(ဆ)-ဓညဝတီခေတ် နန်းမြို့ရိုးတူးဖော်မှုနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ (၃၀-၉-၂၀၁၁)

မေးခွန်း မမေးခင် မေးခွန်းနဲ့ပတ်သက်တဲ့ ရခိုင်တိုင်းရင်းသားများရဲ့ သမိုင်းအကျဉ်းချုပ်နဲ့ ဓညဝတီခေတ်အကြောင်းကို အနည်းငယ်အကျဉ်းချုပ်၍ တင်ပြခွင့်ပြုစေလိုပါတယ်။ ဒါမှလည်း မေးခွန်းရဲ့မေးရတဲ့ အကြောင်းရင်း အနက်အဓိပ္ပါယ် ပြည့်စုံမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ကျော်လောက်က အိန္ဒိယနိုင်ငံမှာ မွန်ဂိုနဲ့အာရီယံမျိုးနွယ်တို့ဟာ အားပြိုင် နေရာယူပြီးတော့ ယဉ်ကျေးမှုထွန်းကားနေခဲ့ပါတယ်။ အဲဒီအချိန် ရခိုင်ပြည်မှာ မူရင်းတိုင်းရင်းသား များရှိနေသော်လည်း ယဉ်ကျေးမှုမထွန်းကားသေးဘဲ ကျောက်ခေတ်အဆင့်သာသာ ရှိနေပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ လောက်က အိန္ဒိယမှ အာရီယံအနွယ်ဝင် အဇ္ဇုနဘုရင်ဟာ သားတော် ဓမ္မသေနကို နန်းအပ်ပြီးတော့ တရားအားထုတ်ဖို့ တောထဲကို နန်းစွန့်ပြီးတော့ ထွက်လာခဲ့ပါတယ်။ အဲဒီအခါမှာ ယခု ကစ္စပနဒီမြစ်(ခ)ရခိုင်အခေါ် ကုလားတန် မြစ်ဖျား ပလက်ဝမြို့နားမှာ ရောက်လာပြီး အရိပ်ကောင်းတဲ့ ညောင်ပင်အောက်မှာတရားထိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီနားမှာ သက်လူမျိုးလို့ခေါ်တဲ့ ရခိုင်အုပ်စုတစ်စုရှိနေလို့ပါပဲ။ အဲဒီမှာ အစာရေစာလည်းရမယ်။ ရေလည်း ရမယ်။ အရိပ်အာဝါသလည်းရမှာ ဖြစ်ပါတယ်။ အဲဒီမှာ သက်လူမျိုးခေါင်းဆောင်ရဲ့သမီး ဣန္ဒာမာယု မင်းသမီးဟာ လူလတ်ပိုင်းအရွယ်ရှိရသေ့ကြီးကို အစာရေစာထောက်ပံ့ရင်းနဲ့ရသေ့ကြီးနဲ့ မေတ္တာမျှ သွားကြပါတယ်။ ရသေ့ကြီးလည်းလူဝတ်လဲပြီး လယ်သမားအဖြစ် လုပ်ကိုင်စားသောက်ရင်း သားငယ် တစ်ယောက်ထွန်းကားခဲ့ပါတယ်။ သူ့ကိုတော့ မာလာယုမင်းသားလို့ ခေါ်ကြပါတယ်။ မာလာယု မင်းသားဟာ သန်မာထွားကျိုင်းပြီး အဖေဘုရင်ဟောင်းသင်ပေးတဲ့ လေးအတတ်၊ မြှားအတတ်၊ အဋ္ဌာရသပညာကို သင်ကြားရင်းနဲ့ ကြီးပြင်းလာခဲ့ပါတယ်။ အဲဒီအချိန် မှာလူအများကို သတ်စားတဲ့ ဘီလူးအုပ်စုတစ်စုဟာ ဗြဟ္မဒီယာမြို့ကိုအုပ်ချုပ်တဲ့ ဘုရင်ကိုသတ်စား လိုက်ကြပါတယ်။ ရွာသားတွေ က ကြောက်လန့်ပြီးတော့ မာလာယုမင်းသားကို အကူအညီတောင်းကြပါတယ်။ မာလာယုမင်းသားဟာ တောထဲကို ထွက်သွားပြီးတော့ ဘီလူးကိုလိုက်ရှာပါတယ်။ တောထဲကထွက်လာတဲ့ ငစ္ဆဒါန်ဘီလူးကြီး က လူသားစားရပြီဆိုပြီးတော့ မာလာယုမင်းသားကို