(ခ)-လှာကာ(ဖားပု)-သထုံ မီးရထား လမ်းဖောက်လုပ်ရာတွင် ပိုမိုသိမ်းယူထားသော လယ်မြေများအား နစ်နာသော လယ်ပိုင်ရှင်ထံသို့ ပြန်လည် ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၄.၁.၂၀၁၃)

၁၉၉၄ ခုနှစ်တုန်းက ဘားအံမြို့နယ် သံလွင်မြစ်ရဲ့အနောက်ဘက်ခြမ်း လှာကာ(ဖားပု)နဲ့ သထုံမီးရထားလမ်းကို ဖောက်လုပ်ပြီး မီးရထား ပြေးဆွဲခဲ့ပါတယ်ရှင်။ ၁၉၉၇ ခုနှစ် သံလွင်တံတားဖွင့်ပြီးတဲ့နောက်ပိုင်းမှာ မီးရထားပြေးဆွဲမှုမရှိ တော့ဘဲနဲ့ ရထားလမ်းဘေးဝဲယာမှာရှိတဲ့ သိမ်းယူထားတဲ့ လယ်မြေအပေါ်မှာ မြေကွက်များကိုချပြီး တော့ အိမ်များဆောက်လုပ်နေထိုင်ကြပါတယ်။ မည်သူ့ရဲ့ခွင့်ပြုချက်ဖြင့် နေထိုင်ကြသည်ကို မသိရ သော်လည်းပဲ ထိုမြေများကိုပိုင်ဆိုင်တဲ့ မူလပိုင်ရှင်လယ်သမားများဟာ အကျိုးခံစားခွင့်တစ်စုံတစ်ရာ မရရှိခဲ့ပါ။ သို့ဖြစ်ပါ၍ မီးရထားပြေးဆွဲရန် အစီအစဉ်မရှိတော့ပါက ပိုမိုသိမ်းယူထားသော လယ်မြေ များကို မူလပိုင်ရှင်လယ်သမားများကို ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းရခြင်းဖြစ်ပါသည်။


 

အဖြေ

လှာကာ-မြိုင်ကလေး-ဒူးရင်းဆိပ်-သထုံလမ်းပိုင်း ၂၃.၂၅ မိုင်အနက် မြိုင်ကလး-သထုံ ၂၀.၁၂ မိုင်မှာတော့ ယခုအချိန်အထိ ကုန်ရထား များပြေးဆွဲလျက်ရှိကြောင်းတင်ပြအပ်ပါတယ်။ လှာကာ-မြိုင်ကလေး လမ်းပိုင်းမှာတော့ နေထိုင်သူများ က ဘားအံဘက်ကိုသာ သွားလေ့ရှိတဲ့အတွက် ဘားအံသို့ရောက်တဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ထော်လာဂျီတို့ကိုသာ အသုံးပြုကြတဲ့အတွက် ရထားစီးခရီးသည်နည်းပါးမှုကြောင့် ၂၀၀၉ ခုနစ် နောက်ပိုင်း လှာကာ-မြိုင်ကလေးအကြား ရထားပြေးဆွဲမှုမရှိခဲ့ကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။ သို့သော်လည်း နောင်တစ်ချိန် ကရင်ပြည်နယ်ရဲ့  စီးပွားရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခြေအနေ ပြောင်းလဲလာပါက လှာကာ-မြိုင်ကလေး-သထုံ ရထားကိုပြန်လည်ပြေးဆွဲပေးရမှာ ဖြစ်တဲ့ အတွက်ကြောင့် ၁၉၉၄ ခုနှစ်က သိမ်းယူထားပြီးဖြစ်တဲ့  ရထားမြေများကို ပြန်လည်ပေးအပ်ရန် အစီအစဉ်မရှိပါကြောင်းတင်ပြအပ်ပါတယ်။ ရထားမြေမှာ ကျူးကျော်နေထိုင်နေတဲ့တဲအိမ်များကိစ္စနှင့် ပတ်သက်ပြီးတော့ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။ စစ်ဆေးချက်အရ လှာကာဘူတာရပ်ဝင်းအတွင်းမှာ တဲအိမ်များရှိနေကြောင်းတွေ့ရတဲ့အတွက် တည်ဆဲဥပဒေများနှင့်အညီ ဖယ်ရှားရှင်းလင်းရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။

          ဒေါ်နန်းစေအွာ(ဘားအံမဲဆန္ဒနယ်)။       ။ နစ်နာဆုံးရှုံးသွားတဲ့ လယ်သမားများကို လယ်မြေများ ပြန်လည်ပေးအပ်ခြင်းမရှိပါက လယ်မြေများကို ကာလပေါက်ဈေးဖြင့် ပြန်လည် လျော်ပေးစေလိုပါတယ်ရှင်။

          ဦးချန်မောင်(ဒုတိယဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန)။                 ။  ကျွန်တော်တို့ မြန်မာ့ မီးရထားအနေနဲ့ ရှေးယခင်က မြေသိမ်းဆည်းခဲ့တာရှိပါတယ်။ အချို့လည်း မြေလျော်ကြေးပေးအပ်ခဲ့ ပါတယ်။ အခုတင်ပြတဲ့မီးရထားလမ်းနှင့်ပတ်သက်ပြီးတော့ ယခင်က မြေလျော်ကြေးပေးလျော်ခဲ့ခြင်း မရှိတာ စစ်ဆေး တွေ့ရှိရပါတယ်။ အဲ့ဒီအတွက်မြေလျော်ကြေးပေးနိုင်ရေးကို ကျွန်တော်တို့ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းစိစစ်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ရှင်းလင်းဖြေကြားပါသည်။

          ဥက္ကဋ္ဌ။           ။ ဒုတိယဝန်ကြီးဖြေတာ ရှင်းပါတယ်။ ကောင်းပါတယ်။ ဘာပဲလုပ်လုပ် ကျွန်တော်တို့က Term နဲ့ Condition ကလိုပါတယ်။ ဆက်လက်ဆောင်ရွက်သွားပေးမှာဆိုတဲ့အတွက် မေးတဲ့မေးခွန်းရှင်ရော လယ်သိမ်းခံရတဲ့လယ်သမားများ၊ ပြည်သူများဟာ ဝမ်းမြောက်ဝမ်းသာဖြစ်ကြ ပါတယ်။ သို့ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး မြေလျော်ကြေးပေးဖို့ဆိုတဲ့နေရာမှာ အချိန်ကာလသတ်မှတ်ပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုရင် ပိုပြီးတော့သင့်ပါတယ်။ ဒါကြောင့်မို့လို့ အခု ဒီမှာ ဖြေစရာမလိုသေးပါဘူး။ ပြန်ညှိပါ။ ညှိပြီးတဲ့အခါမှာ အခု တင်ပြချက်နဲ့ပတ်သက်ပြီးတော့ မြေသိမ်းခံရတဲ့လယ်သမားများကို ဘယ်ကာလအပြီး ပြန်လည်လျော်ကြေးပေးနိုင်ရေးအတွက်ဆိုတဲ့ အဖြေထပ်လိုချင်ပါတယ်။