နိုင်ငံတော်သမ္မတကြီးအနေနဲ့ ကျွန်တော်တို့ နိုင်ငံကြီးကို ချမ်းသာကြွယ်ဝတဲ့နိုင်ငံ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ၊ အလုပ်အကိုင်ပေါများပြီး လူတစ်ဦး ချင်းရဲ့ဝင်ငွေတိုးပွားတဲ့ နိုင်ငံကြီးဖြစ်ရအောင် စက်မှုနိုင်ငံကြီးကို ထူထောင်ရမယ်လို့ ၂၀-၃-၂၀၁၁ နေ့က မိန့်ကြားခဲ့ပါတယ်။ ဒီလိုစက်မှုနိုင်ငံကြီးထူထောင်ဖို့ဆိုတာ ကျွန်တော်တို့ ဒီသိပ္ပံနှင့်နည်းပညာကဏ္ဍရဲ့ ကူညီပံ့ပိုးမှုများစွာလိုအပ်မှာပဲဖြစ်ပါတယ်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရဲ့ နည်းပညာပိုင်းတွေနဲ့ ပတ်သက်ပြီးတော့ တီထွင်မှု၊ ကြံဆမှု၊ ပံ့ပိုးပေးမှုပေးခြင်းဟာ စက်မှုနိုင်ငံကြီးထူထောင်ဖို့အတွက်ကို များစွာအထောက်အကူပြုပြီး အောင်မြင်မယ်လို့ ကျွန်တော့်အနေနဲ့ယူဆမိပါတယ်။ ဒါ့ကြောင့်မို့လို့ သိပ္ပံနှင့်နည်းပညာကဏ္ဍနဲ့ပတ်သက်ပြီး အောက်ဖော်ပြပါမေးခွန်းနှစ်ခုကို ကျွန်တော့်အနေနဲ့ မေးမြန်း လိုကြောင်းတင်ပြအပ်ပါတယ်။ ပထမမေးခွန်းကတော့ သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံတော်အဆင့်စီမံကိန်းများအြခေအနေနဲ့ ဆက်လက်ဆောင်ရွက်ရန်လျာထားသည့် စီမံကိန်းများနှင့်ပတ်သက်၍သိရှိလိုပါကြောင်း မေးမြန်းတင်ပြ အပ်ပါတယ်ခင်ဗျား။ ဒုတိယမေးခွန်းကတော့ မိမိနိုင်ငံတွင် နျူကလီးယားစွမ်းအင်ထုတ်လုပ်နိုင်ရေး အတွက် အခြားနျူကလီးယားပိုင်ဆိုင်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အကူအညီရယူဆောင်ရွက်လျက်ရှိကြောင်း စွပ်စွဲပြောဆိုမှုများကိုသာ ကြားသိလျက်ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း မှန်၊ မမှန်သိရှိလိုကြောင်း မေးမြန်းပါသည်။
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနဟာ သုတေသနလုပ်ငန်းတွေကို အောင်မြင်စွာဆောင်ရွက်နိုင်ဖို့နဲ့ အထူးပြုပညာရပ်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သုတေသနဦးစီးဌာန ၆ ခုကိုဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီသုတေသနဦးစီးဌာနတွေကတော့ မြန်မာ့သိပ္ပံနဲ့နည်းပညာသုတေသန ဦးစီးဌာန၊ ဒြပ်ပစ္စည်းသိပ္ပံနဲ့ ဒြပ်ပစ္စည်းအင်ဂျင်နီယာသုတေသနဦးစီးဌာန၊ နည်းပညာသုတေသန ဦးစီးဌာန၊ ဇီဝနည်းပညာဆိုတဲ့ ( Bio Technology ) သုတေသနဦးစီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာန၊ အမျိုးသားဓါတ်ခွဲခန်းတို့ဆိုပြီးတော့ သုတေသနဌာနကြီး ၆ ခုဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် သုတေသနလုပ်ငန်းတွေကို ကျွန်တော်အခုြပောခဲ့တဲ့ သုတေသနဦးစီးဌာနတွင်သာမက