(က) ကော့ကရိတ်မြို့နယ် မင်းရွာကျေးရွာ တွင် ပြည်သူ့စစ်စခန်း ဆောက်လုပ် ရန်နှင့် နေအိမ်ကိုဖျက်သိမ်း စွန့်ခွာပြီး အနစ်နာခံခဲ့သော ဦးမောင်အေး၏ အိမ်မြေနေရာအား ပြန်လည်ပေးအပ်ရန် တို့နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၄.၃.၂၀၁၃)

 

၁၉၇၆ ခုနှစ်ခန့်က ကျေးရွာလုံခြုံရေးအတွက် ပြည်သူ့စစ်စခန်းဆောက်လုပ်ဖို့ အကြောင်းပြချက်ဖြင့် ကျေးရွာပြည်သူ့ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျေးရွာနေ ဦးမောင်အေး၊ ဒေါ်တင်ရီ၊ ဒေါ်အုန်းရီ တို့ပိုင်ဆိုင်တဲ့ အိမ်နေရာကို ခေတ္တတောင်းခံခဲ့ပါတယ်။ အဆိုပါမြေနေရာကို ကျေးရွာလုံခြုံရေးအတွက် ပိုင်ရှင်များက ပေးအပ်ခဲ့ပြီး တစ်ရွာထဲနေ အခြားသူတစ်ဦး၏ နေအိမ်အတွင်း ခွင့်ပြုချက်တောင်းခံ လျက် ပြောင်းရွှေ့နေထိုင်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါတယ်။ ယခုအခါ ကရင်ပြည်နယ်တွင် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှု ရရှိလာပြီဖြစ်တဲ့အတွက် ကျေးရွာရှိတည်ဆောက်ထားတဲ့ ပြည်သူ့စစ်စခန်း မြေနေရာ ၅ ခုရှိသည့်အနက် ၄ ခုကို သက်ဆိုင်ရာပိုင်ရှင်များထံ ပြန်လည်အပ်နှံခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။ သို့အတွက် ကျန်ရှိသည့် ပြည်သူ့စစ်စခန်းမြေနေရာပိုင်ရှင်များဖြစ်ကြတဲ့ ဦးမောင်အေးမိသားစုမှ တာဝန်ရှိသူများထံသို့ ခေတ္တယူခဲ့တဲ့မြေနေရာကို ပြန်လည်ပေးအပ်ရန် တင်ပြ တောင်းခံခဲ့ပါတယ်။ သို့ရာတွင် နှစ်ဖက်ညှိနှိုင်းခဲ့ကြသော်လည်း ပြေလည်မှုမရရှိသဖြင့် ကျွန်မ ကိုယ်တိုင် မြို့နယ်၊ ခရိုင်နှင့် တပ်ရင်းတပ်ဖွဲ့များထံသို့ တင်ပြခဲ့ပါတယ်။

သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူများက အဆိုပါ မြေနေရာကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ဖို့ ညွှန်ကြားခဲ့သော်လည်း ကျေးရွာတာဝန်ရှိသူ အုပ်ချုပ်ရေးမှူးက ပိုင်ရှင်များအား မူလနေရာကို ရရှိလိုပါက လက်ရှိဆောက်လုပ်ထားတဲ့ ပြည်သူ့ စစ်ရုံးအဆောက်အဦနှင့် မီးသတ်ရုံးများကို စရိတ်ကျခံပြောင်းရွှေ့ပေးရမယ်လို့ ပြောဆိုလာသည့်အတွက် ယနေ့တိုင်မပြီးပြတ်နိုင်သေးဘဲ ဖြစ်နေပါတယ်။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ကျေးရွာလုံခြုံရေးအတွက် ၃၆ နှစ်တိုင်တိုင် နေအိမ်ကို ဖျက်သိမ်းစွန့်ခွာပြီး အနစ်နာခံခဲ့တဲ့ ဦးမောင်အေးတို့၏ မိသားစုဘဝကို နားလည်ခံစားမှုပေးနိုင်ပါသလား။ သက်ဆိုင်ရာ တာဝန်ရှိ တပ်ရင်းတပ်ဖွဲ့မှ ပြန်လည်ပေးအပ်ရန် ညွှန်ကြားခဲ့သော်လည်း ကျေးရွာရှိ တာဝန်ရှိသူ အုပ်ချုပ်ရေးမှူးက ထင်ရာလုပ်နေသည်ကို သိရှိပါသလား။ ညွှန်ကြားချက်ကို လိုက်နာမှု မရှိသည့် တာဝန်ရှိသူအပေါ် မည်သို့အရေးယူပါမည်လဲ။ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုရရှိ လာပြီဖြစ်သဖြင့် ဦးမောင်အေးမိသားစု၏ အိမ်မြေနေရာကို ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ၊ မရှိ။ ပြန်လည်ပေးအပ် နိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်ရသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မင်းရွာကျေးရွာတွင် ပြည်သူ့စစ်စခန်းဆောက်လုပ်ရန်နှင့် ကျေးရွာလုံခြုံရေးအတွက် ၃၆ နှစ်တိုင်တိုင် နေအိမ်ကို ဖျက်သိမ်းစွန့်ခွာခဲ့ပြီး အနစ်နာခံခဲ့သည့် ဦးမောင်အေးတို့၏ မိသားစုဘဝကို နားလည်ခံစား မှုပေးနိုင်ပါသလား။ (ခ) သက်ဆိုင်ရာတာဝန်ရှိ တပ်ရင်းတပ်ဖွဲ့များမှ ပြန်လည်ပေးအပ်ရန် ညွှန်ကြားခဲ့သော်လည်းပဲ ကျေးရွာရှိ တာဝန်ရှိသူ အုပ်ချုပ်ရေးမှူးက ထင်ရာလုပ်နေသည်ကို သိရှိပါ သလား။ မည်သို့ အရေးယူပါမည်နည်း။ (ဂ)ဒေသတွင် တည်ငြိမ်အေးချမ်းမှုရရှိလာပြီ ဖြစ်သဖြင့် ယင်းအိမ်မြေနေရာကို ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းများပဲ ဖြစ်ပါတယ်။ မွန်ပြည်နယ်၊ ကျိုက်မရောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိယဉ်ချမ်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ အပိုဒ်(က) အနေနဲ့ တင်ပြရမယ်ဆိုရင် အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီးတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်း ဦးစီးမှူး ဗိုလ်မှူးကြီး ဦးစီးအဖွဲ့နှင့် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မင်းရွာကျေးရွာသို့ သွားရောက်မေးမြန်းစိစစ်ခဲ့ရာမှာ မေးခွန်းပါမြေနေရာဟာ တပ်ပိုင်မြေနှင့်ပတ်သက်မှုမရှိဘဲ ပြည်သူ့ စစ်စခန်းဆောက်လုပ်ထားသော မြေနေရာဖြစ်ပြီး ယခင်အုပ်ချုပ်ရေးမှူး ဦးမင်းငွေထွန်း အနားယူပြီး တဲ့နောက် ယခုအခါမှာ အုပ်ချုပ်ရေးမှူးအသစ်ဖြစ်သော ဦးမင်းဟန်ပိုက ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်လျက်ရှိရာ ကျေးရွာမြေယာစီမံခန့်ခွဲမှုကော်မတီဝင် ၅ဦး၊ ရပ်မိရပ်ဖကျေးရွာကော်မတီဝင် ၅ ဦးအဖွဲ့အား တရားဝင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ကျေးရွာပြည်သူလူထုများနှင့် မြေနေရာကိစ္စများအား ညှိနှိုင်းခဲ့ကြပြီး မူလပိုင်ရှင်များသို့ ပြန်လည်ပေးအပ်သွားရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြရာ ကန့်ကွက်သူများမရှိခဲ့ပါဘူး။ အပိုဒ်(ခ)အနေနဲ့ ထပ်မံပြီးတော့ တင်ပြရမယ်ဆိုရင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာပဲ မင်းရွာကျေးရွာမှာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်း၊ မြို့နယ်မြေစာရင်းမှူး ဦးသိန်းဦး၊ ကျေးရွာမြေယာ စီမံခန့်ခွဲမှုကော်မတီဝင် ၅ ဦးဖြစ်တဲ့ ဦးမင်းဟန်ပို(ဥက္ကဋ္ဌ)၊ ဦးဖြိုးဇော်သိန်း(မြေတိုင်းစာရေး) (အတွင်းရေးမှူး)၊ ဦးမင်းကိုငယ် (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)(အဖွဲ့ဝင်)၊ ဦးမင်းတင်ထွန်း (တောင်သူလယ်သမားကိုယ်စားလှယ်)(အဖွဲ့ဝင်)၊ ဦးနိုင်ခဲ (ကျေးရွာရပ်မိရပ်ဖကိုယ်စားလှယ်) (အဖွဲ့ဝင်)၊ ကျေးရွာရပ်မိရပ်ဖကော်မတီဝင် ၅ ဦးဖြစ်ကြတဲ့ ဦးရွှေထူး၊ ဦးအေးလွင်၊ ဦးအောင်စိုး၊ ဦးလှဆောင်၊ ဦးနိုင်ခဲတို့နှင့်အတူ ကျေးရွာပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၊ ကျေးရွာပြည်သူလူထုများ နှင့် မြေပိုင်ရှင်မိသားစုများ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ကျွန်တော် အပိုဒ်(က)နှင့် (ခ)ပါတင်ပြချက်များအရ၊ တွေ့ဆုံညှိနှိုင်းချက်များအရ ပြည်သူ့စစ်စခန်းမြေနေရာ ကွင်းအမှတ် ၂၆၄၊ ဦးပိုင်အမှတ် ၁၇၆-က၊ ဧရိယာ ၅.၇ ဧကအနက် ဧရိယာ ၁.၀၂ ဧကအားမူလမြေပိုင်ရှင်ဖြစ်သော ဦးမောင်အေးထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရန် ကန့်ကွက်သူမရှိဆုံးဖြတ်ခဲ့ကြပါကြောင်းနှင့် ဆုံးဖြတ်ချက်အရ ၎င်းမြေနေရာ ၁.၀၂ ဧကအား မူလ မြေပိုင်ရှင်၏ လက်ဝယ်ထံ ပြန်လည်ရောက်ရှိရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ ဆက်လက်တင်ပြဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။