းလျက်ရှိပါတယ်။ ကြိုးဝိုင်းများကို ဖွဲ့စည်းရာမှာ ကျေးရွာများ၊ စိုက်ပျိုးမြေများကိုချန်လှပ်ပြီးတော့ သစ်ပင်၊ သစ်တောဧရိယာများကိုသာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီခွင့်ပြုချက်နဲ့ ဖွဲ့စည်းတာဖြစ်ပါတယ်။ ဖွဲ့စည်းပြီးတဲ့ ကြိုးဝိုင်းမြေများအတွင်းမှာ သီးနှံစိုက်ပျိုးဖို့ လယ်မြေ၊ ယာမြေဖော်ထုတ်လို့မဖြစ်နိုင်ပါဘူး။ ဒီလို မဖြစ်နိုင်တဲ့အကြောင်းကိုလည်း သစ်တောဥပဒေပုဒ်မ ၄၀ မှာအတိအလင်းဖော်ပြထားတာဖြစ်ပါ တယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်ကချမှတ်ထား တဲ့မူဝါဒများအရ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ သစ်တောများထိန်းသိမ်းဖို့နဲ့ ကျေးလက်နေ ပြည်သူများကို သစ်တောထွက်ပစ္စည်းများ အစဉ်ထောက်ပံ့ပေးနိုင်ဖို့အတွက် သစ်တောကြိုးဝိုင်းများကို နိုင်ငံ့ဧရိယာရဲ့ ၃၀ ရာခိုင်နှုန်းအထိ ဖွဲ့စည်းရခြင်းပဲဖြစ်ပါတယ်။ ကြိုးဝိုင်းအတွင်းမှာ သီးနှံစိုက်ပျိုး လုပ်ကိုင်နေတဲ့မြေများဟာ ကြိုးဝိုင်းအဖြစ်စတင်ဖွဲ့စည်းကတည်းက ဆိုင်ရာဆိုင်ခွင့်အဖြစ်လုပ်ကိုင်ခွင့် ရထားသောမြေများပဲဖြစ်ရပါမယ်။ သစ်ပင်ပေါက်ရောက်မှုကောင်းလို့ ကြိုးဝိုင်းဖွဲ့စည်းတဲ့အခါမှာ ဒေသခံတွေရဲ့ နဂိုရှိရင်းစွဲစိုက်ပျိုးလုပ်ကိုင်မှုကို မနစ်နာစေလိုတဲ့ သစ်တောဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နဲ့အညီ ကြေးတိုင်အရာရှိ Settlemet Officer အဖြစ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက မြို့နယ်အုပ်ချုပ်ရေးမှူးကို ခန့်အပ်ပြီးတော့စိစစ်စေပါတယ်။ ဆိုင်ရာဆိုင်ခွင့်များကို စိုက်ပျိုးခွင့် ပြုထားပြီးတော့ ချန်လှပ်ပေးရတဲ့ ထုံးတမ်းစဉ်လာရှိပါတယ်။
သစ်တောကြိုးဝိုင်းတစ်ခု ဖွဲ့စည်းတော့မယ်ဆိုရင် ဒေသခံများမနစ်နာအောင် စားကျက်ချခွင့်၊ စိုက်ပျိုးခွင့်၊ ထင်းဝါးခုတ်ခွင့် အစရှိတဲ့ ဆိုင်ရာဆိုင်ခွင့်များကို ၎င်းတို့လျှောက်ထားတောင်းဆိုတဲ့အပေါ်မှာ အခြေခံ ပြီးတော့ ကြေးတိုင်အရာရှိက စိစစ်ခွင့်ပြုရပါတယ်။ ဒီခွင့်ပြုထားတဲ့ဆိုင်ရာ ဆိုင်ခွင့်များနဲ့အတူ ကြိုးဝိုင်းဖွဲ့စည်းခွင့်ကို သစ်တောဥပဒေပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်နဲ့အညီ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြအတည်ပြုချက်ရယူရတာဖြစ်ပါတယ်။ ကြိုးဝိုင်းဖွဲ့စည်းခြင်းဟာ နိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ ဒေသခံများရဲ့ အကျိုးစီးပွားဖြစ်လို့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှန်မှန်ကန်ကန်နဲ့ စနစ်တကျ အချိန်ယူပြီးတော့ ဆောင်ရွက်ရတဲ့ လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဒေသခံများအတွက် သစ်တောသယံဇာတများကို အစဉ်မပြတ်ထောက်ပံ့စေနိုင်ဖို့အတွက်ကို သစ်တောကြိုးဝိုင်းများကို စီမံ အုပ်ချုပ်ရတာဖြစ်လို့ ကြိုးဝိုင်းအတွင်း ကျုးကျော်စိုက်ပျိုးတဲ့လယ်မြေ၊ ယာမြေများကို ဥပဒေနဲ့အညီ တရားဝင်လုပ်ကိုင်ခွင့်ရတဲ့ လယ်ယာမြေများအဖြစ် ပြောင်းလဲသတ်မှတ်ပေးရမည်ဆိုရင် တည်ဆဲဥပဒေ၊ စည်းမျဉ်း၊စည်းကမ်းများနှင့် မညီညွတ်တဲ့အပြင်ကို ရေရှည်မှာလည်းပဲ သစ်တောများ ယိုယွင်းပြုန်းတီး လာပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမယ့်လမ်းကြောင်းကို ဦးတည်သွားစေနိုင်မှာ ဖြစ်ပါ တယ်။ ကြိုးဝိုင်းတောများအတွင်းမှာ သစ်တောသစ်ပင်များကိုသာ စိုက်ပျိုးထားရှိရမှာဖြစ်ပြီးတော့ နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပြင် ပုဂ္ဂလိကပိုင် သစ်တောစိုက်ခင်းများကိုလည်းပဲ သစ်တော ဥပဒေပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်များနဲ့အညီ အစိုးရအဖွဲ့၏ ခွင့်ပြုချက်နဲ့ တည်ထောင်ခွင့်ပြုထားပါတယ်။ အဖိုးတန်သစ်မျိုးများကို စိုက်ပျိုးခြင်းဖြင့် သစ်တောဖုံးလွှမ်းမှုနဲ့ တောတန်ဖိုးမြင့်မားလာစေမှာဖြစ်ပြီး ပုဂ္ဂလိကပိုင်သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းကို အားပေးလျက်ရှိပါတယ်။ သစ်တောများကို ထိန်းသိမ်းရာရောက်တဲ့အပြင် ဒေသစီးပွားရေးကိုလည်း အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒေသခံများ အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ယခုအခါမှာ နိုင်ငံတော်ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကိုလည်း တရားဝင်ပြဋ္ဌာန်းရန် စီစဉ်ဆောင်ရွက်လျက် ရှိပြီးဖြစ်တာမို့ သဘာဝပတ်ဝန်းကျင်ကိုလည်း ဂရုတစိုက်ထိန်းသိမ်းသွားနိုင်ရန် အထူးပဲ အရေးကြီး ပါတယ်။ ဒါကြောင့် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောအတွင်းမှာ ဖွဲ့စည်းစဉ်ကတည်းက ဆိုင်ရာဆိုင်ခွင့် အနေနဲ့ လုပ်ကိုင်ခွင့်ရရှိထားသော စိုက်ပျိုးမြေများကိုသာ တရားဝင်လုပ်ကိုင်ခွင့်ပြုနိုင်မှာ ဖြစ်ကြောင်းနဲ့ သစ်တောသယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက် ကောင်းမွန်ဖို့အတွက် သစ်တော ကြိုးဝိုင်းများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကာကွယ်စောင့်ရှောက်သွားရမှာဖြစ်ပါကြောင်း၊
တစ်ဆက်တည်းမှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ခွင့်ပြုချက်အရ ပုဂ္ဂလိကကျွန်းစိုက်ခင်းများ နှင့်ပတ်သက်တဲ့ ဗဟုသုတအလို့ငှာ အကျဉ်းမျှဆက်လက်ပြီးတော့ ရှင်းလင်းတင်ပြလိုပါတယ်။ စာစောင်တစ်ခုအတွင်းမှာ ရေးသားထားသော အပြုသဘောဆောင်တဲ့ ကျွန်းစိုက်ခင်းနဲ့ပတ်သက်တဲ့ ဆောင်းပါးတစ်ခုအပေါ်မှာ ဝင်ငွေများတွက်ချက်ရာမှာ မလွဲမှားစေရန်အလို့ငှာ ဥက္ကဋ္ဌကြီးထံသွားရောက် ရှင်းလင်းတင်ပြပါတယ်။ ရှင်းလင်းတင်ပြချက်အရ ဥက္ကဋ္ဌကြီးကတစ်ဆက်တည်းမှာပဲ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များလည်း သိရှိနိုင်ရန်အလို့ငှာ လွှတ်တော်ရဲ့အချိန်ကို လေးစားသောအားဖြင့် အကျဉ်းမျှတင်ပြလိုပါတယ်။ အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံဟာ ထိုင်း၊ လာအို၊ အိန္ဒိယ နိုင်ငံများနည်းတူ သဘာဝအလျောက်ကျွန်းပင်များပေါက်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကျွန်းပင် ပေါက်ရောက်မှုအတွက်ကို ကျွန်းပင်နှစ်သက်တဲ့ သဘာဝပတ်ဝန်းကျင်ရှိတာကြောင့်မို့ မြန်မာ့ကျွန်းသစ် များဟာ ကမ္ဘာမှာအရည်အသွေးအမြင့်ဆုံးရရှိသော ကျွန်းသစ်များ ပေါက်ရောက်လေ့ရှိပါတယ်။ ၎င်းပေါက်ရောက်သော ကျွန်းပင်များအားလုံးကို လုံးပတ်ကန့်သတ်ပြီးတော့ ယေဘုယျအားဖြင့် မူလသမရိုးကျ မိရိုးဖလာ အရပြောရမယ်ဆိုရင် နှစ်ပေါင်း ၇၀ မှ ၈၀ အတွင်း သက်တမ်းရှိသော ကျွန်းသစ်များကို ထုတ်ယူသုံးစွဲခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးကျွန်းစိုက်ခင်း ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ သက္ကရာဇ် ၁၇၀၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီးတော့ ၁၈၅၆ ခုနှစ်ကစပြီးတော့ ကျန်ဒေသအနှံ့ ကျွန်းစိုက်ခင်းများကို တောင်ယာသီးနှံရောနှောစနစ်များအရ တည်ထောင်ဆောင်ရွက် လျက်ရှိပါတယ်။ ကျွန်းပင်ပေါက်ရောက်သော အကောင်းဆုံးမြေကတော့ဖြင့် သာမန်အားဖြင့် လျောစောင်း (slope) ၃၀ ဒီဂရီထက်မကျော်သော ရေစီးရေလာကောင်းသော ဆင်ြခေလျောများတွင် ကျွန်းပင်ရဲ့ကြီးထွားမှုနှုန်းက ကောင်းပါတယ်။ ရေစီးရေလာမကောင်းသော ရေဝပ်သောမြေနဲ့ ဆားပေါက်မြေများကို ကျွန်းပင်မနှစ်သက်ပါဘူး။ ဂဝံမြေတွင် ကျွန်းပင်ရှင်သန်ကြီးထွားမှု မကောင်းပါဘူး။ ကျွန်းပင်သည် သဲဆန်သောနုန်းမြေကို အနှစ်သက်ဆုံး ဖြစ်ပါတယ်။ ကျွန်းပင်တည်ထောင်တဲ့ နည်းစနစ်အနေနဲ့ပြောမယ်ဆိုရင် မြန်မာနိုင်ငံတွင် မူလပေါက်ရောက်ခဲ့သော ကျွန်းများပေါက်ရောက်ခဲ့ သောတောပျက်များကို ပြောင်အောင်ခုတ်လဲှမီးရှို့ပြီးတော့ ကျွန်းပင်များကို တောင်ယာသီးနှံများနှင့် ရောနှော စိုက်ပျိုးခဲ့ကြပါတယ်။ ယေဘုယျအားဖြင့် ၃ နှစ်ခန့် ပေါင်းခုတ်ခြင်း၊ မီးကာကွယ်ခြင်းများကို ဆောင်ရွက်ရပါတယ်။ ကျွန်းစိုက်ခင်းများကို ပင်ညှပ်ကြီးထွား ဖွံ့ဖြိုးမှုအပေါ်မှာမူတည်ပြီးတော့ သက်တမ်း ၆ နှစ်၊ ၁၂ နှစ်၊ ၁၈ နှစ်နဲ့ ၂၅ နှစ်များမှာ ပင်ညှပ်များခုတ်လှဲခြင်း၊ နောက်ဆုံးအပင်များ ခုတ်လှဲခြင်းကို ဆောင်ရွက်ပါတယ်။ မြန်မာနိုင်ငံတွင် ကျွန်းပင်သက်တမ်း ၄၀ မှ ၈၀ အတွင်း ကျွန်းပင်၏ ပျမ်းမျှနှစ်စဉ်တိုးပွားနှုန်းလို့ ခေါ်ပါတယ်။ အတိုကောက်အားဖြင့် MAI ဖြစ်ပါတယ်။ တစ်နှစ်လျှင် တစ်ဧကတွင် ၅.၈၃ ကုဗတန်မှ ၇.၂၉ ကုဗတန် တိုးထွက်ကြောင်း ကိန်းဂဏန်းများအရ စိစစ်သိရှိ ရပါတယ်။ ပြန်ပြောရမယ်ဆိုရင် သက်တမ်း ၄၀ မှ ၈၀ နှစ်အတွင်း ကျွန်းပင်၏ပျမ်းမျှနှစ်စဉ် တိုးပွားနှုန်းသည် တစ်နှစ်လျှင် တစ်ဧကတွင် ၅.၈၃ ကုဗတန်မှ ၇.၂၉ ကုဗတန်ရှိကြောင်း တွက်ချက် ရရှိပါတယ်။ ကော်စတာရီကာနိုင်ငံတွင် ၂၅ နှစ်သားကျွန်းစိုက်ခင်း၏ ပျမ်းမျှတိုးပွားနှုန်းမှာတစ်နှစ်လျှင် တစ်ဧကအထွက် ၆.၂၇ ကုဗတန်ဖြစ်ပါတယ်။ ကျွန်းစိုက်ခင်းကနေပြီးတော့မှ ရနိုင်တဲ့အကျိုးအမြတ် အနေနဲ့ အကျဉ်းချုံးမျှတင်ပြရမယ်ဆိုရင် ကျွန်းပင်တစ်ပင်ကို တစ်နှစ်လျှင် တစ်ပင်ကိုးပေ အကွာအဝေးရှိတဲ့ပန္နက်များဖြင့် စိုက်ပျိုးတည်ထောင်မယ်ဆိုရင် တစ်ဧကမှာ ကျွန်းပင် ၅၄၀ ပင် စိုက်ပျိုးနိုင်ပါတယ်။ ပထမနှစ်ကုန်ကျစရိတ်မှာ ကျပ် ၂၀၀၀၀၀ ဖြစ်ပြီးတော့ ဒုတိယနှစ်တွင် ကျပ် ၁၀၀၀၀၀၊ တတိယနှစ်နှင့် စတုတ္ထနှစ်များတွင် ကျပ် ၅၀၀၀၀ စီကုန်ကျပါတယ်။ ဒီကုန်ကျစရိတ်များ ကတော့ ပျိုးထောင်စရိတ်၊ စိုက်ပျိုးစရိတ်၊ ပေါင်းသင်ရှင်းလင်းစရိတ်၊ မီးကာကွယ်စရိတ်နှင့် အစောင့်စရိတ်များ ပါဝင်ပါတယ်။ နိုင်ငံတော် သို့ မြေငှားခတစ်ဧကလျှင် ကျပ် ၁၀၀ ပေးသွင်းရပါတယ်။ ဖော်ပြခဲ့ပြီး ဖြစ်တဲ့အတိုင်း ၆ နှစ်၊ ၁၂ နှစ်၊ ၁၈ နှစ်များတွင် ပင်ကြပ်နုတ်ပါတယ်။ ၆ နှစ်သားစိုက်ခင်းမှ မျောလုံး ၂၇၀ လုံး တန်ချိန်အားဖြင့် ၁.၉ တန် ထွက်ပါတယ်။ ၁၂ နှစ်သားစိုက်ခင်းမှ တိုင်ကိုင်းအဆင့် ၁၃၅ လုံး၊ ၇.၇ တန်ထွက်ပါတယ်။ ၁၈ နှစ်သားစိုက်ခင်းမှ တိုင်သစ် ၆၅ လုံး၊ ၁၂.၂၆ တန်ထွက်ပါတယ်။ ၂၅ နှစ်အချိန် ရောက်တဲ့အခါကျရင်တော့ ပင်ထောင်ကျန်သေးတဲ့ ကျွန်းသစ်လုံး ၇၀ လုံးကို ခုတ်မယ်ဆိုလို့ရှိရင် စံချိန်မီကျွန်းသစ်လုံး ၇၀ လုံး ထွက်ပြီးတော့ တန်ချိန်အားဖြင့် ၃၀.၄၃ တန် ထွက် ပါတယ်။ ၆ နှစ်သားတုန်းက ခုတ်ခဲ့တဲ့ မျောတစ်လုံးကတော့ မြန်မာကျပ်ငွေနဲ့ပဲ ရောင်းချလို့ရပါတယ်။ တစ်လုံးကို ၁၀၀၀ ခန့်ရပါတယ်။ ၁၂ နှစ်သားကရတဲ့ တိုင်တစ်လုံးကိုတော့ အမေရိကန်ဒေါ်လာအားဖြင့် တွက်ချက်မှုအရ ၁၀.၂၉ ဒေါ်လာရပါတယ်။ ၁၈ နှစ်သားပင်ညှပ်တိုင်တစ်လုံးအတွက် အမေရိကန် ဒေါ်လာ ၅၀.၄၉ ရရှိနိုင်ပါတယ်။ ၂၅ နှစ်သား ကျွန်းသစ်လုံးတစ်လုံးမှာ အမေရိကန်ဒေါ်လာ ၄၃၄.၇၈ ဒေါ်လာ ရရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ရင်းနှီးမြှုပ်နှံတဲ့ငွေက လေးသိန်းဖြစ်ပြီး တော့ ၂၅ နှစ်အတွင်းမှာ အမြတ်ငွေ ၂၅၂.၈၄ သိန်းဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာအားဖြင့် တွက်မယ်ဆိုရင် အမေရိကန် ဒေါ်လာ ၂၉၇၄၅ ခန့် ရရှိမှာ ဖြစ်ပါတယ်။ သို့ပေမယ့် နောက်ဆုံးအကြိမ် ခုတ်လှဲထုတ်လုပ်ပြီးလို့ရှိရင် နိုင်ငံတော်ကို ၁၀ ရာခိုင်နှုန်းပေးသွင်းရမှာ ဖြစ်တဲ့အတွက်ကြောင့် တွက်ချက်မှုများကို အြခေခံပြီးတော့ ပြောမယ်ဆိုလို့ရှိရင် နိုင်ငံတော်သို့ ပေးသွင်းရမယ့် ၁၀ ရာခိုင်နှုန်းသည် ၃၇ သိန်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၃၇ သိန်းပေးသွင်းလိုက်ပြီးတဲ့နောက်မှာတော့ အသားတင်အမြတ်ငွေသည် ၂၁၅.