(င)-ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ကာလတွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ မြန်မာ့ အ ကျဉ်းထောင် များ အက်ဥပဒေကို ပြင်ဆင်ရေးဆွဲ၍ တင်ပြရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၂၃.၆.၂၀၁၄)

ဦးသိန်းညွန့် (သင်္ဃန်းကျွန်း)အကျဉ်းထောင်များကို ၁၈၉၄ ခုနှစ်၊ အကျဉ်းထောင်များအက်ဥပဒေ၊ မြန်မာနိုင်ငံဥပဒေအမှတ် ၉၊ ၁၉၀၀ ပြည့်နှစ်၊ အကျဉ်းသားများအက်ဥပဒေ၊ မြန်မာနိုင်ငံဥပဒေအမှတ် ၃၊ ၁၉၂၀ အကျဉ်းသားများစိစစ်မှတ်ပုံတင်ခြင်း ဥပဒေ၊ မြန်မာနိုင်ငံဥပဒေ အမှတ် ၃၃ တို့ဖြင်‌့ ဥပဒေ သုံးရပ်ပြဋ္ဌာန်းပြီး ဆောင်ရွက်သည့်အပြင် ၁၉၃၇ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ၏ အမိန့်ဖြင့် အကျဉ်းထောင်လက်စွဲဥပဒေကိုလည်း ထုတ်ပြန်ပြီး အကျဉ်းထောင်ကိစ္စများကို စီမံခန့်ခွဲခဲ့ပါကြောင်း၊  သို့သော် ဒီနေ့မြန်မာနိုင်ငံ အကျဉ်ထောင်နဲ့ပတ်သက်ပြီး အကျဉ်းသား တွေရဲ့လူဖြစ် တည်ရှိမှုကို စိန်ခေါ်နေတဲ့အချက်များနှင့်ပတ်သက်၍ ဦးနု၊ ဟံသာဝတီ ဦးဝင်းတင် အနုပညာသည်ကြီး ကိုဇာဂနာတို့ကလည်း အကျဉ်းထောင်၏ အခက်အခဲများကို စာဖြင့် မှတ်တမ်းတင်ဖော်ပြခဲ့ပါကြောင်း။

အမှန်အားဖြင့် အကျဉ်းထောင်နှင့်ပတ်သက်၍ အကျဉ်းသားများကို ပုံစံထား ခိုင်းသည်ကိစ္စကို ဖျက်သိမ်းပစ်ရမည်ဖြစ်သော်လည်း  တစ်ကယ်ဖျက်သိမ်းခဲ့သည်က နိုင်ငံရေး၊ ပညာ အရည်အချင်းအရ၊ ဂုဏ်သိက္ခာရှိသော လူများကိုထားသည့် B Class ၊ A Class၊ B Class ကိုဖြတ်သိမ်းခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့်မေးမြန်းလိုသည်မှာ ပထမအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်မာ့အကျဉ်းထောင်များ အက်ဥပဒေ ပြင်ဆင်ရေးဆွဲပြီး တင်ပြရန်အစီအစဉ်ရှိ၊မရှိနှင့် ရှိပါက ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းအတွင်းတင်ပြရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် အစီအစဉ်မရှိပါက The Prisons Act 1894 အကျဉ်းထောင်လက်စွဲဥပဒေနှင့် ပြစ်ဒဏ်ကျအကျဉ်းသားများအား A၊ B၊ C  အတန်းအစား သုံးမျိုးခွဲခြားပြီး ခေတ်ကာလသတ်မှတ်ချက် နှင့်အညီ အစားအသောက်၊ အနေအထိုင်၊ ဆေးဝါးကုသမှုကို အကျဉ်းသားများက နိုင်ငံရေးနှင့် လူမှု အဆင့်အတန်းအရ ပြန်လည်သတ်မှတ်ပေးနိုင်ခြင်းရှိမရှိ၊ ယင်းသို့ သတ်မှတ်နိုင်ရန်အတွက် အတန်း အစားခွဲခြားမှုကို ဖျတ်သိမ်းခဲ့သော ၁၄-၁-၁၉၆၄ အမိန့်ကြော်ငြာစာအမှတ် ၂ ကို ပြန်လည်ရုပ်သိမ်း နိုင်ခြင်းရှိ၊မရှိကို သိရှိလိုကြောင်းမေးမြန်းပါသည်။