သက်ဆိုင်ရာနည်းပညာတက္ကသိုလ်များနဲ့ ကွန်ပျူတာတက္ကသိုလ်များမှာလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီဌာနတွေအနေနဲ့ တက္ကသိုလ်တွေမှာ အဓိကထားဆောင်ရွက်နေတဲ့ သုတေသနလုပ်ငန်းတွေကတော့ ဇီဝနည်းပညာသုတေသနလုပ်ငန်း၊ အင်ဂျင်ထုတ်လုပ်ရေးသုတေသနလုပ်ငန်း၊ Computerized Numerical Control ဆိုတဲ့ (CNC) Machine သုတေသနလုပ်ငန်း၊ ရေအားလျှပ်စစ်တာဘိုင်များ ထုတ်လုပ်ရေးသုတေသနလုပ်ငန်း၊ နာနိုနည်းပညာသုတေသနလုပ်ငန်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်တဲ့ Renewable Energy သုတေသနလုပ်ငန်း၊ ဒြပ်ပစ္စည်းဆိုင်ရာသုတေသနလုပ်ငန်း၊ နျူကလီးယား ပညာရပ်ဆိုင်ရာသုတေသနလုပ်ငန်းနဲ့ လေကြောင်းဆိုင်ရာ သုတေသနလုပ်ငန်းများပဲဖြစ်ပါတယ်။ ဇီဝ နည်းပညာသုတေသန လုပ်ငန်းများအနေနဲ့ဆောင်ရွက်လျက်ရှိတဲ့ ဇီဝနည်းပညာလုပ်ငန်းတွေကတော့ အပင်မျိုးပွားခြင်းနဲ့ စိုက်ပျိုး ရေးဆိုင်ရာသုတေသနလုပ်ငန်း၊ ဆေးပညာဆိုင်ရာသုတေသနလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်း၊ ဇီဝထုတ်ကုန်နဲ့ ထုတ်လုပ်မှုနည်းစဉ်များဖွံ့ဖြိုး တိုးတက်ရေးသုတေသနလုပ်ငန်း၊ မော်လီကျူးလာအဆင့်ရှိ မျိုးရိုးဗီဇဆိုင်ရာသုတေသနလုပ်ငန်းနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေပဲဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်လျက်ရှိတဲ့ ဇီဝနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများအနက်က အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး လက်တွေ့ အသုံးချနိုင်ပြီဖြစ်တဲ့ သုတေသနလုပ်ငန်းတွေကတော့ ရွှေဇီဝသဘာဝဓာတ်မြေသြဇာထုတ်လုပ်ရေး လုပ်ငန်း၊ ငါးအမိုင်နိုအက်ဆစ် သဘာဝဓာတ်မြေသြဇာထုတ်လုပ်ရေးလုပ်ငန်း၊ သဘာဝအပင်အားတိုး ဆေးရည်ဖြစ်တဲ့ ရွှေစိမ်းထုတ်လုပ်ရေးလုပ်ငန်း၊ ရွှေဆည်ရည် သဘာဝမြေသြဇာအရည်ထုတ်လုပ်ခြင်း လုပ်ငန်း၊ သဘာဝပိုးမွှားအန္တရာယ်ကာကွယ်ဆေးရည် (ရွှေပိုးနှင်)ထုတ်လုပ်ရေးလုပ်ငန်း၊ နို့စားနွားမျိုး မြှင့်တင်ရေးလုပ်ငန်း၊ အပင်တစ်သျှူးမျိုးပွားခြင်းလုပ်ငန်း၊ ဇီဝဓာတ်ငွေ့သုံး ကျေးရွာအိမ်သုံးလျှပ်စစ်မီး ရရှိရေးလုပ်ငန်း၊ Producer Gas အသုံးပြုတဲ့ Gasifier ထုတ်လုပ်ခြင်းလုပ်ငန်း၊ ရွှေပင်စွမ်းငှက်ဖျား ဆေးရည်လုပ်ငန်း၊ အမြစ်ပွားဆေးနှင့် ဇီဝမှိုသတ်ဆေးလုပ်ငန်း၊ အထွက်နှုန်းကောင်း၊ အရည်အသွေး ကောင်း၊ သက်တမ်းတို စပါးမျိုးသစ်ထုတ်လုပ်ခြင်းလုပ်ငန်းစတာတွေပဲဖြစ်ပါတယ်။ ဒီသုတေသန လုပ်ငန်းတွေထဲက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အောင်မြင်မှုရရှိနေတဲ့ သုတေသနရလဒ်များ အနေနဲ့ မြေဆီလွှာပျက်စီးခြင်းကိုကာကွယ်ပေးခြင်းနဲ့ ပျက်စီးနေတဲ့မြေဆီလွှာတွေကို ပြုပြင်ပေးနိုင်တဲ့ နည်းပညာတွေကို ကျွန်တော်တို့ဖော်ထုတ်နိုင်ခဲ့တဲ့အပြင် ဓာတုဓာတ်ကြွင်းမြေသြဇာနဲ့ ပိုးသတ်ဆေးတွေ မကျန်နိုင်တဲ့ Organic Farming အတွက်အသုံးကျတဲ့ ဇီဝမြေသြဇာအမျိုးမျိုး၊ အော်ဂဲနစ်အပင် အကျိုးပြုအားဖြည့်ဆေးရည်များနဲ့ ဇီဝပိုးနှင်ဆေးတွေကိုထုတ်လုပ်ပြီးတော့ ချိုသာသောဈေးနှုန်းနဲ့ တောင်သူများထံဖြန့်ဖြူးပေးနိုင်ပြီဖြစ်ပါတယ်။ စပါးစိုက်ပျိုးရာမှာ ဇီဝမြေသြဇာကိုအသုံးပြုတဲ့အတွက် ဓာတုမြေသြဇာ ၃၅ ရာခိုင်နှုန်းလောက်ကို လျှော့ပြီးသုံးလာနိုင်လို့ တောင်သူလယ်သမားများအတွက် သွင်းအားစုစရိတ်သက်သာပြီးတော့ ဝင်ငွေတိုးစေနိုင်မှာဖြစ်ပါတယ်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဟာ နိုင်ငံတော်ကိုစက်မှုနိုင်ငံအဖြစ် ကူးပြောင်းတည်ထောင်ရာမှာ စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများအဆင့်မြင့်မားရေးတို့အတွက် အဓိက ကျတဲ့ Computerized Numerical Control (CNC) စက်များထုတ်လုပ်နိုင်ဖို့ သုတေသနလုပ်ငန်း များကိုဆောင်ရွက်လျက်ရှိပါတယ်။ ဒီသုတေသနလုပ်ငန်းတွေထဲက 2-Axis CNC Lathe Machine ၏ အဓိကစက်အစိတ်အပိုင်း ၆ ခုနဲ့ 3-Axis CNC Milling Machine ရဲ့ အဓိကစက်အစိတ်အပိုင်း ၅ ခုကို အောင်မြင်စွာစမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ထို့အပြင် Conventional Lathe Machine တွေကို CNC Lathe Machine များအဖြစ်သို့ ပြောင်းလဲထုတ်လုပ်ရာမှာ အဓိကလိုအပ်တဲ့ Control System တွေကိုလည်း သုတေသနပြုလုပ်ပြီး စမ်းသပ်ထုတ်လုပ်ခဲ့ရာမှာ အခုအချိန်မှာ 2-Axis CNC Lathe Machine နဲ့ 3-Axis CNC Milling Machine တို့မှာ တပ်ဆင်အသုံးပြုနိုင်တဲ့ PC Based Control System တွေကိုလည်း အောင်မြင်စွာသုတေသနပြုဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဂျင်ထုတ်လုပ်ရေး သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာမှာ မြင်းကောင်ရေ ၂၂ ကောင်မှ ၃၆၀ အထိရှိတဲ့ မော်တော်ယာဉ်အင်ဂျင်ငါးမျိုး၊ မီးရထားအင်ဂျင်ဟက်တစ်မျိုး၊ လယ်ယာလုပ်ငန်းသုံးဒီဇယ်အင်ဂျင်တစ်မျိုး၊ စုစုပေါင်းအင်ဂျင်ခုနစ်မျိုးနဲ့ ပတ်သက်တဲ့အဓိက အစိတ်အပိုင်းများကိုလည်း စမ်းသပ်သုတေသနပြုလုပ်၍ထုတ်လုပ်ပြီးတော့ သက်ဆိုင်ရာမော်တော်ယာဉ်များမှာ စမ်းသပ်သုံးစွဲနေပြီဖြစ်ပါတယ်။ စက်မှုအင်ဂျင်နီယာဘာသာရပ် နဲ့ပတ်သက်ပြီးတော့ သစ်တိုသစ်စသုံး Gasifier စနစ်မှာအသုံးပြုမည့် Internal Combustion အင်ဂျင်အတွက် ဒီဇိုင်းတွက်ချက်သုတေသနပြုလုပ်ခြင်း၊ Mini Hydropower လုပ်ငန်းအတွက် Propeller Type Turbine ဒီဇိုင်းများတွက်ချက်ခြင်းနဲ့ တည်ဆောက်ခြင်းစတဲ့ သုတေသနလုပ်ငန်း တွေကိုလည်းဆောင်ရွက်လျက်ရှိပါတယ်။ ရေအားလျှပ်စစ်ထုတ်လုပ်ရေးထဲမှာအရေးပါတဲ့ ၆ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်အတွက် Inlet Diameter 860 mm နဲ့ Outlet Diameter 915 mm ရှိပြီးတော့ Blade ၁၂ ခုပါတဲ့ Francis Turbine Runner အမျိုးအစားကိုလည်း သုတေသနပြုလုပ် တည်ဆောက်ပြီး စမ်းသပ်အသုံးပြုလျက်ရှိပါတယ်။ နာနိုနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ အနေနဲ့ပေါ့ပါးပြီးခိုင်ခံ့တဲ့ အဆင့်မြင့်သတ္တုစပ်များပြုလုပ်နိုင်ဖို့အတွက် နာနိုအမှုန်များထုတ်လုပ်တဲ့ နည်းစဉ်များကို သုတေသနပြုလုပ်ခြင်းနဲ့ နာနိုအမှုန်များထုတ်လုပ်ခြင်းကို သုတေသနလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်နဲ့ လေစွမ်းအင်တွေကိုအသုံးပြုပြီးတော့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများအတွက် ယခင်က ပြည်ပကဝယ်ယူနေရတဲ့ Charge Controller for Solar Panel နဲ့ Charge Controller for Wind Turbine တွေကို အခုအချိန်မှာ ပြည်တွင်းမှာ ထုတ်လုပ်အသုံးပြုနိုင်တဲ့အဆင့်အထိ သုတေသနပြုလုပ် ထားပြီးဖြစ်ပါတယ်။
ဒြပ်ပစ္စည်းဆိုင်ရာ သုတေသနလုပ်ငန်းများအနေနဲ့ လေအားလျှပ်စစ်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ စွမ်းအားမြင့်သံလိုက်တွေကိုထုတ်လုပ်နိုင်ဖို့ နီယိုဒီနမ် (Nd) သတ္တုများစမ်းသပ်ထုတ်လုပ်ခြင်း၊ Solar Panel များထုတ်လုပ်ရာမှာအသုံးပြုနိုင်ဖို့အတွက် Metallurgical Grade Silicon ထုတ်လုပ်ခြင်း စတဲ့ သုတေသနလုပ်ငန်းတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် Fiber Glass များအသုံးပြု ပြီးတော့ လေဒလက်များထုတ်လုပ်ရေးအတွက်လည်း သုတေသနပြုဆောင်ရွက်လျက်ရှိပါတယ်။ နျူကလီးယားဆိုင်ရာ သုတေသနလုပ်ငန်းများအနေနဲ့ ဓာတ်ရောင်ခြည်တိုင်းတာရေးဆိုင်ရာ သုတေသန လုပ်ငန်းတွေ၊ ဓာတ်ရောင်ခြည်အန္တရာယ်ကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေ၊ နျူကလီးယား စက်ကိရိယာပစ္စည်းများပြုပြင် ထိန်းသိမ်းရေးသုတေသနလုပ်ငန်းတွေ၊ Non-Destructive Testing ဆိုင်ရာသုတေသနလုပ်ငန်းတွေ၊ အစားအစာနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနလုပ်ငန်း တွေနဲ့ နျူကလီးယားစွန့်ပစ်ပစ္စည်းများ စီမံထိန်းသိမ်းရေးဆိုင်ရာ သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ လေကြောင်းဆိုင်ရာသုတေသနလုပ်ငန်းများအနေနဲ့ နိုင်ငံတော်အကျိုးပြု လုပ်ငန်းများမှာ ဘက်စုံအသုံးပြု နိုင်တဲ့ မောင်းသူမဲ့လေယာဉ်များသုတေသနလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး စမ်းသပ်ပျံသန်းမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ တည်ဆောက်ပြီး လေယာဉ်များကိုလည်း အလိုအလျောက်ပျံသန်းမှုစနစ်နဲ့ ပျံသန်းနိုင်ဖို့အတွက် လိုအပ်တဲ့ ထိန်းချုပ်မှုစနစ်များကိုလည်း သုတေသနပြုဆောင်ရွက်လျက်ရှိပါတယ်။
မြို့ပြအင်ဂျင်နီယာဘာသာရပ် သုတေသနလုပ်ငန်းများအနေနဲ့ ရေလွှမ်းမိုးမှုဒဏ်ခံနိုင်တဲ့ အဆောက်အဦ၊ လေမုန်တိုင်းဒဏ်ခံနိုင်တဲ့အဆောက်အဦ၊ ငလျင်ဒဏ်ခံနိုင်တဲ့အဆောက်အဦ ဒီဇိုင်း ပုံစံများနဲ့ အဝေးပြေးလမ်းများတည်ဆောက်ရာမှာ အန္တရာယ်ကင်းရှင်းစေဖို့ ဒီဇိုင်းတွက်ချက်ခြင်းနဲ့ လိုအပ်တဲ့ သုတေသနလုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့ပြီး အခုအချိန်မှာ လက်တွေ့အသုံးပြုနိုင်ပြီးဖြစ်ပါ တယ်။ ဒါ့အပြင် ဓာတုအင်ဂျင်နီယာပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းတွေအနေနဲ့လည်း တွင်းထွက် လောင်စာကိုအစားထိုးအသုံးပြုနိုင်ဖို့ Biodisel ကိုအုန်းဆီကြမ်းနှင့် ခြံစည်းရိုးကြက်ဆူဆီတွေက ထုတ်လုပ်ခြင်း၊ စွန့်ပစ်ပလပ်စတစ်ပစ္စည်းများက Catalytic Cracking နည်းနဲ့ လောင်စာထုတ်လုပ် ခြင်း၊ သားသတ်စက်ရုံတွေက စွန့်ပစ်ပစ္စည်းရည်များကိုသန့်စင်ပြီးတော့ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိ အောင်ကာကွယ်ခြင်း၊ လေယာဉ်အစိတ်အပိုင်းများနှင့် စက်တပ်ယာဉ်များမှာအသုံးပြုနိုင်တဲ့ High Impact Resistance ခံနိုင်တဲ့ Ceramic Composite များထုတ်လုပ်ခြင်းစတဲ့ သုတေသနလုပ်ငန်း တွေဟာလည်း အထိုက်အလျောက်အသုံးပြုနိုင်တဲ့ အခြေအနေရှိတဲ့ သုတေသနလုပ်ငန်းများဖြစ်ပါ ကြောင်းတင်ပြလိုပါတယ်။ အလားတူပဲ ကွန်ပျူတာနည်းပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (က) Machine Translation System (ခ) E-Learning System (ဂ) Security and Control System (ဃ) Cyber Security System (င) Cloud Computing System (စ) Wireless Mobile Computing System (ဆ) Web Mining System (ဇ) Image Processing System (ဈ)Parallel Computing Systemနဲ့ (ည) Computer Architecture System စတဲ့သုတေသနလုပ်ငန်းတွေကို လည်းကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။
ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းများအနေနဲ့ စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်း၊ ကုန်ချော နှင့် စက်ပစ္စည်းများထုတ်လုပ်ခြင်း၊ သဘာဝသယံဇာတများကို ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းများနဲ့ လူတို့ရဲ့ကျန်းမာရေးနဲ့ ကျန်းမာရေးကိုထိခိုက်နိုင်စေတဲ့ သဘာဝပတ်ဝန်းကျင်က အန္တရာယ်ရှိနိုင်တဲ့ ပစ္စည်းများရဲ့သက်ရောက်မှုများကို တိုင်းတာစမ်းသပ်ပေးခြင်းစတဲ့လုပ်ငန်းများနဲ့ နိုင်ငံတော်အကျိုးပြု သုတေသနလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီဓာတ်ခွဲစမ်းသပ်မှုများကို ဆောင်ရွက်ပေးနိုင်မယ့် အမျိုးသားဓာတ်ခွဲခန်း National Lab ကို ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့စက်ပစ္စည်း ကိရိယာများ ဝယ်ယူဖြည့်တင်းရေးကိုလည်း ကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် အမှတ် (၂) စက်မှုဝန်ကြီးဌာနအနေနဲ့လည်း လက်ရှိမော်တော်ယာဉ်များနှင့် အကြီးစားစက်ပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းလုပ်ငန်းတွေအပြင် မြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့ စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်မယ့်လုပ်ငန်းများဖြစ်တဲ့ မြင်းကောင်ရေ ၂၅၀ က ၈၀၀ အထိစွမ်းအားရှိတဲ့ အင်ဂျင်များထုတ်လုပ်ခြင်းလုပ်ငန်း၊ မြင်းကောင်ရေ ၂၂၀၀ က ၂၇၀၀ အထိစွမ်းအားရှိတဲ့ အကြီးစား ဒီဇယ်အင်ဂျင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကုန်တန်ချိန် ၁၀ တန်က တန် ၂၀ အထိ သယ်ယူနိုင်တဲ့ ဝန်တင်ယာဉ်များထုတ်လုပ်ခြင်းလုပ်ငန်း၊ ခရီးသည်သယ်ယူပို့ဆောင်ရေးအတွက်လိုအပ်တဲ့ City Bus များ ထုတ်လုပ်ခြင်းလုပ်ငန်း၊ Heavy Duty Truck, Light Truck နဲ့ Pick-up ယာဉ်များထုတ်လုပ်ခြင်း လုပ်ငန်းနှင့် အဲ့ဒီယာဉ်တွေအတွက် အစိတ်အပိုင်းကြီးများထုတ်လုပ်ခြင်းလုပ်ငန်းတွေကိုလည်းဆောင်ရွက် လျက်ရှိပါတယ်။
အလားတူ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေး ဝန်ကြီးဌာနစတဲ့ ပြည်ထောင်စုဝန်ကြီးဌာနများကလည်း နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် သုတေသနလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နှစ်တို၊ နှစ်ရှည်စီမံချက်များရေးဆွဲပြီးတော့ ဆောင်ရွက်လျက် ရှိပါတယ်။ အခုဖော်ပြခဲ့တဲ့အတိုင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေနိုင်မယ့် နိုင်ငံတော်အဆင့်သုတေသနလုပ်ငန်းများကို ဆောင်ရွက်နေသလို အခြား ပြည်ထောင်စုဝန်ကြီးဌာနတွေကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံတဲ့ နိုင်ငံတော်အဆင့်စီမံကိန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်