၇၆ သိန်းဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာအားဖြင့် ပြောမယ်ဆိုရင်တော့ ၂၅၃၈၃ ကျန်ရှိမှာ ဖြစ်ပါတယ်။ စိုက်ခင်းတည်ထောင်သူ၏ အမြတ်နဲ့စုစုပေါင်းအမြတ်ရဲ့ အချိုးကတော့ ၁း၁.၈၃ ဖြစ်ပါတယ်။ သဘောကတော့ ငွေ ၁ ကျပ်ရင်းနှီးမြှုပ်နှံတိုင်း ငွေ ၁ ကျပ် ၈၃ ပြား ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ သို့ဖြစ်ရာ အထက်ဖော်ပြပါတွက်ချက်မှုများဟာ မြန်မာနိုင်ငံတွင် လက်ရှိကျွန်းစိုက်ခင်း တည်ထောင်နေ သည့် သစ်တောဦးစီးဌာနစိုက်ခင်းများ၊ ပုဂ္ဂလိကပိုင်ပုံမှန်စိုက်ခင်းများ တည်ထောင်မှုအပေါ်မှာ တွက်ချက် ထားတာတွေဖြစ်ပါတယ်။ ဒီထက်ပိုမိုပြီးတော့ ဂရုစိုက်မယ်ဆိုလို့ရှိရင် ဓာတ်မြေသြဇာအသုံးပြုထားတဲ့ ထွန်ယက်စိုက်ပျိုးခြင်း၊ တစ်သျှူးမျိုးပွားနည်းဖြင့် တည်ထောင်စိုက်ပျိုးခြင်းနှင့် စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို လုပ်မယ်ဆိုလို့ရှိရင်တော့ ကုန်ကျစရိတ်များဟာ ယခုထက်ပိုမို ကုန်ကျလာမှာဖြစ်ပြီးတော့ အထွက်နှုန်းကလည်း ပိုမိုထွက်ရှိလာမှာဖြစ်ပါတယ်။ ကျွန်းပင်များကို စိုက်ခင်းအဖြစ်တည်ထောင်သော နေရာမှာလည်းပဲ နေရာတိုင်းကျွန်း Habitat ဖြစ်တဲ့နေရာ မတူညီတဲ့အတွက်ကြောင့်မို့လို့ နေရာတိုင်းမှာ အထွက်နှုန်းကောင်းတယ်လို့ သတ်မှတ်မျှော်မှန်းလို့ မရနိုင်ပါဘူး။ သာမန်အားဖြင့် အကြမ်းဖျင်းပြောရမယ်ဆိုရင်တော့ ပဲခူးရိုးမဒေသသည် Size Quality 2 အဆင့်နှစ်ဖြစ်ပါတယ်။ အဲဒီ အနောက်ပိုင်းမှာရှိတဲ့ ပြည်ဒေသဘက်ကူးသွားမယ် ဆိုလို့ရှိရင်တော့ (2/3) စသည်ဖြင့် မြေအမျိုးအစားများ ဖြစ်ကြပါတယ်။ နောက်တစ်ခုကလည်း ကျွန်းစိုက်ခင်းများကို တစ်ဆက် တစ်စပ်တည်း ဧကပေါင်းမြောက်မြားစွာ စိုက်ပျိုးတည်ထောင်ဖို့လည်း သင့်လျော်မှုမရှိကြောင်း စိစစ် တွေ့ရှိရပါတယ်။ ရောဂါပိုးမွှားများ ကျရောက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ မီးဘေးအန္တရာယ်ကျရောက်တဲ့ အခါမှာပဲဖြစ်ဖြစ်၊ နောက်တစ်ခုကတော့ အရွက်ကြီးတဲ့အပင်မျိုးများ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြေဆီလွှာတိုက်စားခြင်းများလည်း ရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ ကျွန်းစိုက်ခင်းများ တည်ထောင်သော နေရာများမှာ တစ်ဆက်တစ်စပ်တည်း ဧကပေါင်းမြောက်မြားစွာကို စိုက်ပျိုးရန်မသင့်ပါကြောင်း ဖြေကြားပါသည်။