 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် မြန်မာ့ဥပဒေအကျဉ်းထောင် ၂၀၀၆ မူကြမ်းကို ဥပဒေအဆင့်ဆင့်ကို ပြင်ဆင်ရေးဆွဲထားပြီး လွှတ်တော်သို့ တင်ပြရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း။ ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်မှာရှိတဲ့ အကျဉ်းဦးစီးဌာနအနေနဲ့ ပြစ်ဒဏ်ကျအကျဉ်းသားတွေကို လုံခြုံစွာထိန်း သိမ်းရေး၊ အကျင့်စာရိတ္တပြုပြင်‌ွပောင်းလဲရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လေ့ကျင့်သင်ကြားပေး ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မည်သည်‌့အခြေအနေ၊ မည်သည့်အကြောင်းများ ကြောင့်ဖြစ်စေ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပြီး အကျဉ်းထောင်သို့ ရောက်ရှိလာသော ပြစ်ဒဏ်ကျ အကျဉ်းသားများကို နောင်တစ်ကြိမ် ပြစ်မှုများ ထပ်မံမကျူးလွန်မိစေရန်နဲ့ ဆင်ခြင်နိုင်ရေး စိတ်ပိုင်းဆိုင်ရာ နူးညံ့ပျော့ပျောင်းလာစေရန် တရားစခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေး ခြင်း၊ အကျဉ်းထောင်မှ လွတ်မြောက် သွားချိန်တွင် မိမိလူမှုဘဝရပ်တည်နိုင်ရေးအတွက် အသက်မွေး ဝမ်းကြောင်းပညာရပ်များ လေ့ကျင့်သင်ကြား ပေးခြင်း၊ အကျဉ်းထောင်အတွင်းမှာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့်အညီ ထားရှိပေးခြင်းတို့ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရာမှာ ပူးပေါင်းပါဝင်လာမယ့် နိုင်ငံသားများဖြစ်စေ ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ဖွံ့ဖြိုးတိုးတက်လာတဲ့မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးစနစ်များနှင့်အညီ အကျဉ်း ဦးစီးဌာနကို   Prison  Department မှ Correctional  Department အဖြစ်သို့ ၂၀၀၄ ခုနှစ်မှစပြီး အသွင်ကူး ပြောင်း ဆောင်ရွက်လျက်ရှိရာ ခေတ်စနစ်နှင့်  လိုက်လျောညီထွေမှုရှိသည့် အကျဉ်းထောင် ဥပဒေ(မူကြမ်း)ကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဥက္ကဌအဖြစ်ပါဝင်တဲ့ ဥပဒေ(မူကြမ်း) ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းပြီး လက်ရှိကျင့်သုံးလျက်ရသော ဥပဒေ ၄ ခုကို ပေါင်းစပ်ပြီး အကျဉ်းထောင်များဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း၊