သစ်ကိုင်းနဲ့ရိုက်သတ်မယ်အလုပ်မှာ မာလာယု မင်းသားက လေးနဲ့ပစ်ပြီးတော့ ဘီလူးရန်ကို နှိမ်နင်းလိုက်ပါတယ်။ ဘီလူးကျဆုံးပြီးနောက် နေရာသစ် ရှာပြီးတော့ ပထမဓညဝတီခေတ်မင်းဆက်ကို စတင်ပြီးတော့ အုပ်ချုပ်ပါတယ်။ အဲဒီအချိန်ကစပြီးတော့ ရခိုင်အုပ်ချုပ်မှုယဉ်ကျေးမှုဟာ ရင့်ကျက်လာခဲ့ပါတယ်။ ဒါကြောင့် ရခိုင်အစမာလာယုမင်းကလို့ ဆိုကြပါတယ်။ ရခိုင်ကို ARAKASH လို့ခေါ်ကြပါတယ်။ အာရိယံအမျိုးအနွယ်ဖြစ်ပါတယ်။ ဗြိတိသျှ တို့က ARAKASH ကို ARAKAN လို့ရေးကြပါတယ်။ တစ်ဖန် ARAKASH ကနေပြီးတော့ RAKASH  ရခိုင်ဆိုပြီးတော့ ဖြစ်လာတယ်လို့ယူဆပါတယ်။ ဓညဝတီဆိုတဲ့စကားအဓိပ္ပာယ်ကလည်း ဆန်ရေစပါး ပေါများခြင်း၊ သီးနှံပေါများခြင်း၊ ပြည့်စုံခြင်းလို့အဓိပ္ပါယ်ရပါတယ်။ အဲဒီကအစ ပထမဓညဝတီခေတ် မင်းဆက်ဟာ မင်းဆက်ပေါင်း ၅၇ ဆက်၊ နှစ်ပေါင်း ၁၈၁၈နှစ် ထိကြာခဲ့ပါတယ်။ ဒါဟာ ပထမအကြိမ်၊ ဓညဝတီခေတ်အကြောင်းပါ။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒုတိယခေတ်မင်း၌ ဒုတိယ ဓညဝတီခေတ် မင်းငယ်ပျော်လှစည်သူဟာ အမတ်တွေပုန်ကန်လို့ ကွယ်လွန်သွားပါတယ်။ အမတ် တွေကလည်း အဆင့်ဆင့်ပုန်ကန်ရင်း သေဆုံးသွားပါတယ်။ ကျန်ရစ်တဲ့ မိဖုရားစောစစ်ဟာ သမီး နှစ်ယောက်နဲ့အတူ ကန်သုံးဆင့်မြို့လို့ခေါ်တဲ့ တစ်နေ့က ပလက်ဝမြို့နယ်ကိုယ်စားလှယ် ဦးပိုက်လင်း ၂၆ ရက်နေ့က တင်ပြခဲ့တဲ့ နီလာပန်းတောင်း၊ ကျောက်ပန်းတောင်းမြို့မှာ နေခဲ့ပါတယ်။ နောက်တော့ တကောင်းကလာတဲ့ စစ်ရှုံးပြီးတော့ထွက်လာတဲ့ ကံရာဇာကြီးမင်းသားကို နန်းအပ်ပြီးတော့ ဒုတိယ ဓညဝတီခေတ်ကို တည်ထောင်ခဲ့ကြပါတယ်။ ကံရာဇာကြီးမင်းကစ စန္ဒသူရိယမင်း၏ ခမည်းတော် သီရိရာဇာမင်းအထိ မင်းဆက်ပေါင်း ၂၈ ဆက်၊ နှစ်ပေါင်း ၉၂၉ နှစ်ထိ ကြာခဲ့ပါတယ်။ ဒါဟာ ဒုတိယ ဓညဝတီခေတ်အကြောင်းပါ။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တတိယဓညဝတီခေတ်ကိုတော့ သီရိရာဇာမင်း၏သားတော် စန္ဒသူရိယမင်း တည်ထောင်ခဲ့ပါတယ်။ စန္ဒသူရိယ ဆိုတာက လနဲ့နေလို့ အဓိပ္ပာယ်ရပါတယ်။ စန္ဒသူရိယမင်းဟာ အခု ဓညဝတီမြို့ပေါ်နေတဲ့ မဟာမြတ်မုနိရှိရာနေရာတစ်ဝိုက် မှာနန်းတော်တည်ခဲ့ပါတယ်။ ထို စန္ဒသူရိယမင်းဖိတ်ကြားချက်အရ သက္ကရာဇ် ၁၂၃ ခု၊ ဘီစီ ၅၅၄ ခုနှစ်မှာ မြတ်စွာဘုရားသက်တော် ၅၅ နှစ်၊ ဝါတော် ၂၀ ရချိန်မှာ မဇ္ဈိမဒေသမှရခိုင်သို့ ကြွလာခဲ့ပါတယ်။ ဘုရားရှင်နဲ့စန္ဒသူရိယမင်းဟာ ဘဝပေါင်းများစွာ တစ်ယောက်ကိုတစ်ယောက်လေးစားပြီး မိတ်ဆွေ ဖြစ်ခဲ့ကြတာလို့လည်း ဆိုပါတယ်။ ရဟန္တာ ၅၀၀ ဖြင့် ကောင်းကင်ပေါ်ကကြွလာပြီး ကျောက်တော်မြို့ အရှေ့ဘက် ကစ္စပနဒီမြစ်ကမ်းမှာရှိတဲ့ ကျောက်တော်တောင်မှာ ခဏနားပြီးတော့ ဓညဝတီမြို့ကို ရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ရခိုင်တိုင်းရင်းသားတို့ရဲ့ ဘာသာရဲ့ယဉ်ကျေးမှုဟာ အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။ မဟာမြတ်မုနိရုပ်ပွားတော်ကိုလည်း မြတ်စွာဘုရား၏ခွင့်ပြုချက်ဖြင့် ထုလုပ်ခဲ့ ပါတယ်။  အဲဒီနေရာဟာ ယခုလက်ရှိမဟာမြတ်မုနိဘုရား တည်ရှိရာကုန်းတော်ဖြစ်ပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဓညဝတီခေတ်ပြီးတော့ ရခိုင် ယဉ်ကျေးမှုထွန်းကားခဲ့ရာ ကုန်စည်ကူးသန်းအရှေ့တောင်အာရှတွင် ထင်ရှားခဲ့ရာဝေသာလီခေတ်ကို ရောက်ပါတယ်။ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးသွန်းလုပ်ပြီးတော့ နိုင်ငံရပ်ခြားများနဲ့ ကုန်သွယ်မှုပြုလုပ်ခဲ့ပါတယ်။ အဲဒီခေတ်မှာ ရခိုင်ပြည်ဟာ အင်္ဂလန်နိုင်ငံမှာ ထင်ရှားတဲ့ ကျူဒါမင်းဆက်၊ အိန္ဒိယမှာထင်ရှားတဲ့ မဂို မင်းဆက်၊ ထိုင်းနိုင်ငံမှာထင်ရှားတဲ့ အာယုဒယမင်းဆက်တို့နဲ့ ခေတ်ပြိုင်လို့ဆိုပါတယ်။ ထို့နောက် လေးမြို့ခေတ်၊ မြောက်ဦးခေတ် အဆက်ဆက်ကို တည်ထောင်ခဲ့ကြပါတယ်။ နောက်ဆုံး မြောက်ဦး ခေတ်ကို အုပ်ချုပ်သူကတော့ မြန်သတိုးအောင် (ခေါ်) မဟာသမ္မတရာဇာမင်း ဖြစ်ပါတယ်။ အဲဒီမင်း လက်ထက် မုန်တိုင်းဒဏ်၊ ငလျင်ဒဏ်ခံပြီးတော့ ရခိုင်တိုင်းရင်းသားတို့ အကြီးအကျယ်အင်အားချိနဲ့ခဲ့ ကြပါတယ်။ ပြည်မအမရပူရစစ်တပ်က လာတိုက်တဲ့အခါမှာ အလွယ်တကူနိုင်သွားပါတယ်။ မဟာ သမ္မတရာဇာမင်းကို ၁၇၈၅ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ ဖမ်းသွားကြပါတယ်။ ရခိုင်မင်းဆက်နိဂုံး ချုပ်သွားပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နောက်တော့ အင်္ဂလိပ်ခေတ်၊ လွတ်လပ်ရေးခေတ်၊ဖဆပလခေတ်၊ နိုင်ငံရေးခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့တာ အခုအချိန်ထိ ဆိုတာကို ကိုယ်စားလှယ်တော်များအသိဖြစ်ပါတယ်။ အဲဒီလို နှစ်ပေါင်းများစွာက တည်ထောင်ခဲ့တဲ့ ဓညဝတီခေတ်မြို့ဟာ ယခုအချိန်မှာတော့ လက်ရှိဘုရားကုန်းတော်ကနေပြီး ကျန်အဆောက်အဦ တွေဟာမြေကြီးထဲမှာ နစ်မြုပ်ပျောက်ကွယ်နေတာကို ဝမ်းနည်းစွာတွေ့မြင်ခဲ့ရပါတယ်။ ရခိုင် တိုင်းရင်းသားများအတွက်သာမက ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ ယဉ်ကျေးမှုတစ်ရပ်အနေနှင့် ရပ်တည်ခဲ့တဲ့ နေရာဟောင်းလည်းဖြစ်ပါတယ်။ အခု မြတ်စွာဘုရားရှင်တည်ရှိရာ ကုန်းတော်၏ တောင်ဘက်မှာ ကိုက် ၃၀၀ ခန့် ရှည်လျားတဲ့ မြို့ရိုးကြီးတစ်ခုပေါ်နေတာကို အခုထိတွေ့မြင်နေရဆဲရှိ ပါတယ်။ မတူးဖော်ဘဲထားရင် တိမ်ကောပျက်စီးသွားနိုင်ပါတယ်။ ဘုရင့်ခေတ်ကို တမ်းတလို့မဟုတ်ဘဲ ယဉ်ကျေးမှုတစ်ရပ်ကို ထိန်းသိမ်းတဲ့အနေနဲ့ အဲဒီမြို့ရိုးကိုတူးဖော်မယ်ဆိုရင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နဲ့ဆိုင်တဲ့ အဆောက်အဦများ၊ ပစ္စည်းများကို တွေ့မြင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီ ရခိုင်မြို့တော်နဲ့ပတ်သက်လို့ အသေးစိတ်ကိုတော့ ဆရာဦးထွန်းရွှေခိုင်ရေးတဲ့ ရှေးဟောင်းရခိုင် မြို့တော်ကဆိုတဲ့ စာအုပ်မှာ လေ့လာနိုင်ကြပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ သို့အတွက် ကျွန်တော်မေးလိုတဲ့ မေးခွန်းကတော့  နိုင်ငံတော်ယဉ်ကျေးမှုဌာနအနေဖြင့် ဓညဝတီခေတ်၊ နန်းမြို့ရိုးကိုတူးဖော်ပေးရန် အစီအစဉ်ရှိပါသလား။ ယခုအစီအစဉ်မရှိလျှင်လည်း နောင်တွင် ယဉ်ကျေးမှုထိန်းသိမ်းရေးကဏ္ဍတွင် မှတ်တမ်းတင်ထားရှိပါမည်လားဆိုသည်ကို မေးမြန်းပါသည်။


 

ဖြေကြားသူ
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်
အဖြေ

ယဉ်ကျေးမှုဝန်ကြီးဌာနသည်  မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ တူးဖော်သုတေသန ပြုခြင်းများအား နိုင်ငံတော်အဆင့်မူဝါဒများချမှတ်ပြီး နှစ်ရှည်နှင့်နှစ်စဉ်စီမံချက်များ စနစ်တကျ ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်များကို ပြုပြင်ထိန်းသိမ်းတဲ့အခါမှာ ဥပဒေ၊ နည်းဥပဒေများ၊ စည်းကမ်းသတ်မှတ်ချက်များ၊ သတိပေးတားမြစ်ချက်များထုတ်ပြန်ပြီး ပြည်သူလူထုကို အသိပညာပေးပြီး ထိန်းသိမ်းစောင့်ရှောက်‌ရေး၊ မူလရှေးမူလက်ရာမပျက်စေရေးတို့ကို ဂရုပြုပြီးတော့ အဆောက်အအုံပိုင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် အနုလက်ရာများဖြစ်တဲ့ နံရံဆေးရေးပန်းချီများ၊ အင်္ဂတေပန်းတော့များ၊ ကျောက်ပန်းတမော့များ၊ စဉ့်ကွင်း၊စဉ့်ချပ်များ၊ သစ်သားပန်းပုလက်ရာများစတဲ့ ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း