ဒီမေးခွန်းနဲ့ပတ်သက်လို့ အနည်းငယ် ကျွန်မဘဝနဲ့ယှဉ်ပြီး တင်ပြလိုပါတယ်။ ကျွန်မရဲ့ဖခင်ကြီးကတော့ ရုပ်ရှင်မင်းသားကြီးတစ်ဦးဖြစ်ပြီး မြန်မာ့အသံမှာဓာတ်ပြားရ အဆိုတော်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။ ကျွန်မအနေနဲ့ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ဖခင်ကြီးရဲ့ရုပ်ရှင်ရိုက်ကွင်းအပေါ်မှာ ကြီးပြင်းလာခဲ့ရတဲ့အတွက် အနုပညာရှင် များစွာရဲ့ ရင်တွင်းဖြစ်ခံစားမှုများကို နားလည်မိခဲ့ပါတယ်။ ထို့အပြင် ကျွန်မရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ တာမွေမြို့နယ်ဟာလည်း အနုပညာရှင်များစွာ နေထိုင်တဲ့နေရာဖြစ်ပြီး ၎င်းတို့ဟာ ကျွန်မရဲ့ မဲဆန္ဒရှင်များလည်းဖြစ်ပါတယ်။ ၎င်းတို့ရဲ့ခံစားချက်များကို လွှတ်တော်ထဲအထိရောက်အောင် ကျွန်မကိုပို့ဆောင်ပေးခဲ့ပါတယ်ရှင်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ မြန်မာ့ရုပ်ရှင်၊ ဗွီဒီယို၊ အနုပညာရှင်များ၊ တေးသံရှင်များသည် နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုမှန်သမျှ လမ်းတံတားကြီး များဖွင့်ပွဲတွေ၊ နေ့ထူးနေ့မြတ်ကြီး တွေမှာဂုဏ်ပြုဇာတ်လမ်းများ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် တဲ့ တေးသီချင်းများစွာတို့ကို အမျိုးသားရေးစိတ်ဓာတ်အပြည့်အဝနဲ့ အင်တိုက်အားတိုက် ပါဝင် ဆောင်ရွက်ခဲ့ကြပါတယ်။ အနုပညာရှင်လုပ်ငန်းများမှာလည်း ရုပ်ရှင်၊ ဗွီဒီယိုထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းများ၊ တေးသံသွင်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းရှင်များနဲ့ အနုပညာရှင်များဟာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆက်စပ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြပါတယ်။ အနုပညာလုပ်ငန်းမှာ ရိုက်ကူး၊ ထုတ်လုပ်၊ တည်းဖြတ်၊ ကူးယူ၊ ဖြန့်ချိ၊ ငှားရမ်း၊ ပြသလုပ်ငန်းခွဲများမှာ လုပ်ငန်းရှင်အင်အား ၇၀၀၀၀ ခန့်ပါရှိပါတယ်။ အနုပညာရှင် များသည် သရုပ်ဆောင်၊ ဇာတ်ပို့၊ ဇာတ်ရံ၊ ဝတ္ထု၊ ဇာတ်ညွှန်း ပညာရှင်များနဲ့ ကင်မရာမင်းများ၊ စက်အဖွဲ့များ၊ တည်းဖြတ်အဖွဲ့များစသည်ဖြင့် အတတ်ပညာရှင်များ ကလည်း လူ ၁၀၀၀၀ ခန့် ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ ထိုကဲ့သို့ အနုပညာရှင်များ၊ အတတ်ပညာရှင်များကို မှီခိုစားသောက်နေထိုင်ကြတဲ့ ၎င်းတို့ရဲ့မိသားစုဝင်များကို မြန်မာနိုင်ငံမှာ ခန့်မှန်းခြေစုစုပေါင်း ကြည့်မယ်ဆိုရင် လူဦးရေ ၄၀၀၀၀၀ ခန့်ရှိပါတယ်ရှင်။ ဒါ့ကြောင့် အနုပညာ လုပ်ငန်းကို မီးခိုးမထွက်သော စက်ရုံကြီးတစ်ခုလို့ တင်စားပြောဆိုလို့လည်းရနိုင်ပါတယ်ရှင်။ ဗွီဒီယို ကားတစ်ကားထုတ်လုပ်တဲ့နေရာမှာ ငွေကြေးများစွာရင်းနှီးမြှုပ်နှံပြီး