ဥပဒေ(မူကြမ်း)ရေးဆွဲရေးကော်မတီက မိတ်ဖက်အဖွဲ့အစည်းအသီးသီးမှ ဥပဒေ ကျွမ်းကျင်သူ အကြံပြုချက်များ၊  ILo ၊ UNODC ၊ OHCHR စသည့်နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆွေးနွေးကာ ယင်းအဖွဲ့အစည်းများ၏ အကြံပြုချက်များနှင့်အတူ အကျဉ်းသားများကို ထိန်းသိမ်းထားရှိရန် စံပြုအနိမ့်ဆုံးအဆင့် သတ်မှတ်ထားတဲ့ အခြေခံစည်းမျဉ်းများနဲ့ အကျဉ်းထောင်များဥပဒေ(မူကြမ်း)ကို ပြင်ဆင်ရေးဆွဲခဲ့ပါကြောင်း၊  အကျဉ်းထောင်များဥပဒေ (တတိယ မူကြမ်း)ကို ပြည့်စုံမှန်ကန်စေရန်၊ အခြားတည်ဆဲဥပဒေများနှင့် လိုက်လျောညီထွေရှိစေရန်၊ ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် ညီညွတ်စေရန်တို့အတွက် ဥပဒေကြောင်းအရ စိစစ်အကြံပြုချက်များ ပေးနိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ၂၀၁၄ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့မှာ ပေးပို့၍ သဘောထားမှတ်ချက် တောင်းခံထားရှိပြီးဖြစ်ပါကြောင်းနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ သဘောထားမှတ်ချက်ရရှိပါက အနီး ကပ်ဆုံးကျင်းပသည့် လွှတ်တော်အစည်းအဝေးများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြနိုင်ရေး အတွက် စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း၊

The Prisons Act(1894)  အကျဉ်းထောင်လက်စွဲဥပဒေမှာ ပြစ်ဒဏ်ကျအကျဉ်းသားတွေကို A၊ B၊ C အတန်းအစားသုံးမျိုးခွဲခြားထားခြင်းနှင့်စပ်လျဉ်းလို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေး ကောင်စီအစိုးရ တရားရေးဌာနက ၁၉၆၄ ခုနှစ်၊ဇန်နဝါရီလ ၁၅ ရက် ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ်(၂)နဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်များမှ ရာဇဝတ်အကျဉ်းသားများဖြစ်စေ၊ တရားမအကျဉ်းသားများ ဖြစ်စေ၊ တစ်တန်းတစ်စားတည်းဖြစ်ရမယ်လို့ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊

ကိုလိုနီခေတ်က ရေးဆွဲပြဋ္ဌာန်းထားသည့် အကျဉ်းထောင်လက်စွဲ ဥပဒေမှာ အကျဉ်းသားများကို အတန်းအစားခွဲခြားခြင်းကြောင့် အကျဉ်းထောင်၏ လုံခြုံရေးကို ထိခိုက်စေခြင်း၊ လူ့အတန်းအစား ခွဲခြားရာရောက်ကြောင်း မတော်သြဇာအသုံးချပြီး စည်းရုံးလှုံ့ဆော်မှုများကြောင့် အုပ်ချုပ်သူဝန်ထမ်း များအပေါ် လေးစားမှုလျော့နည်းလာပြီး အုပ်ချုပ်သူလူတန်းစားများကို မထီမဲ့မြင်ဆက်ဆံမှုများ ရှိလာ ခြင်းတို့ကြောင့် အကျဉ်းသားများကို တစ်တန်း တစ်စားတည်းဖြစ်စေရန် သတ်မှတ်အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လက်ရှိအကျဉ်းထောင်များမှာ Correctional အဖြစ်သို့ အသွင်ကူးပြောင်းရာတွင် တရားစခန်းများဖွင့်လှစ် ဆောင်ရွက်ပေးခြင်း၊ အကျဉ်းထောင်က လွတ်မြောက်ပါက ဘဝရပ်တည်မှုရရှိစေရန် အသက်မွေးဝမ်းကြောင်း ပညာ ရပ်များ လေ့ကျင့်သင်ကြားပေးခြင်း၊ စည်းကမ်းလိုက်နာရန် လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင် ရွက်ပေးခြင်းဖြင့် လူကောင်းသူကောင်းများဖြစ်လာမည်ဖြစ်ပါကြောင်း၊  အကျဉ်းသားများ နေထိုင်ရေး အတွက် လေဝင်လေထွက်နှင့် သဘာဝအလင်းရောင်ရရှိရန်အိပ်ဆောင်များ ဆောက်လုပ်ပေးခြင်း၊ ရိက္ခာနှုန်းထားများ ဈေးနှုန်းတိုးမြှင့်သတ်မှတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ICRC ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရေသန့်၊ မိလ္လာ၊ လျှပ်စစ်မီး စသည်တို့ကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ပေးခြင်း၊ အကျဉ်းထောင်/စခန်းများမှာ သောက်ရေသန့်ရရှိရန် ရေသန့်စက်ရုံများကို ဌာနအစီအစဉ်ဖြင့်လည်းကောင်း၊ အလှူရှင်များ၏ အကူအညီဖြင့်လည်းကောင်း တည်ဆောက်ပေးခြင်း၊ ပညာတစ်ပိုင်းတစ်စဖြစ်နေသော လူငယ်အကျဉ်း သားများကို မူလတန်းပညာ၊ အလယ်တန်းပညာနှင့် အထက်တန်းပညာ ဆက်လက်သင်ကြားပေးခြင်း စသည်ဖြင့် တန်းတူအခွင့်အရေးများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့်  ၂၀၁၃-၁၄ ပညာသင်နှစ်တွင် အင်းစိန် အကျဉ်း ထောင်က လူငယ်အကျဉ်းသား နှစ်ဦး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည်ကိုလည်း အားလုံး ကြားသိပြီး ဖြစ်ပါကြောင်း၊