အရှည်တည်တံ့ခိုင်မြဲစေဖို့အတွက် စနစ်တကျထိန်းသိမ်းစောင့် ရှောက်လျက်ရှိပါတယ်။ ပြုပြင်ထိန်းသိမ်းတဲ့အခါမှာ ပြည်တွင်းပြည်ပမှာ ရှေးဟောင်းအဆောက် အအုံနှင့်အနုလက်ရာများ ပြုပြင်ထိန်းသိမ်းရေး၊ ‌ခေတ်မီပညာရပ်များကို စနစ်တကျလေ့လာ သင်ကြား ခဲ့တဲ့ဌာနမှပညာရှင်များ Non-Profit Organization များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံ များရှိ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးပညာရှင်များနှင့်ပူးပေါင်းပြီး အကြံဉာဏ်များကိုရယူကာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ ‌ခေတ်ကာလ အရ တန်ဖိုးမြင့်မားခြင်း၊ သမိုင်းဆိုင်ရာအထောက်အထားများအရ အရေးပါခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ အဆင့်အတန်းမြင့်မားခြင်း၊ ဗိသုကာနှင့် အနုပညာလက်ရာများ ထူးခြားကောင်းမွန်ခြင်းဆိုတဲ့အချက် များအ‌ပေါ်မှာ စိစစ်အ‌ြခေပြုပြီးတော့ ဦးစားပေးအဆင့်များသတ်မှတ်ကာ နိုင်ငံတော်ရန်ပုံ‌ငွေ လျာထားတောင်းခံပြီး ပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက်လျက်ရှိပါတယ်။ ထို့သိုသောမူများနှင့် အညီ ဓညဝတီမြို့ဟောင်း တူးဖော်ထိန်းသိမ်းမှုကိုလည်း ဌာနမှစနစ်တကျ ဆောင်ရွက်ခဲ့ပါတယ်။ ရခိုင်ရာဇဝင်များမှာ ဖော်ပြထားတဲ့အတိုင်း ဒုတိယဓညဝတီရှိတယ်ဆိုတဲ့ နီလာပန်းတောင်း၊ ကျောက်ပန်းတောင်းဆိုတဲ့မြို့များမှာ ကျွန်မတို့ ၂၀၀၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်များက‌ ြမောက်ဦး ရှေးဟောင်း သုတေသနဌာနခွဲမှ နှစ်ကြိမ်တိုင်ကွင်းဆင်းလေ့လာ ရှာဖွေခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လို့ ခိုင်လုံတဲ့အ‌ထောက်အထားများကို မတွေ့ရှိခဲ့ရသေးပါဘူး။ ဒါကြောင့်မို့လို့ ဆက်လက်ပြီးတော့ တတိယဓညဝတီမြို့ဟောင်းတည်ရှိတဲ့ မဟာမြတ်မုနိဘုရားပတ်ဝန်းကျင်ကို ကောင်းကင်ဓာတ်ပုံ၊ ဂြိုလ်တုဓာတ်ပုံတို့မှ အသေးစိတ်လေ့လာခဲ့သလို ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်များမှာ မြေပြင်ပေါ်မှာ ကွင်းဆင်းလေ့လာခြင်းကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ဘီစီ ၅၈၀ မှာ စန္ဒသူရိယမင်း တည်ထောင် ခဲ့တဲ့ တတိယဓညဝတီမြို့ဟောင်းဟာ ကျောက်တော်မြို့နယ်မှာရှိတဲ့ မဟာမြတ်မုနိဘုရားကြီးအား ဗဟိုပြုပြီး မဝိုင်းတဝိုင်းမြို့ရိုးကျုံးများရှိကြောင်း လေ့လာတွေ့ရှိခဲ့သဖြင့် မြောက်ဦးရှေးဟောင်း