(င)-လျှပ်စစ်မီးရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ (၃၀-၉-၂၀၁၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ဘက်စုံခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အစိုးရ အနေနဲ့ နေ့မအား၊ ညမနား အစွမ်းကုန်ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိပါသဖြင့် များစွာ ဝမ်းသာအားရလျက်ရှိပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ရာ တောင်ပေါ် မြေပြန့်တစ်ပြေးညီ တိုးတက်စေရန်လိုအပ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်လိုအပ် သလိုလျှပ်စစ်စွမ်းအင် လုံလောက်စွာရရှိရေးမှာလည်း အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။ လျှပ်စစ် စွမ်းအင်လုံလောက်စွာရရှိမှသာ ခေတ်နဲ့အညီပညာရေး၊ ကျန်းမာရေး၊ စီပွားရေးနဲ့ စက်မှုကုန်ထုတ် လုပ်မှုများတိုးတက်လာပြီး လူနေမှုအဆင်‌့အတန်းမြင့်မား လာနိုင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ပူတာအိုခရိုင်သည် ရေအားလျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်သည့် သဘာဝမြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပါတယ်။ ဤကဲ့သို့ အခြေခံကောင်းများရှိသော်လည်း ယနေ့ထက်ထိ လျှပ်စစ်မီး လုံလောက်စွာရရှိမှုမရှိပါ။ ၁၉၈၇ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည့် နမ္မတူချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် သက်တမ်းအားဖြင့် ၂၄ နှစ်ခန့်ရှိပြီး စက်ရုံအမျိုးအစား  မှာလည်း ဂတ်ပလာ ရေအားတာပိုင်စနစ်ဖြင့် တည်ဆောက်ထား၍ရရှိသည့်ဓာတ်အားမှာ ၂၀၀ ကေဗွီ၊ အနည်းဆုံး ၁၄၀ ကေဗွီသာထွက်ရှိပါတယ်။ ရှေးကျသည့်စနစ်ဖြင့် တည်ဆောက်ထားတဲ့စက်ရုံဖြစ်ပါ သောကြောင့် မကြာခဏပျက်လေ့ရှိပါတယ်။ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိလာပါက အစားထိုးပစ္စည်း ရရှိရန်အင်မတန်ခက်ခဲမှုရှိပါတယ်။ ယခုဓာတ်အားပေးနေမှု အခြေအနေမှာ အခြေချစစ်ဗျူဟာ  အမှတ် ၄၆ တပ်ရင်း၊ GE တပ်နဲ့ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ လေဆိပ်အဆောက်အအုံများ တို့ကိုသာပေးလျက်ရှိပြီး ပြည်သူများအနေဖြင့် လျှပ်စစ်မီးလုံးဝမရရှိပါ။ ပူတာအိုမြို့သည် ခရိုင်မြို့ဖြစ် ပြီးမြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၄ ခုနဲ့ဖွဲ့စည်း တည်ဆောက်ထားတဲ့မြို့ဖြစ်ပါတယ်။ မြို့ပေါ်တွင် အထက်တန်းကျောင်းနှစ်ကျောင်း၊ နည်းပညာအထက်တန်းကျောင်းတစ်ကျောင်း၊ နတလ အစီအစဉ်ဖြင့် ဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်းတစ်ကျောင်းနှင့် အလယ်တန်းကျောင်းတစ် ကျောင်း၊ မူလတန်းကျောင်း ၁၀ ကျောင်းရှိပါတယ်။ ပညာသင်ယူလျက်ရှိတဲ့ ကျောင်းသူ၊ ကျောင်းသား