ကိုလိုနီခေတ်က ရေးဆွဲခဲ့သော The Prisons Act(1894) အကျဉ်းထောင်လက်စွဲဥပဒေအပါ အဝင် အကျဉ်းထောင်ဥပဒေများက ခေတ်စနစ်နှင့်လျော်ညီမှုမရှိတော့ခြင်းသည့်အတွက် အကျဉ်းထောင်များ ဥပဒေ(မူကြမ်း) အတည်ပြုနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အကျဉ်းသားများကို A၊ B၊ C အတန်းအစားသုံးမျိုး ခွဲခြားထားရှိခြင်းသည် လက်ရှိ ဒီမိုကရေစီ အခြေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း၊ သို့ဖြစ်ရာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အကျဉ်းဦးစီးဌာနအနေဖြင့်  အကျဉ်းထောင် များတွင် ထိန်းသိမ်းထားရှိသော မည်သည့်အကျဉ်းသားကိုမဆို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇ အရ တန်းတူအခွင့်အရေးရရှိစေရန်အလို့ငှာ တစ်တန်းတစ်စားတည်း ဆက်လက်ထားရှိသွားမှာ ဖြစ်ကြောင်း နှင့် ၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် ရက်စွဲနဲ့ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာအမှတ် (၂)ကို ပြန်လည်ရုတ်သိမ်းရန် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။

ဦးသိန်းညွန့် (သင်္ဃန်းကျွန်း)မှ ဆက်စပ်မေးခွန်းကိုမေးမြန်းပါသည်။

၂၀၀၆ ခုနှစ်ကဆွဲသော အကျဉ်းထောင်ဥပဒေသည် အခုအချိန် ၂၀၁၄ ထိ လွှတ်တော်ထဲသို့ ရောက်ရှိလာခြင်းမရှိဘဲ လွှတ်တော်တွင် ဒုတိယအကြိမ် အဆိုတင်သွင်းတုန်းကလည်း မကြာခင် .ယင်း ဥပဒေကြမ်းကို တင်ပါမည်ဟု ပြောကြားခဲ့ပါကြောင်း၊ ထို့ကြောင့် ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်း အတွင်းတွင် အကျဉ်းထောင်ဥပဒေကို တင်နိုင်ပါမည်၊ မတင်နိုင်မည်ကို မေးမြန်းခြင်းဖြစ်ပါကြောင်း၊ အကယ်၍ ရှေ့နေချုပ်ရုံးပို့ခြင်းကြောင့် အချိန်ကြာနေပါက နည်းလမ်းရှာရမည်ဖြစ်ပါကြောင်း၊  နောက်ဒုတိယ မေးခွန်းဖြစ်သည့်  B Club ထားခြင်းသည် ဆိုရှယ်လစ်ခေတ်က ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး ယခုဒီမိုကရေစီခေတ်တွင် ဆက်လက်ပြီး ယခုအတိုင်းရပ်တည်မည်ဆိုပါက  ယင်းကဲ့သို့ရပ်တည်မှုနှင့် ပတ်သက်ပြီးတော့ ပြန်လည်ပြုပြင်ရန် အစီအစဉ်ကို ထည့်သွင်းစဉ်းစားပေးဖို့ အစီအစဉ် ရှိ/မရှိကို သိရှိလိုပါကြေင်း ထပ်ဆင့်မေးမြန်းပါသည်။  