သုတေသနဌာနခွဲက ဓညဝတီမြို့ဟောင်းတူးဖော်သုတေသနလုပ်ငန်းကို ၂၇-၇-၂၀၀၃ ခုနှစ်မှ ၂၉-၂-၂၀၀၄ ခုနှစ်အထိ နန်းမြို့ရိုးဝင်ပေါက် နန်းတော်ရာအပါအဝင် တူးဖော်မှုကုန်းလေးကုန်း၊ မြို့ဝင်ပေါက်များ အပြင်မြို့ရိုးနှင့် အတွင်းမြို့ရိုးနေရာများ၊ မြို့ထောင့်များအတွင်း နန်းတော်မာရဘင်အုတ်ရိုးတန်းများ အပါအဝင် စုစုပေါင်း ၁၃ နေရာကိုစမ်းသပ်တူးဖော် သုတေသနပြုခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဓညဝတီမြို့ဟောင်းဟာ မြို့ရိုးသုံးထပ်ရှိကြောင်း။ မြို့ရိုးသုံးထပ်လုံးကို အုတ်ဖြင့်တည်ဆောက်ထား ကြောင်း တွေ့ရှိခဲ့ရပါတယ်။ တူးဖော်သုတေသနပြုခဲ့သော ဓညဝတီမြို့ဟောင်းအရှေ့ဘက် နန်းမြို့ရိုး ဝင်ပေါက်ကို ဌာနမှတူးဖော်ပြီးစီးသည့် ၂၀၀၄ ခုနှစ်ကပင် မူလပုံသဏ္ဌာန်မပျက်ထိန်းသိမ်းရေး ဆောင်ရွက်ခဲ့ပြီးတော့ ဆိုင်းဘုတ်စိုက်ထူခြင်းကိုလည်း စနစ်တကျဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ နှစ်စဉ်လည်းထိန်းသိမ်းစောင့်ရှောက်ခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ဓညဝတီမြို့ဟောင်းရဲ့ အလယ်ခန့်မှာတည်ရှိတဲ့ မဟာမြတ်မုနိဘုရားပရဝဏ်အတွင်းမှာလည်း ပြတိုက်တစ်ခုကို ဖွင့်လှစ်ပြီး တော့ ပြသထားပြီး ဖြစ်ပါတယ်ရှင်။ ဓညဝတီမြို့ဟောင်းကို ဆက်လက်တူးဖော်သုတေသနလုပ်ရန်နှင့် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများဆက်လက်ဆောင်ရွက်ရန်လည်း အစီအစဉ်များရှိပါတယ်။ ဓညဝတီမြို့ ဟောင်းဟာ နိုင်ငံတော်က ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထိန်းသိမ်းလျက်ရှိတဲ့ နယ်မြေဒေသ ၃၇ ခုတွင် မပါဝင်သေးသဖြင့် ဓညဝတီမြို့ဟောင်းကို ယဉ်ကျေးမှုအမွေအနှစ်ဒေသ အဖြစ် သတ်မှတ်ထိန်းသိမ်းသွားရန် အစီအစဉ်ရှိပါတယ်ရှင်။ အဲလိုသတ်မှတ်ပြီးနောက်မှာ နိုင်ငံတော်မှ ကာကွယ်ထိန်းသိမ်းတဲ့ အဆင့်သုံးဆင့်အနက် သင့်မြတ်တဲ့အဆင့်ဖြင့် လိုအပ်သလိုခွဲခြားသတ်မှတ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဓညဝတီမြို့ဟောင်းအပြင် ဝေသာလီမြို့ဟောင်းနှင့် အခြားအလားတူ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သင့်သော ရှေးဟောင်းနေရာများကိုလည်း ယဉ်ကျေးမှုအမွေအနှစ် ဒေသများအဖြစ် သတ်မှတ်ပြီးတော့ နိုင်ငံတော်မှ တစ်ဆင့်ပြီးတစ်ဆင့် ကာကွယ်ထိန်းသိမ်းသွားရန် အစီအစဉ်ရှိပါကြောင်း‌ ဖြေကြားပါသည်။