ထုတ်လုပ်ရပါတယ်။ သက်ဆိုင်ရာ ဖြန့်ချိသူမှတစ်ဆင့် တစ်ပြည်လုံးသို့ ရုံကြည့်၊ အိမ်ကြည့်အဆင့်ဆင့်ကို ရောက်ရှိသွားပါတယ်။ တစ်ချိန်တည်းမှာပဲ မသမာသူ ဝိသမလောဘသားများက ခိုးကူးခွေများကို မြန်မာ့ဗွီဒီယိုကားများ တိုးတက်မှုနဲ့ အတူတစ်ပါတည်း လုပ်ကိုင်လာခဲ့ကြပါတယ်။ ယခုအခါ ခိုးကူးခွေထုတ်လုပ်သူများမှာ ငွေကြေးအရ အမြတ်အစွန်းများစွာရှိပြီး ဈေးကွက်မှာတရားမဝင်ပဲ အခိုင်အမာရပ်တည်နေကြပြီ ဖြစ်ပါတယ်။ ခိုးကူးခွေထုတ်လုပ်မှုလုပ်ငန်းမှာ အကျိုးအမြတ်များစွာရရှိပြီး တရားဝင် ငွေကြေး ရင်းနှီးမြှုပ်နှံခဲ့တဲ့သူတွေမှာ စိုက်ထုတ်အားထားတဲ့ အရင်းအနှီးတွေ ပြန်မရရှိတော့ဘဲနဲ့ အချို့မှာ မိမိတို့ရဲ့လုပ်ငန်းများကို ပိတ်သိမ်းသွားရသူများလည်း များစွာရှိနေပါတယ်ရှင်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင့်။ မြန်မာနိုင်ငံဗွီဒီယို အခြေခံအဖွဲ့ဗဟိုနဲ့ ခိုးကူးခွေကိစ္စများကို အရေးယူဆောင်ရွက်မှု များစွာရှိတာကိုလည်း ကျွန်မအနေနဲ့လေ့လာတွေ့ရှိရပါတယ်။ သို့သော်ငြားလည်း ဖမ်းဆီးတဲ့နေရာမှာ ခက်ခဲမှုများရှိပြီး ထိရောက်မှုနည်းပါးနေတယ်ဆိုတာ ထပ်မံတွေ့ရှိရပါတယ်။ ဒါ့ကြောင့် တာဝန်ရှိသော ဝန်ကြီးဌာနများမှ ဟန်ချက်ညီညီနဲ့ဆောင်ရွက်ပေးနိုင်ရန် အကြံပြုဆွေးနွေးမေးမြန်း တင်ပြရခြင်း ဖြစ်ပါတယ်ရှင်။
ဥက္ကဋ္ဌကြီးရှင့်။ ခိုးကူးခွေများဆိုတာဖြစ်လာသဖြင့် အဓိကနစ်နာသူကတော့ နံပါတ်တစ် အနုပညာရှင်များဖြစ်ပါတယ်။ အနုပညာရှင်များ မြင့်မားသောသရုပ်ဆောင် ကျား/မ ဟာ မြန်မာနိုင်ငံ မှာ ၁၀ ဦးထက်မပိုနိုင်ပါဘူး။ ထိုအခါ ကျန်အနုပညာရှင်၊ အတတ်ပညာရှင်များနှင့်၎င်းတို့ကို မှီခို စားသောက်နေရတဲ့ မိသားစုဝင်များရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတို့ဟာ ခိုးကူးခွေများ ကြောင့်ထိခိုက်နစ်နာလာရပါတယ်။ နောက်တစ်ဦးကတော့ ဇာတ်ကားပိုင်ရှင်များနဲ့ ဖြန့်ချိသူများရဲ့ နစ်နာမှုများဖြစ်ပါတယ်။ နောက်ထပ် နစ်နာသူများကတော့ အပန်းဖြေကြည့်ရှုနေကြတဲ့ ကျွန်မတို့ရဲ့ ပြည်သူများပဲဖြစ်ပါတယ်ရှင်။ ထုတ်လုပ်သူများဟာ ခိုးကူးခွေများကြောင့် အမြတ်အစွန်းရသင့် သလောက်မရရှိတဲ့အတွက် စရိတ်များလျှော့ချလာရတဲ့အတွက် အရည်အသွေးကျဆင်းလာတဲ့ ဇာတ်ကားများကိုပါ ပြည်သူက ကြည့်ရှုနေရပါတော့တယ်။ ဒါ့အပြင် နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်ရေးအတွက် နိုင်ငံတော်မှာနစ်နာရပြီး နောက်ဆုံးမှာတော့ အနုပညာရှင်သရုပ်ဆောင်များရဲ့ သရုပ်ဆောင်ခဈေးနှုန်းများဟာ တဖြည်းဖြည်းလျော့နည်းလာရခြင်းပဲ ဖြစ်ပါတယ်။ ခိုးကူးခွေများ နဲ့ပတ်သက်ပြီး တရားမဝင်ပြဋ္ဌာန်းချက်မှာ ဆင်ဆာမဲ့အခွေ ထုတ်လုပ်ဖြန့်ချိတဲ့နေရာမှာ ဒဏ်ငွေ တစ်သိန်း သို့မဟုတ် ထောင်ဒဏ်သုံးနှစ်ဟု ၁၉၉၆ ခုနှစ်၊ ဇူလိုင်လက