မျက်မှောက်ကာလတွင် တိုးတက်ဖြစ်ပေါ်နေတဲ့ ခေတ်မီသတင်းနဲ့ ဆက်သွယ်ရေးနည်းပညာများကိုအသုံးပြုပြီး တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လျက် ရှိရာတိုင်းတစ်ပါးအတွေးအခေါ်များ၊ တိုင်းတစ်ပါးယဉ်ကျေးမှုများ သိမ်းသွင်းမှုများကို ကျွန်တော်တို့ မျိုးချစ်စိတ်ဓာတ်ဖြင့်လည်းကောင်း၊ ကျွန်တော်တို့ရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ကိုယ်ခံအားဖြင့် လည်းကောင်း ကာကွယ်ကြရမှာဖြစ်ပါတယ်။
ရာစုနှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ကြည့်လျှင် ခန့်ညားထည်ဝါမှု၊ လှပသိမ်မွေ့မှု၊ နိုင်ငံ့ဂုဏ်ရည်နဲ့ အမျိုးသားရေးစိတ်ဓာတ် ကြီးမားမှု စတဲ့ပုံရိပ်များထင်ဟပ်နေသည်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ မြန်မာမူ၊ မြန်မာ့ဟန်၊ မြန်မာဆန်သော အမျိုးသားရေးလက္ခဏာတို့ကို ထင်ရှားစွာတွေ့ရှိရမည်ဖြစ်ပါတယ်။ သို့ဖြစ်လေရာ တန်ဖိုးကြီးမားတဲ့ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများ ရေရှည်တည်တံ့ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအဖြစ် ကမ္ဘာ့ အလယ်တွင် ဂုဏ်သိက္ခာမြင့်မားထည်ဝါစွာ ရပ်တည်နိုင်ရေးအတွက် မြန်မာတို့၏ အနုပညာ အမွေအနှစ်များ မတိမ်ကောမပျောက်ပျက်စေရန် ထိန်းသိမ်းသွားကြရမှာ ဖြစ်ပါတယ်။
မြန်မာ့ရိုးရာအဆို၊ အက၊ အတီးများကို အခြေခံပညာကျောင်းများမှာ သင်ကြားပေးနေတာလည်း တွေ့ရှိရပါတယ်။ ဒါပေမယ်လို့ စာသင်ခန်းအကန့်အသတ်ကြောင့် အောင်မြင်မှုနည်းနေတာကိုလည်း တွေ့ရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယဉ်ကျေးမှုတက္ကသိုလ်သို့ တက်ရောက်သင်ကြားရာမှာလည်း အခြေခံပညာအထက်တန်းအောင်မှ တက်ရောက်သင်ကြားနိုင်မည် ဖြစ်ပါတယ်။ ဒါ့ကြောင့် ယဉ်ကျေးမှုတက္ကသိုလ်သို့မရောက်ရှိမီ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပဝါသနာရှင်ကလေးများအတွက် ပန်တျာမူ ဒါမှမဟုတ် ကျွန်တော်တို့ တစ်နည်းအားဖြင့် နိုင်ငံတော်မူ အစရှိတဲ့ အဆို၊ အက၊ အတီးများကို ယခင် ပန်တျာ ကျောင်းများနည်းတူ အချိန်ပိုင်းညနေသင်တန်းများဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့နိုင်ငံတော်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများကို ကျင်းပလာခဲ့တာ ၁၈ ကြိမ်ရှိခဲ့ပါပြီ။ အဲဒီ ၁၈ ကြိမ်မှာ ကျွန်တော်တို့နောက်ပိုင်း ၁၀ ကြိမ်နောက်ပိုင်းမှာ မြန်မာ့ဇာတ်သဘင်၊ မြန်မာ့ပြဇာတ်၊ နောက်တစ်ခါ မြန်မာ့ရိုးရာ စာဟော၊ စာပြောများကိုလည်း ထည့်သွင်းယှဉ်ပြိုင်တာကိုလည်းတွေ့ရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာ့လူနေမှုစရိုက်နဲ့ သင့်တော်တဲ့ နောက်တစ်ခု ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူများ အင်မတန်မှနှစ်သက်ကြတဲ့ အငြိမ့်တို့၊ ဇာတ်တို့ဟာ ယခုအခါမှာ အကြောင်းအမျိုးမျိုး ကြောင့်အနည်းငယ်တိမ်ကောနေတာတွေ့ရပါတယ်။ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများအနေနဲ့လည်း ယခု ထည့်သွင်းကျင်းပနေတာတွေ့ရပါတယ်။ အဲဒီတော့ ဥက္ကဋ္ဌကြီးခင်ဗျား။ နောက်လာမယ့် ၁၉ ကြိမ် မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများမှာ ဇာတ်သဘင်များယှဉ်ပြိုင်စေသကဲ့သို့ မျိုးဆက်သစ် အငြိမ့်ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါတယ်။