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း

အကျဉ်းထောင်များ ဥပဒေကိုပြင်ဆင်သည့်ဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး ၄-၈-၂၀၁၁ ရက်နေ့တွင် ဦးသိန်းညွန့်မှ လွှတ်တော်တွင် ပထမဦးဆုံး မေးခွန်းမေးခဲ့ခြင်းဖြစ်ပါကြောင်း၊ မေးခွန်းနှင့် စပ်လျဉ်းပြီး ဖြေကြားချက်ကို အစောပိုင်းတွင် တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၄-၁၀-၂၀၁၁ရက်နေ့က စတင်ကာ ဥပဒေမူကြမ်း ပြုစုရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီးတော့မှ အဆင့်ဆင့်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ RNO၊ OHCHR နှင့် UNOTC များ၏ အကြံပြုချက်များ  ရယူခဲ့ပြီး ပြည်ထောင်စုဝန်ကြီးအနေဖြင့်လည်း ငါးကြိမ်တိုင်တိုင် ဥပဒေမူကြမ်းများကို တွေကို စီစစ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊  ယခု ၁၅-၃-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ထားပြီးဖြစ်ပါကြောင်း၊  ဥပဒေပြုစုရေးနဲ့ပတ်သက်ပြီးတော့မှ ယင်းဥပဒေအနေဖြင့် အရေးကြီးသည့် အတွက်လည်း ပြည်တွင်း/ပြည်ပ ဥပဒေပညာရှင်များနှင့် တိုင်ပင် ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း၊ ဥပဒေတစ်ခုမည်သည့်အချိန်တွင် ပြီးစီရန်ဆိုသည်မှ ကန့်သတ်၍ မရနိုင်သည့် အနေအထားမျိုးဖြစ်ပါကြောင်း၊ ထို့ကြောင့် ရှေ့နေချုပ်ရုံးက အ‌ကြောင်းပြန်ကြားချက်ရရှိပါက အနီးဆုံးလွှတ်တော်တွင် တင်ပေးမှာဖြစ်ပါကြောင်း၊ B Class ထားရန်နှင့် ပတ်သက်၍  ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၈ တွင်  နိုင်ငံသား၊ နိုင်ငံသားများနှင့် မူလအခွင့်အရေးတာဝန်များ ပြဋ္ဌာန်းချက် ပုဒ်မ ၃၄၇ တွင် နိုင်ငံတော်တွင် မည်သူ့ကိုမဆို ဥပဒေအရာမှာ တန်းတူညီမျှအခွင့်အရေး ရရှိစေရမည် ။ ထို့အပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှ စွာရယူပိုင်ခွင့်ပေးရမည် ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၄၈ တွင် နိုင်ငံတော်ဟာ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၏ မည်သည်‌့နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ဆင်းရဲချမ်းသာမှုတို့ကို အကြောင်း ပြု၍ ခွဲခြားခြင်းမရှိစေရဟု ပြဋ္ဌာန်းထားရှိသည့်အတွက်ကြောင့် A၊ B၊ C Class ခွဲခြားခြင်းနှင့် ပတ်သက်၍  ပြန်လည်ပြင်ဆင်မှာမဟုတ်ကြောင်း ရှင်းလင်းဖြေကြားသွားပါသည်။