မြန်မာ့ရုပ်မြင်သံကြားနဲ့ ဗွီဒီယိုဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။ သို့သော်ငြားလည်း ယနေ့အချိန်မှာ ဗွီဒီယိုထုတ်လုပ်မှုစရိတ်မှာ လွန်ခဲ့တဲ့ ၁၅ နှစ်ကထက် အဆပေါင်းများစွာ မြင့်တက်နေတာဖြစ်ပါတယ်။ ထို့အပြင် ခိုးကူးသောဝိသမ လောဘသားတို့မှာ ဥပဒေအရဖမ်းဆီးခံရလျှင် ၎င်းတို့ရရှိတဲ့ အမြတ်အစွန်းများက များပြားလှပြီး ဒဏ်ငွေဆောင်ရတာက တစ်သိန်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဝမ်းမြောက်ဝမ်းသာနဲ့ပဲ အဲဒီ တစ်သိန်းကို ပေးဆောင်ကြပြီး အနုပညာရှင်များအပေါ်မှာ အညွန့်ခူးစားကြီးပွားလျက်ရှိတာကို တွေ့ရှိရပါတယ်။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရှင့်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်တဲ့ နေရာမှာလည်း အနုပညာရှင်များရဲ့ ထူးခြားပြောင်မြောက်လှတဲ့ အခန်းကဏ္ဍများစွာ ပါဝင်ပါတယ်။ ၎င်းတို့ရဲ့စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လည်းကောင်း၊ မြန်မာ့ရုပ်ရှင်၊ သဘင်၊ ဂီတနိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန်အတွက် လည်းကောင်း ရည်စူးပြီး အခုလိုမေးခွန်းကို ကျွန်မအနေနဲ့ မေးမြန်းရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် တရားမဝင် ဗွီဒီယိုခွေများခိုးယူပြီး ဖြန့်ချိနေသူများအား တည်ဆဲဥပဒေနှင့်အရေးယူသည့်အခါတွင် တစ်ကြိမ်သာဒဏ်ငွေ တစ်သိန်းသတ်မှတ်ပြီး၊ နှစ်ကြိမ်အထက် အကြိမ်ကြိမ်ဖမ်းဆီးမိပါက ၎င်းအား ဒီထက်ပြင်းထန်သော ထောင်ဒဏ်၊ ငွေဒဏ်နှစ်ရပ်ဖြင့် မည်သို့ဆောင်ရွက်နိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ပန်းပုစတဲ့ အနုပညာအမွေအနှစ်များ၊ ဘာသာရေး၊ လူမှုရေးစတဲ့ အမျိုးသားယဉ်ကျေးမှုထုံးဓလေ့အစဉ်အလာကောင်းများ အလွန်ကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒီအနုပညာအမွေအနှစ် ယဉ်ကျေးမှုနဲ့ ထုံးတမ်းဓလေ့အစဉ်အလာ ကောင်းများဟာ မြန်မာလူမျိုးတို့ရဲ့ ထင်ရှားခမ်းနားတဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာများအဖြစ် ကမ္ဘာ့ အလယ်မှာ ဝင့်ထည်စွာရပ်တည်နိုင်အောင် အထောက်အကူပြုလျက်ရှိပါတယ်။ ယနေ့ ရုပ်ရှင်၊ ဗွီဒီယို၊ ဂီတစတဲ့ အနုပညာထုတ်လုပ်မှုများဟာ မြန်မာရိုးရာယဉ်ကျေးမှုကို အခြေခံပြီး မြန်မာပြည်သူများ အနေနဲ့ အနုပညာရသများ မွေ့လျော်ခံစားနိုင်အောင် ဖျော်ဖြေမှုပေးလျက်ရှိပါတယ်။ ဒါ့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့လည်း မိမိတို့လူမျိုးရဲ့ ခမ်းနားထည်ဝါခဲ့တဲ့ ရိုးရာယဉ်ကျေးမှုထုံး ဓလေ့အစဉ်အလာများပျောက်ကွယ်မှေးမှိန်မသွားရအောင် အရိုးပေါ်အရွက်မဖုံးဘဲ ဆက်လက်ရှင်သန် နိုင်အောင်ရည်ရွယ်ပြီး လက်ရှိရုပ်ရှင်ဗီဒီယိုကားများ ထုတ်လုပ်မှုအပေါ် ထိန်းသိမ်းကြပ်မတ်ဆောင် ရွက်လျက်ရှိပါတယ်။ အဲဒီလို ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရာမှာ မြန်မာ့ယဉ်ကျေးမှုကို အခြေခံပြီး တီထွင်မှု၊ ဆန်းစစ်မှု၊ ဖန်တီးမှုများနဲ့ပေါင်းစပ်ကာ အဆင့်မီတဲ့ဖျော်ဖြေတင်ဆက်မှုများဖြစ် လာအောင် ရုပ်ရှင်၊ ဗွီဒီယိုလောကသားများပေါ် အားပေးကူညီလျက်ရှိပါတယ်။ တစ်ဖက်က အားပေး ကူညီနေသလို အခြားတစ်ဖက်ကလည်း ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ ကြပ်မတ် ထိန်းသိမ်းခြင်း၊ ပညာပေးအရေးယူခြင်းများကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါတယ်။ ကြပ်မတ်ထိန်းသိမ်းမှုအပိုင်းမှာ အပိုင်းနှစ်ပိုင်းခွဲပြီး စနစ်တကျထိန်းသိမ်းကြပ်မတ်လျက်ရှိပါတယ်။ ပထမပိုင်းကတော့ အမျိုးသားယဉ်ကျေးမှု ဓလေ့စရိုက်များ မှေးမှိန်ပျောက်ပျက်မသွားရအောင် ထိန်းသိမ်းပေးခြင်းဖြစ်ပြီး၊ ဒုတိယပိုင်းကတော့ တိုင်းတစ်ပါးသရုပ်ပျက် ယဉ်ကျေးမှုများထိုးဖောက် ဝင်ရောက်မလာအောင် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနဲ့အညီ ကြပ်မတ်ထိန်းသိမ်းခြင်းပဲဖြစ်ပါ တယ်။ ယခုအခါမှာ ရုပ်ရှင်၊ ဗွီဒီယို၊ ဂီတ ထုတ်လုပ်သူများအနေနဲ့ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ထိပါးစေတဲ့ ရိုက်ကူးထုတ်လုပ်ပြသမှုများရှိနေသလို အချို့သော စီးပွားရေးသမားများကလည်း သူတစ်ပါးရိုက်ကူးထုတ်လုပ်ထားတာတွေကို တရားမဝင်ခိုးကူးရောင်းချခြင်း၊ ပြည်ပမှ တရားမဝင် ဆင်ဆာမဲ့အခွေများ၊ ညစ်ညမ်းအခွေများကို တင်သွင်း၍ တရားမဝင်ဖြန့်ချိခြင်းများ ဆောင်ရွက်လျက် ရှိတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ အဲဒီလို စည်းကမ်းဖောက်ဖျက်မှုများကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ပုဂ္ဂိုလ်များ၊ ဒေသအုပ်ချုပ်ရေးအာဏာပိုင် များနှင့် ပူးပေါင်းဖွဲ့စည်းထားတဲ့ ဗွီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီ အဆင့်ဆင့်တို့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြပ်မတ်ဖမ်းဆီးထိန်းသိမ်းဆောင်ရွက်လျက်ရှိပါတယ်။ သို့သော် အဲဒီလို ထိန်းသိမ်းအရေးယူ ဆောင်ရွက်ရာမှာ ပြစ်မှုကျူးလွန်တိုင်း ကျူးလွန်သူ ပြည်သူကို ဖမ်းဆီးထောင်ချ ပါက ၎င်းတို့အနေဖြင့် ထောင်ကျပြီး ကြီးမားတဲ့နစ်နာမှုများမဖြစ်ရအောင် ဖမ်းဆီးကြပ်မတ်တဲ့အဖွဲ့ အနေနဲ့ သာမန်ကျူးလွန်သူများကို ထုတ်ပြန်ထားတဲ့အမိန့်နဲ့ ညွှန်ကြားချက်များနဲ့အညီ သတိပေးခြင်း၊ ငွေဒဏ်သတ်မှတ်ခြင်းများဖြင့် သက်ညှာစွာ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ ကျူးလွန်တဲ့ပြစ်မှု ကြီးမားသူတွေကိုတော့ တရားရုံးပို့ပြီး သက်ဆိုင်ရာဥပဒေများနှင့်အညီ တရားစွဲဆို ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီလို တရားစွဲဆိုရာမှာ ရုပ်မြင်သံကြားနဲ့ ဗွီဒီယိုဥပဒေပါဥပဒေပုဒ်မ ၃၂၊ ၃၃ တို့နှင့် တရားစွဲဆိုအရေးယူလျက်ရှိပါတယ်။ ရုပ်မြင်သံကြားနဲ့ ဗွီဒီယိုဥပဒေကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ ဥပဒေအမှတ် ၈/၉၆ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အဲဒီဥပဒေပါ ဥပဒေပုဒ်မ ၃၂၊ ၃၃ တို့အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် ၁၀၀၀၀၀/- အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်အရေးယူနိုင်ကြောင်း ဖော်ပြပါရှိပါတယ်။ သို့သော် တစ်နိုင်ငံလုံးမှာဖြစ်ပွားခဲ့တဲ့ တရားမဝင်ခိုးကူးခွေများ ထုတ်လုပ်ဖြန့်ချိရောင်းချမှုများကို ဖမ်းဆီး အရေးယူခဲ့တဲ့ဖြစ်စဉ်များကို သုံးသပ်ကြည့်ပါက ရုပ်မြင်သံကြားနဲ့ဗွီဒီယို ဥပဒေပုဒ်မ ၃၂၊ ၃၃ ပါ ထောင်ဒဏ် ၃ နှစ်သည် ကျူးလွန်မှုများကိုတားဆီးရာမှာ လုံလောက်တဲ့ပြစ်ဒဏ်ဖြစ်သော်လည်း ငွေဒဏ်ကျပ် ၁၀၀၀၀၀/-မှာမူ ယခုခေတ်ကာလအရ ကျူးလွန်မှုများကို တားဆီးရန်လုံလောက်သော ဒဏ်ငွေမဟုတ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ အဲဒီလို စိစစ်တွေ့ရှိမှုများအရ ၁၉၉၆ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ရုပ်မြင်သံကြားနဲ့ဗွီဒီယိုဥပဒေပါပြစ်မှု၊ ပြစ်ဒဏ်များအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မ များအပါအဝင် ဥပဒေပုဒ်မ ၁၄ ခုကို ဖြည့်စွက်ခြင်း၊ ပြင်ဆင်အစားထိုးခြင်း၊ ဖြုတ်ပယ်ခြင်းများကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ညှိနှိုင်းပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ အဆိုပါ ပြင်ဆင်မှုများအနက် ထောင်ဒဏ် ၃ နှစ်ကို မူလအတိုင်းမပြောင်းလဲဘဲ ငွေဒဏ်ကို မူလကျပ် ၁၀၀၀၀၀/- မှ ကျပ် ၅၀၀၀၀၀/-အထိ တိုးမြှင့်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ အဲဒီလို ပြင်ဆင်လိုက်ခြင်း အားဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ် ကျပ် ၅၀၀၀၀၀ိ/-ဟာ ကျူးလွန်မှုများကို တားဆီးရန်အတွက် လုံလောက်သော ပြစ်ဒဏ်များ ဖြစ်လာမှာဖြစ်ပါတယ်။ ယခုအခါမှာ ဖြည့်စွက်ပြင်ဆင်ထားတဲ့ ရုပ်မြင်သံကြားနဲ့ ဗွီဒီယိုဥပဒေကို ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဦးဆောင်သော ဝန်ကြီးဌာနစီမံခန့်ခွဲ ရေးကော်မတီမှအတည်ပြုပြီး ဖြစ်တဲ့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပြင်ဆင်အတည်ပြုပေး ရန် စက်တင်ဘာလ ၆ ရက်နေ့မှာ ဆက်လက်ပေးပို့ထားပြီးဖြစ်ပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပြင်ဆင်အတည်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်ပြီး ပြည်ထောင်စု လွှတ်တော်ရဲ့အတည်ပြုချက် ရယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။
