(ဃ)-ပြည်သူပိုင်၊ ဌာနဆိုင်ရာပိုင်၊ သမဝါယပိုင် အခန်းများနှင့်ပတ်သက်ပြီး အိုးအိမ်ဦးစီးဌာနအနေဖြင့် မည်ကဲ့သို့ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၄.၃.၂၀၁၃)

 

ရန်ကုန်မြို့ပေါ်ရှိ ပြည်သူပိုင်သိမ်းပြီးတိုက်ခန်းများကို ဌာနဆိုင်ရာများသို့ လည်းကောင်း၊ သမဝါယမများသို့လည်းကောင်း၊ အိုးအိမ်နှင့်တိုင်းကောင်စီမှ သိမ်းဆည်းထားသော တိုက်ခန်းများကို နိုင်ငံ့ဂုဏ်ဆောင်ပုဂ္ဂိုလ်များသို့လည်းကောင်း လွှဲပြောင်းနေထိုင်ခွင့်ချထားပေးခဲ့ပါ တယ်။ ယခုအခါဌာနဆိုင်ရာအကြီးအကဲများကို ဌာနမှနေထိုင်ခွင့်ပေးထားသော အခန်းတို့နှင့် သမဝါယမပိုင်အခန်းများအဖြစ်  အသုံးပြုခဲ့သောအခန်းအချို့သည် အခန်းလွတ်များအဖြစ် တွေ့ရှိ နေရပါတယ်။ ယခင်ကဝန်ကြီးဌာနများ ရန်ကုန်မြို့တွင်ရှိသဖြင့် ဝန်ကြီးဌာနပိုင်အခန်းများတွင်ဌာန အကြီးအကဲများနေထိုင်ခဲ့ကြသော်လည်း ယခုအခါနေပြည်တော်သို့ ပြောင်းရွှေ့သွားသဖြင့် အချို့ အခန်းများနေထိုင်ခြင်းမရှိတော့ပါ။ ၂၀၀၃ ခုနှစ် လေလံပစ်သောအခန်းများတွင်လည်း တချို့အခန်း များ ပါဝင်ခြင်းမရှိတာကို တွေ့ရှိရပါသဖြင့် ဝန်ကြီးဌာနများနှင့် သမဝါယမပိုင်အခန်းများကို အိုးအိမ်သို့ လွှဲပြောင်းရာတွင် အချို့အခန်းများကျန်ရှိနိုင်ပါတယ်။ နိုင်ငံတော်ပိုင် အခန်းများဆုံးရှုံး နစ်နာမှုမရှိ စေရန်အတွက် အောက်ပါမေးခွန်းများကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါတယ်။ မေးခွန်း (၁) ဝန်ကြီးဌာနနှင့်သမဝါယမပိုင်အခန်းများ အိုးအိမ်သို့အပ်နှံရာတွင် အသုံးမလိုတော့သည့် အခန်းများ အားလုံး နိုင်ငံတော်သို့အပြီးအပ်ပြီး၊ မအပ်ပြီးစိစစ်ဖြစ်ပါသလား။ မေးခွန်း(၂) အိုးအိမ်သို့အပ်နှံထား သော အခန်းများနှင့်ပတ်သက်ပြီး မည်ကဲ့သို့ စီမံခန့်ခွဲလျက်ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုအစိုးရအဖွဲ့ နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက် ရန်ကုန်မြို့ရှိ ဝန်ကြီးဌာနများနှင့် သမဝါယမအသင်းပိုင်အခန်းများအပါအဝင် ရုံးအ‌ဆောက်အဦများ၊ လူနေအိမ် များနှင့်ပတ်သက်ပြီး၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဆောက်လုပ်ရေးဝန်ကြီး ဌာန အတွင်းရေးမှူးအဖြစ်ဆောင်ရွက်တဲ့ နိုင်ငံပိုင်အဆောက်အဦများ၊ ရုံးဌာနနဲ့ လူနေအိမ်များ စီမံခန့်ခွဲရေးကော်မတီကို ၂၀၀၈ ခုနှစ် သြဂုတ်လမှာဖွဲ့စည်းပြီး ကွင်းဆင်းစိစစ် စီမံခန့်ခွဲခဲ့ပါတယ်။ စီမံခန့်ခွဲရေးကော်မတီက ဝန်ကြီးဌာနများမှအပ်နှံလာတဲ့ မြေအဆောက်အဦများနဲ့ လူနေအိမ်ခန်း များအား ကွင်းဆင်းစိစစ်ပြီးတော့ ရောင်းချရန်သင့်တော်သောအဆောက်အဦများကို ပြည်ထောင်စု ဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဦးစီးတဲ့ နိုင်ငံတော်ပိုင် အဆောက်အဦများ၊ စီမံကိန်းအဆောက်အဦများ၊ လူနေအိမ်ရာများနဲ့ မြေကွက်များရောင်းချရေး ကော်မတီသို့ စာရင်းလွှဲပြောင်းပေးခြင်း၊ အချို့အား အခြားနည်းဖြင့် ပြောင်းလဲသုံးစေခြင်းမျိုးကို စီမံခန့်ခွဲခဲ့ပါတယ်။ စီမံခန့်ခွဲရေးကော်မတီမှစိစစ်ပြီးနောက် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်း များမှ မြေ၊ အဆောက်အဦနှင့် လူနေအိမ်ခန်းများကို ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဦးစီးသည်‌့ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန  လက်ခံထိန်းသိမ်းရေးအဖွဲ့ထံသို့ လက်ရောက် လွှဲပြောင်းလက်ခံစေခဲ့ပါတယ်။ အချို့အဆောက်အဦများကို ဝန်ကြီးဌာနများမှ လက်ခံထိန်းသိမ်းရေး အဖွဲ့ထံ လွှဲပြောင်းခြင်းမပြုဘဲ ဆက်လက်ထိန်းသိမ်းပြီး ရောင်းချရေးကော်မတီနဲ့ တိုက်ရိုက်တင်ပြ လေလံတင်ရောင်းချခြင်းများလည်‌းရှိပါတယ်။ ထို့အပြင် အချို့ပြည်သူပိုင်သိမ်း၊ နိုင်ငံပိုင်သိမ်းအခန်း များနဲ့ပတ်သက်၍ မူလပိုင်ရှင်ရဲ့ အဆက်အနွယ်နဲ့ပတ်သက်တဲ့သူများကနေပြီးတော့ ပြန်လည် တောင်းခံခြင်းများအပါအဝင် ပိုင်ဆိုင်မှုစိစစ်ခြင်း မပြီးပြတ်သေးတဲ့ အခန်းများကို ဝန်ကြီးဌာနများမှ နိုင်ငံတော်သို့ပြန်လည် အပ်နှံခြင်းမပြုနိုင်ဘဲ ခေတ္တထိန်းသိမ်းပြီး စိစစ်ဆောင်ရွက်နေတဲ့ ကိစ္စရပ်များ လည်းရှိပါတယ်။ စီမံခန့်ခွဲရေးကော်မတီအနေနဲ့ ရောင်းချရေးကော်မတီတို့ရဲ့လမ်းညွှန်မှုနဲ့ ဝန်ကြီးဌာန များမှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လက်ခံထိန်းသိမ်းရေးအဖွဲ့ကို လွှဲပြောင်းလက်ခံထားတဲ့မြေကွက်၊ လူနေတိုက်ခန်း၊ လူနေလုံးချင်း၊ ရုံးအဆောက်အဦ၊ ဂိုထောင်၊ အဆောင်၊ ဆေးခန်းနဲ့ ဆိုင်ခန်းဟာ စုစုပေါင်း ၈၆၈ ခုရှိခဲ့ရာ ၂၄၄ ခုကိုရောင်းချပြီးဖြစ်ပါတယ်။  ကျန်ရှိတဲ့ ၆၂၄ခုအနက်မှ ၅၁၁ ခုကို ဝန်ကြီးဌာနများကို ပြန်လည်လွှဲပြောင်းပေးပြီးဖြစ်လို့လက်ဝယ်မှာ ၁၀၉ ခုကျန်ရှိပါတယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊  မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက ခေတ္တထိန်းသိမ်းထားတဲ့ အဆိုပါကျန်ရှိတဲ့ အဆောက်အဦ၊ အိမ်ခန်းနဲ့ မြေနေရာကွက် ၁၀၉ ခုနဲ့ ပတ်သက်ပြီးတော့ ပိုင်ဆိုင်မှုအရှုပ်အထွေးများ မပြီးပြတ်သေးတဲ့ ဝန်ကြီးဌာနများ လက်မှာရှိတဲ့ အခန်း များနဲ့ပတ်သက်ပြီး နိုင်ငံပိုင်သိမ်းဆည်းထားတဲ့ပစ္စည်းများ၊ အိမ်ရာစီမံကိန်းများရှိ အဆောက်အဦများနဲ့ မြေယာကွက်များကို စီမံခန့်ခွဲမှုကော်မတီအနေနဲ့ ရောင်းချရေးကော်မတီနဲ့ ညှိနှိုင်းပြီးတော့  နိုင်ငံတော်မှ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် စနစ်တကျဆက်လက်ပြီး စီမံဆောင်ရွက်လျက် ရှိပါကြောင်း  ရှင်းလင်းဖြေကြားပါသည်။