လုပ်ပိုင်ခွင့် အာဏာကိုအသုံးပြု၍ ငွေကြေးများအလွဲသုံးစားပြုလုပ်ခြင်း၊ လယ်မြေများကို လယ်တောင်သူမသိဘဲ ရောင်းချခြင်း၊ အများပိုင်အဆောက်အဦများကို မိမိသဘောဖြင့် ရောင်းချခြင်းပြုလုပ်နေသော ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းများအား မည်ကဲ့သို့ အရေးယူပေးရန် အစီအစဉ်ရှိသည်ကို သိရှိလိုပါတယ် ရှင်။ ကျိုးကြောင်းဖော်ပြချက်အနေနဲ့ လုပ်ပိုင်ခွင့်အာဏာကိုအသုံးချပြီး လူထုအပေါ် တွင် ငွေကြေးအလွဲသုံးစားပြုလုပ်ခြင်း၊ ဥပမာ စာသင်ကျောင်းဆောက်လုပ်ခြင်း၊ လမ်းပြုပြင်ခြင်း၊ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးဆောင်ရွက်ခြင်း၊ ဆေးပေးခန်းဆောက်လုပ်ခြင်းစသည့် ကောက်ခံရရှိ သည့်ငွေကြေးများကို ငွေစာရင်းရှင်းတမ်းများပြုလုပ်နိုင်ခြင်းမရှိဘဲ အုပ်ချုပ်ရေးမှူး၏ သဘောဖြင့် သုံးစွဲခဲ့ပါသည်။ ထို့အပြင် မသိနားမလည်သော တောင်သူလယ်သမားများအပေါ် အခွင့်ကောင်းယူ၍ လယ်မြေကို ခြံမြေအဖြစ် အခြားသူများကိုရောင်းချခြင်း၊ ကျေးရွာပိုင်သင်္ချိုင်းများကို ရွာလူထုမသိ အောင် ရောင်းချခြင်း၊ သမဝါယမပိုင်မြေနေရာများကို မိမိသဘောဖြင့်ရောင်းချခြင်း၊ ကျေးရွာလမ်း များကို မိမိသဘောဖြင့် အကွက်ချရောင်းချစီမံခြင်း ပြုလုပ်လျက်ရှိပါသည်။ ကျေးရွာသူရွာသားများမှ ငွေစာရင်းရှင်းတမ်းတောင်းခံသောအခါ ငွေစာရင်းမရှင်းနိုင်ဘဲ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး သို့ တိုင်ကြားသည့်အခါမှာလည်းပဲ မြို့နယ်မှခရိုင်သို့လည်းကောင်း၊ ခရိုင်မှမြို့နယ်သို့လည်းကောင်း စစ်ဆေးရေးပြုလုပ်နေရင်းနဲ့ အချိန်ကြန့်ကြာလျက်ရှိပါသည်။ သို့သော် မည်သူ့ကိုမျှ အရေးယူ ဆောင်ရွက်ပေးခြင်းမရှိပါ။ သို့ဖြစ်ပါ၍ ငွေအလွဲသုံးစားပြုလုပ်ပြီး အကျင့်ပျက်သိက္ခာမဲ့စွာ ပြုလုပ် နေသော အုပ်ချုပ်ရေးမှူးဟောင်းများအား မည်ကဲ့သို့အရေးယူဆောင်ရွက်ခွင့်ရှိသည် မည်သည့်ဌာန သို့ တိုင်ကြားခွင့်ရှိသည်ကို သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ အခန်း (၅) ပုဒ်မ ၁၁ အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လိုက်နာထိန်းသိမ်းရမည့် ကျင့်ဝတ်များဖြစ်သည့် လုပ်ငန်းတာဝန်များကို ဥပဒေ၊ နည်းဥပဒေများ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနဲ့အညီ ဆောင်ရွက်ခြင်း၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်း၊ အရှိန်အဝါကို အသုံးပြုခြင်း၊ မသမာမှုပြုခြင်းနဲ့ မလျော်သြဇာသုံးခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ ဥပဒေများနဲ့အညီ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းတို့ကို ကျင့်သုံးဆောင်ရွက်ရပါသည်။ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများသည် လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း ပြုလုပ်ခဲ့မယ်ဆိုရင် အဲဒီဥပဒေ အခန်း (၈) ပုဒ်မ ၁၅ အရ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တစ်ဦးဦးနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုပြုလုပ်ပြီး ခရိုင် အုပ်ချုပ်ရေးမှူးအတည်ပြုချက်ဖြင့် နုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူခြင်းပြုလုပ်နိုင်သည်လို့ ပြဋ္ဌာန်းထားရှိပါတယ်။ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ ငွေကြေးများအလွဲသုံးစားပြုလုပ်ခြင်း၊ လယ်မြေများကို တောင်သူ မသိဘဲ ရောင်းချခြင်း၊ အများပိုင်အဆောက်အဦများကို မိမိသဘောဖြင့် ရောင်းချခြင်းပြုလုပ်သော ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းများအား မည်ကဲ့သို့အရေးယူဆောင်ရွက်ခွင့်ရှိသည် မေးခွန်းနှင့် စပ်လျဉ်း၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဟောင်းများက အဲဒီလို ဥပဒေ၊ နည်းဥပဒေများနဲ့ ညီညွတ်ခြင်းမရှိတဲ့ ဆောင်ရွက်မှုများရှိခဲ့ပါက လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ် တစ်ရပ်ရပ်ကို ဖောက်ဖျက်ခဲ့ခြင်းဖြစ်တဲ့အတွက် ၎င်းကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေပေါ်မူတည်ပြီးတော့မှ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူဆောင်ရွက်ခွင့် ရှိပါတယ်။ မည်သည့်ဌာနသို့ တိုင်ကြား နိုင်သည်မေးခွန်းနဲ့စပ်လျဉ်း၍ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားနိုင်တဲ့အပြင် သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့ကို အချက်အလက်မှန်ကန်ပြည့်စုံစွာ တင်ပြတိုင်ကြားနိုင်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