များသည် အချိန်နှင့်တစ်ပြေးညီ ကျောင်းစာများရေးရန်၊ ဖတ်ရန်လိုအပ်ပါတယ်။ မိဘပြည်သူများအနေ နဲ့အားလပ်တဲ့အချိန်မှာ နိုင်ငံတော်အစိုးရရဲ့ တိုင်းပြည်တိုးတက်ရေး ဆောင်ရွက်နေမှုသတင်းများ၊ ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့အခြေအနေများ၊ နိုင်ငံတကာသတင်းများ ကြည့်ရှုနိုင်ရန် လျှပ်စစ်မီးရရှိ ရန်အင်မတန်လိုအပ်ပါတယ်။ လျှပ်စစ်မီးမရရှိပါက ပညာရေးအတွေးအခေါ် အမြော်အမြင်ဗဟုသုတ  နှင့်လူမှုဖွံ့ဖြိုးမှုများစွာ နိမ့်ကျလျက်ရှိနေကြအုံးမှာ ဖြစ်ပါတယ်။

          သို့ဖြစ်ပါ၍ ပူတာအိုမြို့ လျှပ်စစ်မီးလုံလောက်စွာရရှိနိုင်ရန် နိုင်ငံတော်အစိုးရမှ အသေးစား ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ဆောင်ရွက်ပေးနိုင်ပါရန်  တင်ပြလိုပါတယ်။ အကယ်၍ တည်ဆောက်ပေးမည်ဆိုပါက လက်ရှိစက်ရုံ၏အထက် တစ်မိုင်ခန့်တွင် ယခင်တိုင်းထွာထားသည့် နေရာကောင်းတစ်နေရာရှိပါတယ်။ အဲဒီနေရာမှာ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ဆောင်ရွက် ပေးနိုင်ပါက လျှပ်စစ်ဓာတ်အားသာမက ပူတာအိုလွင်ပြင်တစ်ခုလုံး စိုက်ပျိုးရေရရှိနိုင်မည်ဖြစ်ကြောင်း တင်ပြလိုပါတယ်။ အသေးစားစက်ရုံ တည်ဆောက်ပေးမည်ဆိုပါက ကုန်ကျစရိတ်သက်သာမည်ဖြစ် သည့်အပြင် လုပ်ငန်းပြီးစီးမှု မြန်ဆန်နိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုပါတယ်။ ထို့ကြောင့် ပူတာအိုမြို့ လျှပ်စစ်မီးရရှိရေး နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိနှင့် ရှိပါက မည်သည်‌့ အချိန်တွင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မဆောင်ရွက်ပေးနိုင်ပါက မည်သည်‌့အကြောင်းကြောင့် မဆောင်ရွက်ပေးနိုင်ကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
အဖြေ

လက်ရှိပူတာအိုမြို့မှာ အမှတ်(၂)လျှပ်စစ် စွမ်းအားဝန်ကြီးဌာနကနေပြီးတော့ နမ့်ထွမ်ချောင်းရေအားလျှပ်စစ်စက်ရုံကို ၁၀၀ ကီလိုဝပ် စက်နှစ်လုံး၊ ဘူးခါးကုမ္ပဏီပိုင် ၇၅ ကီလိုဝပ်စက်နှစ်လုံး၊ ဌာနပိုင် ၆၅ ကေဗွီအေမီးစက်များဖြင့် ဓာတ်အား ပေးထားပါတယ်။ ပူတာအိုမှာ  ရပ်ကွက် ၁၀ ခုရှိတဲ့အနက် ရပ်ကွက်ပေါင်းရှစ်ရပ်ကွက်ဟာ လက်ရှိ ဓာတ်အားလိုင်းများ တည်ဆောက်ထားရှိမှုနဲ့ ဓာတ်အားထုတ်လုပ်မှုအပေါ်မူတည်ပြီး အချိန်ပိုင်း အလိုက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ နမ့်ထွမ်ချောင်းရေအားလျှပ်စစ်စက်ရုံမှ ၁၀၀ ကီလိုဝပ်စက်နှစ်လုံး တပ်ဆင်အား ၂၀၀ ကီလိုဝပ် တပ်ဆင်ပြီး နံနက် ၆ နာရီမှ ၁၁ နာရီတစ်ကြိမ်၊     ည ၅ နာရီမှ ၁၁ နာရီတစ်ကြိမ် တစ်ရက် ၁၁ နာရီ ဓာတ်အားထုတ်လုပ်ပေးပြီးတော့ မီးသုံးစွဲသူ ၈၅၃ ဦးကို ဓာတ်အားပေးထားပါတယ်။ ဓာတ်အားသုံးစွဲမှုများတဲ့ ညနေ ၆ နာရီမှ ၁၀ နာရီအထိ ၄ နာရီ ရေအားလျှပ်စစ်အကူနဲ့ ၆၅ ကေဗွီအေ ဒီဇယ်စက်နဲ့ပေါင်းပြီး ပူတာအိုမြို့ကို ဓာတ်အားပေးထား ပါတယ်။ ဘူးခါးကုမ္ပဏီရဲ့ ၇၅ ကီလိုဝပ် ရေအားလျှပ်စစ်နှစ်လုံးဖြင့် ဒုတ္တန်ရပ်ကွက်မှ မီးသုံးစွဲသူ ၁၃၅ ဦး ကိုလည်း ဓာတ်အားပေးထားတာတွေ့ရပါတယ်။ ပူတာအိုမြို့ပေါ်မှာရှိတဲ့ရပ်ကွက်မှာ လျှပ်စစ်ဓာတ်အား ကောင်းစွာ အသုံးပြုနိုင်ရေးအတွက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း System Improvement လုပ်ငန်းများအနေနဲ့ ဗို့အားကျဆင်းနေတဲ့ ပန်းလိုင်နဲ့ဟိုခိုရပ်ကွက်မှာ ၁၀၀ ကေဗွီအေထရန်စဖော်မာ တစ်လုံးနဲ့ဓာတ်အားလိုင်းတည်ဆောက်ခြင်း၊ လုံးစွတ်ရပ်ကွက်၊ လေယာဉ်ကွင်းရပ်ကွက်မှာ ၁၆၀ ကေဗွီအေထရန်စဖော်မာတစ်လုံးနဲ့ ဓာတ်အားလိုင်းများတည်ဆောက်ခြင်းနဲ့ ၃၀၀ ကေဗွီအေမီးစက်အသစ် တစ်လုံးတည်ဆောက်ခြင်းလုပ်ငန်းများကိုလာ မည့်ဘတ်ဂျက်မှာ ဘဏ္ဍာရေးနှစ်မှာ ဆက်လက်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။ ဘူးခါးကုမ္ပဏီရဲ့ရေအားလျှပ်စစ် ၇၅ ကီလိုဝပ်ဟာလည်း ပိုလျှံတဲ့ဓာတ်အား ကို လေယာဉ်ကွင်းရပ်ကွက်နဲ့ လုံးစွတ်ရပ်ကွက်များကို ပေးနိုင်အောင်လည်း ညှိနှိုင်းဆောင်ရွက် ထားပြီးဖြစ်ပါတယ်။ လက်ရှိလျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေတဲ့ နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ အထက်တစ်မိုင်အကွာမှာ ပူတာအိုမြို့မှ ၁၀ မိုင်ခန့်အကွာမှာ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလအတွင်း လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ရေလှောင်တမံနဲ့ရေအားလျှပ်စစ် ထုတ်လုပ် နိုင်ရေးအတွက် လိုအပ်သောတိုင်းတာမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။ ‌ြမေပြင်စူးစမ်း လေ့လာမှုများ ဆောင်ရွက်ပြီးဖြစ်သော်လည်း ဇလဗေဒဆိုင်ရာစူးစမ်းလေ့လာမှုနဲ့ ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုတို့ကို ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရှိရပါတယ်။ စူးစမ်းလေ့လာမှုများမှရရှိတဲ့ အချက်အလက်များကို အ‌ြခေခံ၍ ဖြစ်‌ြမောက်နိုင်စွမ်းရှိပါက နိုင်ငံတော်သို့ ရန်ပုံငွေတင်ပြတောင်းခံ သွားပြီး ဦးစားပေးအလိုက် လုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ ရေလှောင်တမံနဲ့ အသေးစားရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်လာပါက ပူတာအို မြို့တွင် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးလာနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေဖြင့် နှစ်စဉ်ရရှိသည့် ဘဏ္ဍာငွေ ရန်ပုံငွေအပေါ်မူတည်ပြီးတော့ ဆောင်ရွက်သင့်သည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ပြောကြားရင်း ‌ဖြေကြားပါသည်။