၂၀၁၀ ခုနှစ်က ယဉ်ကျေးမှုကဇာတ်ဌာနခွဲမှ မြန်မာ့ဂန္တဝင်ဇာတ်ကြီးများ ဖြစ်ကြတဲ့ အလင်္ကာကျော်စွာရွှေမန်းတင်မောင်ရဲ့ ဗုဒ္ဓဝင်ဖွားတော်မူခန်း၊ မင်းသားကြီးရွှေကြီးညိုနဲ့ မင်းသမီးပဲခူးမြတို့ရဲ့ သဒ္ဓါသုမနဇာတ်တော်ကြီးများကို ရန်ကုန်နဲ့မန္တလေးမြို့များမှာရှိတဲ့ မြို့သူမြို့သား များကို ယဉ်ကျေးမှုပြဇာတ်ဌာနခွဲမှ ကပြဖျော်ဖြေရာ အလွန်နှစ်သက်ဝမ်းသာစွာ အားပေးကြသည်ကို တွေ့ရှိရပါတယ်။ ဒါကြောင့် ယင်းဂန္တဝင်ဇာတ်တော်များနည်းတူ အခြားဂန္တဝင် ဇာတ်တော်များကို လည်းယဉ်ကျေးမှုပြဇာတ်ဌာနမှ ပြန်လည်ဖော်ထုတ်ကပြရန် အစီအစဉ် ရှိ၊ မရှိနဲ့ အဆင့်မီတဲ့ဇာတ်ရုံ များရှိတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်မြို့တော်ကြီးများသို့ လှည့်လည်ဖျော်ဖြေရန် အစီအစဉ် ရှိ၊ မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။
ပထမမေးခွန်းအတွက် ဖြေကြားရမယ် ဆိုရင် ပန်တျာကျောင်းများနှင့် ပန်းချီ၊ ပန်းပုကျောင်းများကို ကျွန်မတို့ဝန်ကြီးဌာနမှ ၁၉၅၂ ခုနှစ်၊ ၁၉၅၃ ခုနှစ်များမှာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ အလားတူ ဒီမြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို မျိုးဆက်သစ်များအတွင်း ဖြန့်ဝေပေးနိုင်ရေးအတွက် ယဉ်ကျေးမှုတက္ကသိုလ်များကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ်ခဲ့ပြီးတော့ အမျိုးသားအဆင့် အထိသတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှစပြီးတော့လည်းပဲ ဒီပန်တျာကျောင်းများနှင့် ပန်းချီ၊ ပန်းပုကျောင်းများကို အနုပညာအထက်တန်းကျောင်းများဟု ပြင်ဆင်ခေါ်ဝေါ်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် မှာ အဆိုပါကျောင်းများမှာ ညနေပိုင်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။ နေ့သင်တန်း နှင့် ညနေပိုင်းသင်တန်းများသည် သင်ရိုးညွှန်းတမ်း အတူတူဖြစ်သော်လည်း သင်ကြားချိန်ကွာခြားမှု ကြောင့်မို့လို့ ညနေပိုင်းသင်တန်းသားများ၏ သင်ယူတတ်မြောက်မှုနှင့် အနုပညာအရည် အသွေးပြည့်ဝမှု၊ ကွာခြားမှုရှိတယ်ဆိုတာကို ဆန်းစစ်တွေ့ရှိရခြင်း၊ ၁၉၈၅ ခုနှစ်နောက်ပိုင်းတွင် အဆို၊ အက၊အတီးပညာနှင့်ပန်းချီပညာသင်ကြားပေးတဲ့ ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်လာခြင်း၊ တက်ရောက် သင်ကြားလိုသူ သင်တန်းသားနည်းပါးလာခြင်းတို့ကြောင့် ၁၉၈၇ ခုနှစ်မှစတင်ပြီး ညနေပိုင်းသင်တန်း များကို ရပ်ဆိုင်းခဲ့ပါတယ်ရှင်။ သို့သော်လည်း ညနေပိုင်းသင်တန်းများအစား ၂၀၀၉ ခုနှစ်၊ မတ်လမှ စတင်ပြီးတော့ အနုပညာအထက်တန်းကျောင်းများ၌ နွေရာသီသင်တန်းများကိုဖွင့်လှစ်ပေးခဲ့ပြီးတော့ ပန်းချီ၊ အက၊ အဆိုနှင့်အတီးသင်တန်းတို့ကို စနစ်တကျသင်ကြားပေးခဲ့ပါတယ်။ နွေရာသီသင်တန်း နှစ်စဉ်တက်ရောက်နေသူများကို အခြေခံအဆင့်၊ တန်းမြင့်အဆင့်၊ သင်ရိုးကုန်အဆင့်စတဲ့ သင်ရိုးအဆင့် များအလိုက် သင်ကြားပေးလျက်ရှိပါတယ်ရှင့်။ သင်တန်းပြီးတဲ့အခါမှာလည်း သင်တန်းဆင်းလက်မှတ် များကို ချီးမြှင့်ပြီးတော့ အသိအမှတ်ပြုပေးလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ အနုပညာဘာသာရပ်များအား လေ့လာ ဆည်းပူးလိုသူများအတွက် အနုပညာအထက်တန်းကျောင်းများ၌ ညနေပိုင်းသင်တန်းအစား နွေရာသီသင်တန်းများ ဖွင့်လှစ်ထားရှိပြီးဖြစ်သည့်အတွက် ညနေပိုင်းသင်တန်းများ ဖွင့်လှစ်ရန် လောလောဆယ်အစီအစဉ်မရှိသေးပါကြောင်းဖြေကြားအပ်ပါတယ်ရှင်။ (သြဘာသံများ)
ကျွန်မဆက်လက်ပြီးတော့ ဦးအောင်ဆန်း၏ ဒုတိယမေးခွန်းကို ဖြေကြားမှာဖြစ်ပါတယ်ရှင်။ နိုင်ငံတော်အဆင့်မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှ စတင်ပြီးတော့ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲစတင်ချိန်က အဆိုနဲ့ပတ်သက်ပြီးတော့ မဟာဂီတ၊ အက၊ အရေး၊အတီး၊ အတီးနဲ့ပတ်သက်ရင် စောင်း၊ ပတ္တလား၊ နှဲ၊ ဆိုင်းဝိုင်းတို့ကို ယဉ်ပြိုင်စေခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်၊ ဒုတိယ အကြိမ်ပြိုင်ပွဲမှာတော့ တိုးချဲ့ပြီးတော့ယှဉ်ပြိုင်လာတဲ့ ဘာသာရပ်တွေရှိပါတယ်။ အဆိုဘာသာရပ်မှာ ဆိုရင်မဟာဂီတ၊ ဓမ္မတေး၊ ကာလပေါ်၊ အကဘာသာ၊ အရေး၊ အတီး၊ အတီးမှာဆိုလည်းပဲစောင်း၊ ပတ္တလား၊ ဆိုင်းဝိုင်း၊ နှဲ၊ စန္ဒရား၊တယော၊ ဆိုင်းဝိုင်းအဖွဲ့လိုက်၊ အိုးစည်၊ ဒိုးပတ် ပြိုင်ပွဲများကို တိုးချဲ့ပြီး တော့ပါဝင်ယှဉ်ပြိုင်စေခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်တွင် ရုပ်သေးကြိုးဆွဲပြိုင်ပွဲနှင့် ဇာတ်တော်ကြီးပြိုင်ပွဲ များကိုပါထည့်သွင်းပြီးတော့ကျင်းပပေးခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲကို တိုးချဲ့ကျင်းပပေးခဲ့ပါတယ်။ ထိုမှ အတီးပြိုင်ပွဲ၊ အတီးဘာသာရပ်တွေလည်း တူရိယာ ၁၂ မျိုးအထိ တိုးချဲ့ယှဉ်ပြိုင်စေခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ၁၅ ကြိမ်မြောက်ပြိုင်ပွဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကစတင်ပြီး တော့ ရှားပါးပျောက်ကွယ်စပြုလာတဲ့ ကွက်စိပ်ပြိုင်ပွဲကိုပါထည့်သွင်းပြီးတော့ ကျင်းပပေးခဲ့ပါတယ်။ ပြဇာတ်ကောင်းများထွက်ပေါ်လာရေးကို ရည်ရွယ်ပြီးတော့လည်း ပြဇာတ်ပြိုင်ပွဲကိုပါကျင်းပပေးခဲ့ပါ တယ်ရှင်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲများတိုးချဲ့ကျင်းပရာတွင် သဘာရင့်၊ ဝါရင့် ပညာရှင်ကြီးများ၏ အကြံအား၊ ဉာဏ်အားကို ရယူကာဆောင်ရွက်ခြင်းဖြစ်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုစစ်စစ်ဖြစ်ခြင်း၊ ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ မြှင့်တင်ခြင်းတို့ဖြင့် အကျိုး ရလဒ်ကောင်းများစွာ ရရှိခြင်းစတဲ့ အချက်များကို ထည့်သွင်းစဉ်းစားခြင်း ဖြစ်ပါတယ်ရှင်။ ဒါကြောင့် မို့လို့ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများတွင် မြန်မာ့ရိုးရာအနုပညာရပ်များအား နှစ်အလိုက် တိုးချဲ့ထည့်သွင်းယှဉ်ပြိုင်စေလျက်ရှိပါသဖြင့် နောင်နှစ်များတွင် အခြေအနေပေးလျှင်ပေးသလို အငြိမ့် ဘာသာရပ်သာမက အခြားသောအနုပညာဘာသာရပ်များကိုလည်း ထည့်သွင်းကျင်းပပေးသွားမှာဖြစ် ပါကြောင်း ဖြေကြားအပ်ပါတယ်ရှင့်။(သြဘာသံများ)
ဆက်လက်ပြီးတော့ ဦးအောင်ဆန်း၏တတိယမေးခွန်းကို ဖြေကြားမှာဖြစ်ပါတယ်ရှင်။ ကျွန်မတို့ ယဉ်ကျေးမှုဝန်ကြီးဌာနသည် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုး သားရေးစရိုက်လက္ခဏာများ မပျောက်ပျက်စေရေးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာ ရပ်များဖြစ်တဲ့ အဆိုပညာ၊ အက၊ အရေး၊ အတီး၊ ဇာတ်သဘင်၊ ပြဇာတ်၊ ယိမ်း၊ အငြိမ့်၊ ဇာတ်တော်ကြီး များ၊ တိုင်းရင်းသားရိုးရာအက နှင့် ဂီတများကို စဉ်ဆက်မပြတ်ဖော်ထုတ်ထိန်းသိမ်းပြီး တိုးတက်ပြန့်ပွား ရေးအတွက်ဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ဖျော်ဖြေရင်းမြှင့်တင်၊ မြှင့်တင်ရင်းထိန်းသိမ်း၊ ထိန်းသိမ်း ရင်းဖျော်ဖြေရေးလုပ်ငန်းများကို ပြည်တွင်းသာမက ပြည်ပသို့ပါ ထိုးဖောက်နေရာယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ ထို့သို့ဆောင်ရွက်လျက်ရှိရာတွင် မြန်မာ့သဘင်လောက၌ နေတစ်ဆူ၊ လတစ်ဆူပမာ ထင်ရှားခဲ့ကြတဲ့ အလင်္ကာကျော်စွာဦးရွှေမန်းတင်မောင်၊ ရွှေကျီးညို-ပဲခူးမြ၊ ဦးအောင်မောင်း-ပဲခူးမြတို့၏ ဇာတ်ထုပ်၊ ဇာတ်လမ်းများကို စဉ်ဆက်မပြတ်ဖော်ထုတ်လေ့ကျင့် လျက်ရှိပြီး၊ အလင်္ကာကျော်စွာ ဦးရွှေမန်းတင်မောင်၏ မဟာဗုဒ္ဓဝင်ဖွားတော်မူခန်းနှင့် ရွှေကျီးညို- ပဲခူးမြတို့၏ သဒ္ဓါသုမနဇာတ်တော်ကြီးများကို ၂၀၁၀ ခုနှစ်၊ နှစ်ကုန်ပိုင်းနှင့် ၂၀၁၁ ခုနှစ်၊ နှစ်ဆန်းပိုင်း တို့တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများပြည်သူများသို့ ကပြဖျော်ဖြေ ခဲ့ပါတယ်။ ထို့ပြင် အလင်္ကာကျော်စွာ ဦးရွှေမန်းတင်မောင်၏ မဟာဗုဒ္ဓဝင်တောထွက်ခန်း၊ လေးတော် တင်ခန်း၊ လက်ဝဲသုန္ဒရဇာတ်တော်ကြီးများနှင့် မောင်မှူးပြဇာတ်တို့ကိုလည်းကောင်း၊ အငြိမ့်ပွဲများ၊ ပဒေသာကပွဲများနှင့် အခြားဖျော်ဖြေရေးများကိုလည်းကောင်း ဖော်ထုတ်ပြီးစီစဉ်ထားရှိခြင်းဖြစ်ပါ တယ်ရှင်။ ဒါကြောင့်မို့လို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဆက်သွယ်ညှိနှိုင်းကမ်းလှမ်းလာမည် ဆိုလျှင် နေရာဒေသပေါ်မူတည်၍လည်းကောင်း၊ ဖျော်ဖြေတင်ဆက်မည့် အစီအစဉ်ပေါ်တည်၍ လည်းကောင်း ထိုက်သင့်သည့်နှုန်းထားများဖြင့် လှည့်လည်တင်ဆက်ဖျော်ဖြေမယ့် အစီအစဉ်များရှိ ပါကြောင်းဖြေကြားပါသည်။
